မြန်မာ ရုပ်ရှင်လောက၏ မျက်နှာဖုံး အဖြစ် အများက သတ်မှတ်ထားကြသည့် ရုပ်ရှင် သရုပ်ဆောင် ဇင်ဝိုင်းသည် ယခုအခါ အိမ်ပြင်သို့ မထွက်ချင်တော့သည့် အဖြစ် ရောက်နေရသည်။
မြန်မာ စစ်အုပ်စုအား အပြင်းအထန် ဝေဖန် ရှုတ်ချခဲ့မှု ကြောင့် နှစ်ကြိမ်တိုင် အကျဉ်းချ ခံခဲ့ရသော ဇင်ဝိုင်းသည် ၂၀၂၂ တွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့သည်။
ဇွန်လ တွင်တော့ စစ်အုပ်စုသည် မြန်မာ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ အဖြစ် နှစ်ကြိမ်တိုင် တာဝန် ထမ်းဆောင်ခဲ့သူ ဇင်ဝိုင်းအား နိုင်ငံသား အဖြစ်မှ ရုပ်သိမ်းလိုက်၍ နိုင်ငံမဲ့ဘဝ ရောက်ရှိသွားခဲ့သည်။
ထိုင်းနိုင်ငံတွင် ဥပဒေကြောင်းအရ ဆက်လက်နေထိုင်ခွင့် မရှိ ဖြစ်လာ၍ မှတ်မိသူများက ထိုင်း အာဏာပိုင်များထံ သတင်းပေးမည်ကို စိုးရိမ်လာရပြီ ဖြစ်သည်။
ပတ်ဝန်းကျင်တွင် မြန်မာများက များသထက် များလာနေ၍ ဘယ်သူ ဘယ်ဝါ ဆိုသည်ကို မခွဲခြား နိုင်တော့၊ မသွားမဖြစ်မှသာ အပြင်ထွက်သည်၊ အိမ်မှာ နေလျင်ပင် လုံခြုံမှု မရှိတော့ဟု ဩစတေးလျ ABC ရုပ်သံသို့ ပြောပြခဲ့သည်။
စစ်အုပ်စု ၏ လက်ချက်ကြောင့် အတိုက်အခံ နိုင်ငံရေး သမားများ၊ လှုပ်ရှားတက်ကြွသူများ၊ ဝေဖန်သူ ပေါင်းများစွာ နိုင်ငံမဲ့ ဘဝ ရောက်ကုန်ကြသည်။
နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ မှ မြန်မာအရေး တာဝန်ခံ ရစ်ချတ် ဟောဆီးက ထိုသို့ ပစ်မှတ်ထားခံရသူများသည် ပြည်ပတွင် နေ နေကြရပြီး တတိယ နိုင်ငံတနိုင်ငံ၏ နိုင်ငံကူး လက်မှတ် ဖြင့် ခရီးသွားလာနေကြရသည် ဟု ဆိုသည်။
ဇွန်လ အတွင်းတွင် ဇင်ဝိုင်း အပါအဝင် ထင်ရှားသော အဆိုတော်၊ အနုပညာရှင် စုစုပေါင်း ၁၃ ဦး သည် နိုင်ငံသား အဖြစ်မှ ရုပ်သိမ်းခံခဲ့ရသည်။
ဇင်ဝိုင်းသည် ၂၀၂၁ အာဏာသိမ်းပြီးချိန်တွင် ဒုတိယ အကြိမ် ဖမ်းဆီးခံခဲ့ရပြီး၊ နောက်တကြိမ် ဆန္ဒမပြပါဟု ခံဝန်ချက်ဖြင့် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသည်။ သို့သော် စစ်အုပ်စု မှ သားဖြစ်သူ မင်းမော်ကွန်း ၏ ဆန့်ကျင်လှုပ်ရှားနေမှု များကြောင့် အမြဲလို အနှောက်အယှက် ပေးလာနေသည့် အပြင် အန္တရာယ် ပေးရန် ခြိမ်းခြောက်လာ၍ ဇနီးဖြစ်သူ ဒေါ်ခင်နွယ်နွယ် ထွန်း နှင့် အတူ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်၊ ယခုအခါတွင် တော့ သားဖြစ်သူ နှင့် ဒီမိုကရေစီ ကွန်ယက်များ၏ အထောက်အပံ့ကို မှီခိုနေရသည်။
ထိုအနေအထားသည်ပင် ၎င်း အတွက် အကောင်းဆုံးဖြစ်ပြီး ပြန်ပို့ခံရလျင် နှိပ်စက်ညှင်းပမ်း ခံရကာ နှစ်ရှည်လများ အကျဉ်းချခံရဖို့သာ ရှိသည်ဟု ဆိုသည်။
ဇင်ဝိုင်းသည် သား နှစ်ယောက်ရှိနေသည့် ဩစတေးလျ တွင် နေထိုင်ခွင့် ရရန် စောင့်ဆိုင်းနေသည်။ ဩစတေးလျှ သည် လူ့ဂုဏ်သိက္ခာ အပြည့်နှင့် နေထိုင်သွား နိုင်သည့် နိုင်ငံလည်း ဖြစ်သည်ဟု ဆိုသည်။
"အဖေတို့ အနေအထား ကြောင့် ထိုင်းမှာ နေရတဲ့ ဘဝက အခြားသူ တွေ စာရင် အတော်လေး မလှုပ်သာ မယှက်သာ ဖြစ်နေတယ်" ဟု သားဖြစ်သူ မင်းမော်ကွန်းက ပြောပြခဲ့သည်။
လွတ်လပ်စွာ ပြောဆိုမှု နှင့် နိုင်ငံရေး လှုပ်ရှားမှု များကြောင့် နိုင်ငံသား အဖြစ်မှ ရုပ်သိမ်းပစ်ခြင်းသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ပြီး ခံရသူများ အဖို့ နိုင်ငံမဲ့ဘဝ ဖြင့် အလုပ်လုပ်ပိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ သွားလာခွင့်များ ဆုံးရှုံးခဲ့ကြရသည်ဟု လူ့အခွင့် အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ မှ အာရှ သုတေသီ မစ္စက် ရှေနာ ဘောက်နာက ပြောပြခဲ့သည်။
မြန်မာ လေဒီ ဂါဂါ
ဇွန်လ အတွင်း နိုင်ငံသား အဖြစ် ရုပ်သိမ်းခံရသည့် အနုပညာ ရှင်များထဲတွင် ဖြူဖြူကျော်သိန်းလည်း ပါဝင်သွားခဲ့သည်။
စင်မြင့်ထက်တွင် သူမ၏ ခေတ်မီ ဆန်းပြားသော အဝတ်အစား များ ဝတ်ဆင်ပြီး မျက်နှာဖုံးတပ်ကာ သီဆို ဖျော်ဖြေ ခဲ့မှု များ ကြောင့် မြန်မာ ၏ လေဒီ ဂါဂါ ဟု ရည်ညွန်း ပြောဆိုခဲ့ကြသည်။
ဖြူဖြူ သည် မြန်မာ၏ နိုင်ငံရေး နှင့် လူမှုရေး ပြဿနာများကို ကာလကြာမြင့်စွာ ကတည်းက ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့သူ ဖြစ်၍ အာဏာမသိမ်းမီကပင် စစ်တပ်၏ ရန်ညှိုးထားခံခဲ့ရသူ ဖြစ်သည်။
အာဏာသိမ်းပြီးနောက်ဆန္ဒပြသူများကို ရက်စက်စွာ နှိပ်ကွပ်ခဲ့သည့် ပုံရိပ်များ ပါဝင်သည့် ဖြူဖြူ၏ မျက်ရည် ဆိုသည့် သီချင်းလူကြိုက်များသွားခဲ့မှုကြောင့် ဖမ်းဝရမ်း ထုတ်ခံခဲ့ရသည်။
သူမ အနေဖြင့် စစ်အုပ်စု နှင့် ပူးပေါင်းမည်လော၊ ထွက်ပြေးမည်လော၊ တခုခု ကို ရွေးရတော့မည်ဟု ဆိုသည်။
ကျွန်မ ပရိသတ် တွေ နဲ့ နိုင်ငံသားများစွာ ကို သတ်ဖြတ် နှိပ်စက်နေတဲ့ စစ်အုပ်စုရဲ့ သွေးစွန်းနေတဲ့လက်တွေ ကို ကိုင်ပြီး လက်ဆွဲ မနှုတ်ဆက်နိုင်ဘူးဟု ပြောခဲ့သည်။
လပေါင်းများစွာ နိုင်ငံအတွင်း ပုန်းအောင်းနေခဲ့ပြီးနောက် မိုးတွေသည်းပြီး မဲမှောင်နေသော ညတည တွင် အရဲစွန့်ပြီး နယ်ခြားကို တရားမဝင် လမ်းကြောင်းမှ ဖြတ်ကူးပြီး ထွက်ပြေးခဲ့ရသည်။
ထိုင်း တွင် လ အနည်းငယ်အကြာ နေခဲ့ပြီး ပြင်သစ်မှ ခိုလှုံခွင့် ပေးလာခဲ့သည်ဟု ပြောပြခဲ့သည်။
ပြည်ပမှ နေ၍ နိုင်ငံတွင်းရှိ အိုးအိမ်စွန့်ခွာ တိမ်းရှောင် နေကြရသူ များ အတွက် ရံပုံငွေ ရရှိရန် နှင့် မြန်မာ အရေးကို ကမ္ဘာမှ အာရုံ စိုက်လာ စေရန်ဂီတ ဖျော်ဖြေပွဲများ ဆက်လက် လုပ်ဆောင်ခဲ့သည်။
ယခုနှစ် အစောပိုင်းတွင် ဆစ်ဒနီ နှင့် မဲလ်ဘုန်းမြို့များတွင် ဖျော်ဖြေခဲ့ပြီး နယူး ဆောက်ဝှေးလိ ပါလီမန် တွင် မိန့်ခွန်းပြောခဲ့သည်။
စစ်အုပ်စုသည် ယခု အခါ နိုင်ငံသားများ၏ စိတ်ဓါတ် ကို ရိုက်ချိုး ဖျက်ဆီးနိုင်ရန် ဆိုသည့် ရည်မှန်းချက်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖေါ်လာကြသည်ဟု ဆိုသည်။
"ကျမ တို့ကို ဖမ်းဆီးတာ၊ ဒါမှမဟုတ် ထိခိုက်နစ်နာအောင် လုပ်နိုင်ခဲ့ရင် အားလုံးရဲ့ စိတ်ဓာတ်ကို ကျဆင်းစေပါတယ်။ ဒါက တော်လှန်ရေးတစ်ခုလုံးရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားသွားစေနိုင်တယ်လို့ စစ်အုပ်စုက ယူဆ နေပါတယ်"
ဒေါင်း
နာမည်ရင်းသည် သူရအောင် ဖြစ်သည်။ စစ်အုပ်စု ကို ဆန့်ကျင် ပြောဆိုခဲ့မှုကြောင့် ၂၀၂၂ တွင် ပထမဦးဆုံး နိုင်ငံသား အဖြစ် ရုပ်သိမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။
ဘော်လုံးသမား ဘဝမှ ရုပ်ရှင် သရုပ်ဆောင် ဖြစ်လာခဲ့သည်။ ဒေါင်းသည် ထိုင်းနိုင်ငံတွင် ရှိနေပြီး ချက် နိုင်ငံ၏ လူသားချင်း စာနာထောက်ထားသော ဗီဇာ ရရှိပြီး ဖြစ်သည်။
ခရီးသွားလာခွင့် စာရွက်စာတမ်း တွေ ရှိပေမယ့် နိုင်ငံကူး လက်မှတ်လောက် ခိုင်ခိုင်မာမာ မရှိဘူးဟု ပြောခဲ့သည်။ အခက်အခဲ နဲ့ ရင်ဆိုင်လာရရင်တောင် အကူအညီ တောင်းစရာ သံရုံး မရှိ၊ နိုင်ငံမဲ့ ဘဝသည် လုံခြုံမှု မရှိဟု ပြောပြခဲ့သည်။
ခရီးသွားသည့် အခါတိုင်း လူဝင်မှု ကြီးကြပ်ရေး အရာရှိများ၏ အမေးအမြန်းကို ခံရစမြဲ ဖြစ်ပြီး၊ နိုင်ငံမဲ့ ဘဝ ဖြစ်၍ ရဲ တွေ့လျင် ကြောက်နေရသည်ဟုလည်း ဆိုသည်။
ဒေါင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း ရံပုံငွေ ဖျော်ဖြေပွဲ များ အတွက် မဲလ်ဘုန်းသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။
ကိုးကား - ABC News
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!