အမေရိကန် ၏ မြန်မာ အပေါ် စိတ်ဝင်စားမှု မြင့်တက်လာ

by Hla Soewai - Sep 26 2025

မင်းအောင်လှိုင်သည် မြန်မာ အစိုးရ အဆက်ဆက် ကျင့်သုံးလာခဲ့သော ဘက်မလိုက် နိုင်ငံခြားရေး မူ ကို ဂရုမစိုက်နိုင်တော့ပဲ ၎င်း၏ အာဏာ ဆက်၍ ဆုပ် ကိုင် ထားနိုင်ရေး အတွက် တရုတ် နှင့် ရုရှား တို့ အား သွား၍ ပူးပေါင်း တပည့်ခံနေသည့် အဖြစ်ကို တနေ့တခြား တွေ့မြင်လာနေရသည်။

 

ယခုလည်း ဝန်ကြီး အဆင့် သို့မဟူတ်ကလည်း ညွှန်ကြားရေးမှုး ချုပ် အဆင့်သာ တက်ရောက်သင့်သည် နျူကလီယား ဖိုရမ်သို့ ကိုယ့် အဆင့်အတန်းပင် ကိုယ် မငဲ့ကွက်ပဲ သွားရောက်ခဲ့သည်၊ ၎င်းက အနူတော တွင် လူချော လုပ်နေမည့် သမ္မတ မျိုး မဟုတ် လူရာဝင်ချင် နေသူ ဖြစ်သည်က တကြောင်း၊ ၎င်း အား ထောက်‌ခံနေသူ များ အားရှိလာစေရန် တကြောင်း လုပ်နေခြင်း ပင် ဖြစ်သည်။

 

ဗိုလ်နေဝင်း၊ ဗိုလ် သန်းရွှေတို့ ဆိုက ထိုသို့သော ပွဲ မျိုး တက်ဖို့ စိတ်ပင် ကူးကြမည့် လူများ မဟုတ် ဆိုသည်ကို ကြည့်မည် ဆိုက Forrest Gump အမေ ပြောသလို ပင် Stupid is as stupid does လို့သာ သုံးသပ်၍ ရပေမည်။ လူတစ်ယောက်၏ အနှစ်သာရ (တကယ်တမ်း ဘယ်လိုလူလဲ) ဆိုသည် ကို ၎င်း၏ လုပ်ဆောင်ချက်တွေ ကနေတစ်ဆင့် မြင်နိုင်တယ်ဟု ဆိုလိုရင်းပင် ဖြစ်သည်။

 

သို့သော် အမေရိကန် ဖက်က ထိုသို့ ယူဆမလာခဲ့၊ မြန်မာ သည် နျူကလီယား လက်နက်များ ရရှိရန် စိတ်ဝင်တစား ရှိလာနေပြီ ဆိုကာ ယခင် အိုဘားမား လက်ထက်က ဓါတ်ပြားဟောင်းကြီး ပြန်ဖွင့်လာခဲ့သည်။ မြန်မာသည် မြောက်ကိုရီယား မှ လက်နက်များ တင်သွင်းနေသည် ဟု ပြောလာပြီး ယနေ့မှာပင် ပိတ်ဆို့ အရေးယူ မှုများ ထပ်လုပ်လာသည်။

 

ထိုကြေညာချက်တွင် ထူးခြားလာသည်က မြန်မာ စစ်အုပ်စုသည် အရပ်ဖက် အဆောက်အအုံများကို လက်လွတ်စပယ် ပစ်ခတ် တိုက်ခိုက်နေသည်ဟု ပါရှိလာခြင်းပင် ဖြစ်သည်။

 

ထိုသို့ တိုက်ခိုက်နိုင်အောင် အကူအညီ ပေးနေသည့် မြောက်ကိုရီယား ကုမ္ပဏီ များ နှင့် မြန်မာ ကုမ္ပဏီ တခု အား တရားမဝင် ကွန်ယက်ကြီး တည်ထောင်နေသည် ဆိုကာ ပိတ်ဆို့ဒဏ်ခတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ စက်တင်ဘာ ၂၅ နေ့စွဲ ဖြင့် ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

မြန်မာ စစ်အုပ်စု မှ လက်နက်များ ဝယ်ယူ တင်သွင်းနေ၍ မြောက်ကိုရီယား အစိုးရ၏ ဝင်ငွေ့ရရာ ရကြောင်း လမ်းကို ပိတ်ဆို့ အရေးယူ နိုင်ရန် အတွက်လည်း ဖြစ်သည်ဟု ဆိုသည်။

 

မြန်မာဖက် မှ အရေးယူ ခံရသည့် ကုမ္ပဏီ မှာ မြန်မာ လေတပ် အတွက် ကြားမှ ဆက်သွယ် ဝယ်ယူ ပေးနေသည့် တော်ဝင် ရွှန်းလဲ့ ကုမ္ပဏီ နှင့် တာဝန် ရှိသူများ ဖြစ်သော ကျော်သူမျိုးမြင့်၊ တင်မျိုးအောင် နှင့် အောင် ကိုကိုဦး တို့ ပါဝင်နေသည်။

 

မြောက်ကိုရီယား ဖက်မှ လက်နက် ကုန်သည် ပွဲစား လုပ်နေသည့် ဘီဂျင်း အခြေစိုက် 2210 General Bureau နှင့် ထောက်လှန်းရေး အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ပါဝင်နေသည်။

 

မြောက်ကိုရီယား၏ တရားမဝင် လက်နက်များ ရောင်းချနေသည့် လုပ်ငန်းများသည် မိမိတို့ နိုင်ငံ နှင့် မဟာမိတ်များအား တိုက်ရိုက် ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး နှင့် ဘဏ္ဍာရေး ဆိုင်ရာ ထောက်လှန်းရေး ဌာန လက်ထောက် ဝန်ကြီး ဂျွန် ဟားလီ က ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

ယခုလို ပိတ်ဆို့ခဲ့မှုသည် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာနမှ သမ္မတ ညွန်ကြားချက် အမိန့် ၁၃၆၇၈, ၁၃၅၅၁, နှင့် ၁၄၀၁၄ ကို အကောင်အထည် ဖေါ်ခြင်း ဖြစ်သည်ဟု လည်း ပါရှိသည်။

 

တခုသေချာ သွားသည်က သံတမန် လုပ်ထုံး လုပ်နည်း အရ ၎င်းထံ ပေးပို့သော စာတစောင် ကြောင့် အားတက်သရော ဖြစ်လာက ပြည့်သူ ငွေ ဒေါ်လာ သုံးသန်း ပုံအော်လိုက်မှု သည် သဲထဲရေသွန် ဖြစ်သွား ခဲ့ရခြင်းပင် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ယခု အခါ မြန်မာ နိုင်ငံသား အများစုလည်း မသိ၊ ဘယ်မှာ ရှိမှန်းပင် မသိသည့် ကာဇာတ်စတန် နိုင်ငံသို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုကာ ရုရှား ခရီးစဉ် အတွင်း ၎င်း၏ အထူး လေယာဉ် ကြီးဖြင့် ဝင်ရောက်ဦးမည် ဖြစ်သည်။

 

တဖက်တွင် အမေရိကန် တို့ ဘင်္ဂလားဒေ့ရှ် ကို အာရုံစိုက်လာမှု အား ထပ်မံ အတည်ပြုပေးလိုက်သည်က အမေရိကန် တပ်ဖွဲ့ဝင် ၁၂၀ စစ်တကောင်း သို့ စက်တင်ဘာ ၁၀ ရက်နေ့က ရောက်ရှိလာပြီဟု Observer Research Foundation သုတေသန အဖွဲ့က ဖေါ်ပြလိုက်ခြင်းပင် ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ် သည် ၎င်းတို့ လက်နက်ကိုင် တပ်များ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး တွင် အပေါစား တရုတ် စစ်လက်နက် ပစ္စည်း များ နှင့် တင်းတိမ်နေ၍ မဖြစ်တော့ဟု ဆိုကာ ဝါရှင်တန် နှင့် ဆက်သွယ်လာခြင်းလည်း ဖြစ်သည်။

 

အထူးသဖြင့် မြန်မာ နှင့် အိန္ဒိယ ဖက်ခြမ်းတွင် လက်နက်ကိုင် ပဋိပက္ခ များ အရှိန်မြင့်လာနေ၍ ၎င်းတို့ဖက်သို့ ကူးစက်လာမည့် အရေး၊ မြန်မာ စစ်သားများ ထွက်ပြေး ဝင်ရောက်လာမည့် အရေး၊ ရိုဟင်ဂျာ များ ထပ်မံ ဝင်‌ ရောက်လာမည့် အရေးများအတွက် စိုးရိမ်မကင်း ဖြစ်လာနေ၍ ဟုလည်း သုံးသပ်ထားသည်။

 

၂၀၁၈ နှင့် ၂၀၂၅ ဇွန်လ အတွင်း တရုတ်လုပ် K8-W နှင့် တိုက်လေယာဉ်များ ပျက်ကျခဲ့မှု နှင့် F-7BGI အသီးသီး ပျက်ကျသွားခဲ့သည်၊ F-7BGI သည် စာသင်ကျောင်း အပေါ် ပျက်ကျခဲ့မှုကြောင့် ကျောင်းသား အယောက် နှစ်ဆယ် သေဆုံးပြီး ၂၀၀ ခန့် ဒဏ်ရာ ရရှိသွားခဲ့သည်။ တင့်ကားသုံး လက်နက်ခဲယမ်းများ၊ ရေဒါများသည်လည်း အရည်အသွေး မပြည့်မီသည့် အပြင် ရောင်းချပြီး ပြင်ဆင်စရာ ရှိသည်များတွင်လည်း ညံ့ဖျင်းသည့် အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်သည် တရုတ်လက်နက်များ အပေါ် အယုံအကြည် မရှိ ဖြစ်လာနေသည်ဟု ဆိုသည်။ အထူးသဖြင့် မြန်မာဖက်ခြမ်းတွင် မတည်မငြိမ်မှု များ တိုး၍ ဖြစ်ပေါ်လာခြင်းကြောင့် တရုတ်လက်နက်များ နှင့် တင်းတိမ်နေ၍ မဖြစ်တော့ဟု ယူဆလာကြခြင်းလည်း ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်ဖက်မှ အမေရိကန် နှင့် စစ်ရေး ပူးပေါင်းလာမှု သည် နိုင်ငံ ၏ အနာဂတ် လားရာ ကိုသာ မက ဘင်္ဂလား ပင်လယ်အော်၏ မဟာဗျူဟာ အခင်းအကျင်းကိုပါ ပုံပေါ်လာစေမည် ဖြစ်သည်ဟု အဆိုပါ သုတေသီ အဖွဲ့ကြီးက ရေးသားထားသည်။

 

ပြည်သူတို့၏ တရားသောစစ် မုချ အောင်ရမည်!!!