ယခုအခါ မင်းအောင်လှိုင်သည် ၎င်း အသွားချင်ဆုံး နယူးယောက် သို့ မရောက်ရရှာပဲ မော်စကို သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ မော်စကိုတွင် ကျင်းပမည့် "ကမ္ဘာ့ အနုမြူစွမ်းအင်သီတင်းပတ်" (World Atomic Week) ဖိုရမ်ကို တက်ရောက်ရန် ထွက်ခွာသွားပြီ ဖြစ်သည်။
အနုမြူစွမ်းအင် အစီအစဉ်များ ဖော်ဆောင်နေသည့် နိုင်ငံများမှ ခေါင်းဆောင်များ တတက်ရောက်မှာ ဖြစ်သည်ဟု စစ်အုပ်စု မီဒီယာများက ဝင့်ဝင့် ကြွားကြွား ဖေါ်ပြနေကြသော်လည်း တကယ်တမ်းတွင် ပူတင်၏ တပည့်ရင်းခြာ များ ဖြစ်သော ဘယ်လာရုစ် သမ္မတ၊ အာမေးနီးယန်း ဝန်ကြီးချုပ်၊ အီရတ် ဝန်ကြီးချုပ် တို့ သာ တက်ရောက်ဖို့ ရှိနေပေသည်။
ကျန် နိုင်ငံများကတော့ ညွှန်ကြားရေး မှုး ချုပ် အဆင့်ရှိ အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ ကုမ္ပဏီကြီးများမှ ကိုယ်စားလှယ်များ၊ သိပ္ပံပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြမည် ဖြစ်သည်။
မြန်မာ ပြည်တွင် နျူကလီယား ဓါတ်ပေါင်းဖို အသေးစားပင် မရှိ၊ သုတေသန ဌာနလည်း မရှိသေး၊ ထို့အပြင် နျူကလီးယားစီမံကိန်းသည် ငွေကြေးအများကြီး ကုန်ကျမှာဖြစ်၍ လက်ရှိ ပြည်ပရောက် အလုပ်သမား များ ထံမှပင် လက်ကုန် နှိုက် နေရသည့် စစ်အုပ်စု လုပ်နိုင်မည့် အရာဟု မည်သူကမျှ လေးလေးနက်နက် စဉ်းစားမနေကြပေ။
ရုရှားနှင့် နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၂၃ ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့သည်၊ နားလည်မှူ စာချွန်လွှာ ဆိုသည်ကလည်း တကယ်တမ်း အကောင်အထည် ဖေါ်မည့် စာချုပ်စာတမ်း မျိုး မဟုတ်ဘဲ၊ လုပ်ကြရအောင် ဆိုသည့် ကြေညာသည့် အဆင့်မျိုးသာ ရှိပေသည်။
သို့သော် ရုရှားသည် ၎င်းတို့နောက်တွင် မားမားမတ်မတ် ရပ်နေသည်ဟု လူမိုက်အားကိုး နှင့်လူရှိန်အောင် ဟန်ရေးပြနေသည့် အဆင့်သာ ရှိပေသည်။
သို့သော်လည်း ရုရှားတို့ ကိုယ်တိုင်ကိုယ်ကျ ဝင်တိုက်ပေးခဲ့သည့် ဆီရီယား တွင် ပင် အာဆတ် ထွက်ပြေး သွားရသည်ကို ကြည့်၍ မည်သူကမျှလည်း အထင်တကြီး မရှိကြတော့။
လက်ရှိတွင် ၇၈ ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး ကျင်းပနေပြီ ဖြစ်ရာ နိုင်ငံ ပေါင်းစုံမှ သမ္မတများ၊ ဝန်ကြီးချုပ်များ စုံညီစွာ မိန့်ခွန်း အသီးသီး ပြောကြားရန် တဖွဲဖွဲ ရောက်ရှိလာနေကြချိန်လည်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် မိုဟာမက် ယူနွတ်စ်သည်လည်း နယူးယောက်တွင် ချိန်ကိုက်၍ ရိုဟင်ဂျာ အရေး ဖြေရှင်းရန် ညီလာခံ တရပ် ကို စက်တင်ဘာ ၃၀ တွင် ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။
လက်ရှိတွင် မြန်မာ နှင့် အာဆီယံ ခေါင်းဆောင်များသည် သံတမန်ရေးအရ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေကြသည်။ စစ်အုပ်စုမှ ၎င်းတို့ အကြီးအကျယ် မျှော်မှန်းထားသည့် ရွေးကောက်ပွဲ ဆိုသည်ကို အာဆီယံမှ ဝင်ရောက် မစွက်ဖက်နိုင်ရန် ပိတ်ဆို့ ဟန့်တားနေသည်ဟု ဟောင်ကောင်ရှိ South China Morning Post သတင်းစာတွင် ရေးသားထားသည်။
အာဆီယံ လေးနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ ခရီးစဉ်ကိုလည်း ရွှေ့ဆိုင်းပေးလိုက်ရသည်။
ထိုသို့ ရွှေ့ဆိုင်းလိုက်ရခြင်းမှာလည်း မင်းအောင်လှိုင်သည် ၎င်း၏ ရွေးကောက်ပွဲအား အဓိက နိုင်ငံကြီးများ ဖြစ်သော တရုတ် နှင့် အိန္ဒိယ တို့မှ ထောက်ခံမှု ရထား၍ အာဆီယံ ပြောလာမည်များကို နားထောင်ချင်စိတ် မရှိဖြစ်လာ၍ ဟု လေ့လာသူများက သုံးသပ်ကြသည်။ ၎င်းတို့ကျေနပ်အောင်လည်း ပြောဆိုလုပ်ကိုင်ပေးစရာ မလိုဟု ယူဆလာသည်။
အာဆီယံ မှ စစ်အုပ်စု ကိုယ်စားလှယ်အား ရွေးကောက်ပွဲ ထက် ငြိမ်းချမ်းရေး ရဖို့သာ ဦးစားပေးရမည် ဟု အသိပေးထားခဲ့ပြီး ဖြစ်သည်။ အာဆီယံမှ မြန်မာ အရေးအား ပါဝင်ပတ်သက်သူ အားလုံး နှင့် ထိတွေဆက်ဆံ ဖြေရှင်းသွားရန် စိတ်ပိုင်း ဖြတ်ထားပြီး ဖြစ်သည်။ ယင်းသည် စစ်အုပ်စု နှင့် ဆက်ဆံရေး တွင် ရှေ့လျောက် အစဉ်အလာ တခု ဖြစ်သွားနိုင်သည်ဟု ရေးသားထားသည်။
အာဆီယံသည် လက်ရှိ စစ်ပွဲကို ဆွေးနွေး အဖြေရှာပြီး ရပ်တန့်ရန်၊ လိုအပ်လျင် အပစ်အခတ် ရပ်စဲရေး ကို လေ့လာစောင့်ကြည့်မည့် အဖွဲ့များ စေလွှတ်ရန် ရည်ရွယ်နေသည်။
ဤသည်ကပင် မင်းအောင်လှိုင်တို့ အုပ်စု၏ ရည်ရွယ်ရင်း အမှန်ကို မသုံးသပ်နိုင်ဘဲ စိတ်ကူးဖြင့် တိုက်ဆောက်နေကြခြင်းသာ ဖြစ်သည်။ ၎င်းတို့ဖာသာ ပြဋ္ဌာန်းထားသည် ပြည်တွင်းရေး ဝင်မစွက်ရ၊ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ ဗွေဖောက်လာပါက အရေးယူရမည့် ပြဋ္ဌာန်းထားချက်များ မရှိ၍ ရွာလည် နေသည့် အဖွဲ့သာ ဖြစ်သည်။
မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ဆိုသည်က စစ်အုပ်ချုပ်ရေး ဆိုသည့် ဆင် ကောင်ကြီးအား ဒီမိုကရေစီ ဆိုသည့် ဆိတ်သားရေ ဖြင့် ဖုံးအုပ်ရန် ကြိုးပမ်းခြင်း သက်သက်သာ ဖြစ်သည်ကို ပြည်သူတရပ်လုံးက နားလည်ထားကြပြီး ဖြစ်သည်၊ ၎င်းတို့ မည်သို့သော အခြေအနေများ ရောက်ရောက် ပြည်သူများ အပေါ် ကျုးလွန်ခဲ့သည့် ပြစ်မှုများက အရိပ်လို ကပ်ပါလာပြီး အမြဲလို ချောက်လှန့် နေမည်သာ ဖြစ်သည်။
လက်ရှိတွင်တော့ လူအသက်တချောင်းကို ပရွက်ဆိတ် တကောင်မျလောက်ပင် တန်ဘိုး မထားတပ်သော ကြောက်မက်ဘွယ် ကောင်းလှသည့် စစ်အာဏာရှင် စနစ် ဆိုး ကြီး မြန်မာ့မြေပေါ် တွင် ခေါင်းထောင် နိုင်ရန် အားယူနေပြီ ဖြစ်သည်။
ရုပ်ရည် ရူပကာ အသင့်အတင့်မျှပင် မရှိ၊ သရုပ်ဆောင် အရည်အချင်းလည်း တစက်မျှ မရှိပါပဲလျက် ငွေထုတ်ပိုက်ပြီး ရုပ်ရှင်မင်းသား ဝင်လုပ်နေသည့် ဇာတ်ထုတ်ကို မကြည့်မနေရ ကြည့်ကြရတော့မည် ဖြစ်သည်။ အာဏာသာ သိမ်းလိုက်သော်လည်း တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း မရှိကြ၊ ပေါက်ဖေါ်ကြီး ကယ်ပါ၊ ကြွက်မင်းကြီး ကယ်ပါ နှင့် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို အပေါင်ထားပြီး အသက်ဆက်နေကြရသည့် ဘဝ ရောက်နေကြသူများ ဖြစ်သည်။
မည်သို့ပင် စကားပရိယယ် အရာဖြင့် ဖုံးကွယ်ဖို့ ကြိုးစားနေသော်လည်း ၎င်းတို့ ဘယ်အခြေ ဆိုက်နေပြီ ဆိုသည်ကို ပြည်သူများသာမက နိုင်ငံတကာကပါ ကောင်းစွာ သိနားလည် နေကြပြီ ဖြစ်သည်။
ထိုမျှသာ မကသေး နိုင်ငံတကာ တရားရုံးများကလည်း ၎င်းတို့ကို ရုံးတင် စစ်ဆေး နိုင်ရန် သက်သေ အထောက်အထားများ အဆင်သင့် စု ဆောင်းထားကြပြီး ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင် မိုဟာမက် ယူနွတ် က တကမ္ဘာလုံး အနေဖြင့် မြန်မာ စစ်အုပ်စု၏ ယုတ်မာ စက်ဆုပ် ရွံရှာ ဖွယ် ကောင်းသော လူမျိုးရေး သန့်စင်မှု ကျုးလွန်ခဲ့ခြင်းအား ပြတ်ပြတ်သားသား ဆန့်ကျင် ရပ်တည်သွားပြီး ၎င်းတို့နှင့် ဆက်ဆံရေးကိုလည်း ပြန်လည် စဉ်းစားကြရန် ပါ မကြာသေးမီက တိုက်တွန်းလာခဲ့ပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!