ဒေါ်အောင်ဆန်းစုကြည် အရေး တရုတ်အစိုးရ တွင် တာဝန်မကင်း

by Hla Soewai - Sep 26 2025

သားဖြစ်သူ ကိုထိန်လင်းမှ မိခင်ဖြစ်သူ သေလား ရှင်လား ဆိုသည်ပင် ကွဲကွဲ ပြားပြား မသိရ ဖြစ်နေ၍ DVB မှ တဆင့် နိုင်ငံတကာ သို့ ထပ်မံ အကူအညီ တောင်းခံခဲ့ပြန်သည်။

 

မိခင်၏ နှလုံးအခြေ အနေ သည် ပို၍ ဆိုးဝါးလာဖွယ် ရှိနေသည်၊ ဆေးရုံ ပြင်ပမှ နှလုံးရောဂါ အထူးကု ဆရာဝန် နှင့် ပြသနိုင်ရန် မိခင်၏ တောင်းဆိုချက်ကို ခွင့်ပြုခြင်း ရှိမရှိ ကို မသိရဟု စက်တင်ဘာ ၁၆ ရက်နေ့ တွင် ပြုလုပ်သော ဒီဗီဘီ နှင့် အင်တာဗျုးတွင် ပြောဆိုသွားခဲ့သည်။

 

"ကျွန်တော့်မိခင်ကို လွတ်မြောက်စေဖို့ ဘယ်သူမဆို၊ ဘယ်နည်းနဲ့မဆို ကူညီနိုင်မယ်ဆိုရင် ကျွန်‌ တော် ဆက်သွယ် ဆောင်ရွက်သွားရပါ‌ စေ။ ဒီလိုလုပ်ရတာကလည်း သူ့အမှုကို နိုင်ငံတကာအဆင့်အထိ ပေါ်ထွက်လာစေဖို့နဲ့ မြန်မာနိုင်ငံတွင်းမှာ ဆင်းရဲဒုက္ခရောက်နေသူတွေကို ကူညီထောက်ပံ့နိုင်ဖို့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အကြောင်းပြချက်တွေကြောင့်ပါ" ဟု ကိုထိန်လင်းက ပန်ကြားသွားခဲ့သည်။

 

မြန်မာ ပြည်သူတရပ်လုံး ယုံကြည် အားကိုးခဲ့သော ပြည်ထောင်စု မိခင်ကြီးက အတိဒုက္ခ ရောက်နေရှာပြီ ဖြစ်သည်။

 

ထိုအရေး တွင် စစ်အုပ်စု အား ရွေးကောက်ပွဲ လုပ်ပေးရန် အထိ စေစား နိုင်လောက်အောင် အညှာကို ကိုင်ထား နိုင်သည့် တရုတ် အစိုးရသည် သူမကို လွှတ်ပေး ရန် အထိ မလုပ်လျင်ပင် တရုတ်သံရုံးမှ သူမအား သွားရောက်တွေ့ဆုံခွင့် ကို တောင်းဆိုပြီး ကျန်းမာရေး ကောင်းမကောင်း သတင်းထုတ်ပြန်ပေးသင့်သည်။ စစ်အုပ်စု မှ ထို တောင်းဆိုချက်ကို လက်မခံ ဘဲ နေရဲမည်လော။

 

စစ်အုပ်စု အပေါ် တရုတ်က သေဆိုသေ ရှင်ဆိုရှင် အထိ ဩဇာ ညောင်းနေသည်ကို ပြည်တွင်း ပြည်ပ ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။

 

တရုတ်သည် မြန်မာ လူထု အပေါ် public relations လုပ်၍ ရသည့် အခွင့်အလန်းလည်း ထွက်ပေါ်လာမည်လည်း ဖြစ်သည်။

 

တနိုင်ငံလုံး ကြိမ်မီးအုံးသလို ဖြစ်နေချိန်တွင် ၎င်းတို့ အပေါ် ပြောနိုင်ဆိုနိုင်ခွင့် ရှိသည့် တရုတ် အစိုးရမှ တုံဏှိဘာဝေ လုပ်နေမည် ဆိုက ဒေါ်အောင်ဆန်းစုကြည် တခုခု ဖြစ်သွားခဲ့လျင် ၎င်းတို့ ကြံရာပါ အဖြစ် တာဝန်ခံရတော့မည်သာ ဖြစ်သည်။

 

လူသတ်မှု ကျုးလွန်သော အကျဉ်းသားပင် မိသားစု နှင့် တွေ့ဆုံခွင့် ရှိနေပါလျက် အသက် ၈၀ ရှိပြီ ဖြစ်‌ သော ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းချပြီး ပစ္စလက်ခတ် ထားယုံ နှင့် အားမရသေးဘဲ ပြင်ပကမ္ဘာနှင့် ပါ အဆက်ဖြတ် ချုပ်နှောင်ထားသည့် အဖြစ်သည် ကောက်ကျစ်စဉ်းလဲ လွန်းလှပြီး လူမဆန်သည့် လုပ်ရပ်သာ ဖြစ်သည်။

 

နိုင်ငံတော် ပုန်ကန်မှု၊ သစ္စာဖေါက်မှုဖြင့် ထောင် အနှစ် နှစ်ဆယ် ချထားသည့် နိုင်ငံရေး သမား ကို ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ကောင်းတာသာ အတုမခိုး ရှိရမည်၊ လူမိုက်ပီပီ ထရမ့် လုပ်သမျှ ကို နောက်ကလိုက် အတုခိုး ‌နေသူသာ ဖြစ်သည်။

 

ထိုသို့သော လူယုတ်မာများကို တတိုင်းပြည်လုံးက မျက်နှာပင် မကြည့်ချင်အောင် ဖြစ်နေသည့် ကြားမှ သမ္မတ တက်လုပ်ဖို့ပင် မျက်နှာပြောင် တိုက်ရဲသူ ဖြစ်သည်။

 

မြန်မာသည် အာဏာရှင် စနစ်နှင့် ပဋိပက္ခ သံသရာတွင် ပိတ်မိနေသော ပျက်စီးလွယ်သည့် နိုင်ငံတစ်ခုမဟုတ်‌ တော့၊ ကြောက်ရွံ့ခြင်း၊ သစ္စာဖောက်ခြင်းနှင့် ရေငုံနှုတ်ပိတ် နေခြင်းတို့ဖြင့် လွှမ်းမိုးထားသည့် ဗုန်းဗုန်းလဲလု မတတ် အိမ်တစ်အိမ်မျိုး ဖြစ်လာသည် ဟု ဆောင်းပါးရှင် မိုးကြိုးက "Myanmar: A dysfunctional family built on lies" ဟူသော ခေါင်းစဉ် ဖြင့် ထောက်ပြထားသည်။ 

 

မြန်မာ၏ အကျပ်အတည်းသည် နိုင်ငံရေးအရသာမကဘဲ၊ အလွန်အမင်း အဆင်မပြေသော မိသားစုများတွင် တွေ့ရလေ့ရှိသည့် အနိုင်ကျင့်မှုပုံစံများဖြင့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းလည်း ဖြစ်သည်ဟု ဆိုသည်။

 

အထက်ပါ စကား ဥပစာ တင်စားမှု တွင် မိသားစု တွင် အာဏာပြ အုပ်ချုပ်တတ်သော ဖခင် ‌သည် စစ်တပ် ဖြစ်လာသည်၊ ၎င်းတို့သည် အကြမ်းဖက် မှု၊ အရာရာကို သံသယ ဖြင့် ရှူမြင်မှု နှင့် မိသားစု ကို ထိန်းချုပ်ထားလိုမှု လွန်ကဲနေသည်။

 

ဗမာနိုင်ငံရေး အထက်တန်းလွှာ ရေပေါ်ဆီများသည် ဖခင်၏ ရက်စက်ကြမ်းကြုတ်မှုကို သိရှိပါလျက်နှင့် ဝင်ရောက်မစွက်ဖက်ဘဲ ပြုပြင်ပြောင်းလဲရေး လိုလားဟန်ဆောင်ကာ မိမိ၏ သက်သောင့်သက်သာရှိမှုနှင့် အာဏာကို ထိန်းသိမ်းထားလိုသည့် အားပေးသူ မိခင်တစ်ဦးကဲ့သို့ ပြုမူနေသည်။

 

ထိုအိမ်ထောင်စု တွင် အလိုလိုက်ခံရသော ကလေးသည် နိုင်ငံရေး နှင့် မပတ်သက်သော ဗမာလူများစု ဖြစ်သည်။ ၎င်းတို့သည် အထက်တွင် ဖေါ်ပြခဲ့သော မိသားစု တွင် အကာအကွယ် နှင့် အခွင့်ရေးများ ရနေသည်၊ သို့သော်လည်း ‌ထောင်ချောက်မိနေပြီး လိုသလို ကြိုးဆွဲ ခံနေကြရသည်၊ လမ်းမှား လျှောက်မိသည့် အခါမျိုး တွင် အပြစ်ပေး ခံနေရဆဲ ဖြစ်သည်။ ကရင်၊ ကချင်၊ ရှမ်းကဲ့သို့ လူနည်းစု တိုင်းရင်းသားများသည် ထိုမိသားစု တွင် လျစ်လျုရှု ထားခြင်း ခံရယုံမက ရက်စက်ကြမ်းကြုတ်စွာ အနိုင်ကျင့် ခံနေရဆဲ ဖြစ်ပြီး ၎င်းတို့အား မျှမျတတ ‌ဆက်ဆံရန် အော်ဟစ် ပြောဆိုနေမှု များအားလည်း ပေယျာလကံ ပြုထားကြသည်။

 

ဤသည်ကား မြန်မာ့ နိုင်ငံရေး အဆောက်အအုံကြီး၏ သရုပ်မှန်ပင် ဖြစ်သည်၊ စည်းလုံးမှု ကို ကြိုးစား တည်ဆောက်နေသော ပုံမှန် လည်ပတ်နေသော နိုင်ငံမျိုး မဟုတ်၊ အကြမ်းဖက်မှု များ ကြောင့် ကွဲအက်ကာ ရေငုံ နှုတ်ဆိတ်နေကြသည့် အိမ်ထောင်စု တစုသာ ဖြစ်လာနေသည်။

 

အကြောက်တရားသာမက ၎င်းတို့အပေါ် မှီခိုလိုစိတ်များပါ သွတ်သွင်းပေးလာကြသည်။ ၎င်းတို့ ထိန်းချုပ်မှု မရှိက မိမိတို့ ရှင်သန်ရပ်တည် နိုင်မည် မဟုတ်ဟု မြန်မာ ပြည်သူများ ယုံကြည်လာအောင် ပုံသွင်း ပေးလာခဲ့သည်။

 

ထိုသို့ ကြောက်ရွံ့လာမှု၊ စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်မှု၊ ကာကွယ်စောင့်ရှောက်ပေးနေသည်ဟူသော မမှန်ကန်သည့် ကတိစကားများဖြင့် အနိုင်ကျင့်မှု သံသရာသည် ဆက်၍ လည်ပတ်နေခဲ့သည်။

 

စစ်တပ်သည် မည်သို့မျှ ပြုပြင်နိုင်စွမ်း မရှိတော့၊ ၎င်းတို့၏ အာဏာသည် အကြမ်းဖက်မှု အပေါ်တွင် ရပ်တည်နေပြီး ငြိမ်သက်စွာ နာခံမှုများဖြင့် ကြီးထွားလာခဲ့ရသည်။ စစ်တပ်က အာဏာကို ဆုပ်ကိုင်ထားသရွေ့ မြန်မာနိုင်ငံသည် စိတ် မချမ်း မြေ့ဖွယ်ရာများဖြင့် တည်ဆောက်ထားသည့် အိမ်တစ်အိမ်အဖြစ်သာ ရှိနေဦးမည်ဖြစ်သည်ဟု ရေးသားထားသည်။

 

ရွေးကောက်ပွဲသည်လည်း ပြည်ပ အား လှည့်စားရန်၊ အသိအမှတ် ပြု ခံရယုံ သက်သက် ကြိုးပမ်းခြင်းသာ ဖြစ်ပြီး ပြည်တွင်းတွင်တော့ ထိုကဲ့သို့သော ရွေးကောက်ပွဲမျိုး ပြီးသွားလည်း လူထု ၏ အသိအမှတ်ပြု ခံရမည် မဟုတ်သည်ကား သေချာနေပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!