အရှေ့ တီမော အစိုးရ မှ မြန်မာ အတိုက်အခံ အဖွဲ့များအား ၎င်းတို့ နယ်မြေ တွင် နိုင်ငံရေး လှုပ်ရှားမှု များ နှင့် ရုံးခန်း ဖွင့်ခြင်းများ ခွင့်ပြုတော့မည် မဟုတ် ဟု နေပြည်တော်သို့ နှစ်ရက်ကြာ ခရီး ရောက် ရှိလာသော တီမော-လက်စတေး နိုင်ငံခြားရေး ဝန်ကြီး က စစ်အုပ်စုကို အာမခံ သွားခဲ့ပြီ ဖြစ်သည်။
ထိုသတင်းကို စစ်အုပ်စု ဖက်မှ သတင်းထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းတို့ အာဆီယံ၏ မူ ဖြစ်သော တနိုင်ငံ၏ ပြည်တွင်းရေး တနိုင်ငံမှ ဝင်ရောက် မစွက်ဖက်ရေး ကို ဆွေးနွေးခဲ့ကြပြီး တီမော မြို့တော် ဒီလီ တွင် စစ်အုပ်စု၏ သံရုံး ဖွင့်လှစ်ရန်လည်း အဆိုပြုသွားခဲ့သည်ဟု ပါရှိသည်။
ပြီးခဲ့သည့် လ အနည်းငယ်အထိ အမျိုးသား ညီညွတ်ရေး အစိုးရ အား မယိမ်းမယိုင် အခိုင်အမာ ထောက်ခံနေခဲ့ရာ မှ ရုတ်ခြည်း ဆိုသလို သဘောထား ပြောင်းသွားခဲ့ခြင်းလည်း ဖြစ်သည်။
တီမော အစိုးရမှ အမျိုးသား ညီညွတ်ရေး အစိုးရအား ကိုယ်စားလှယ် ရုံး ဖွင့်ခွင့်ပေးခဲ့ပြီး ၂၀၂၃ တွင် အစိုးရသစ် ၏ ကျမ်းသစ္စာ ကျိမ်ဆိုပွဲ သို့ပင် ဖိတ်ကြားခဲ့၍ တက်ရောက်ခဲ့ပြီး ဖြစ်သည်။
အရှေ့ တီမော သမ္မတ ဂျိုးဆေး ရာမို့စ် ဟော်တာ မှ ကုလသမဂ္ဂ စင်မြင့်မှ နေ၍ မြန်မာ နိုင်ငံ အတွင်း ဖြစ်ပွားနေသော အကျပ်အတည်း ကို နိုင်ငံတကာ မှ တုံဏှိဘာဝေ လုပ်နေမှု အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချပြောဆိုသွားခဲ့ဖူးပြီး မြန်မာ ပြည်သူ များသည် အဘယ်ကြောင့် ယူကရိန်း ကဲသို့ ထောက်ခံ ပံ့ပိုးမှု များ မပေးခဲ့ကြသနည်း ဟု လည်း မေးခွန်းထုတ်သွားခဲ့သူ ဖြစ်သည်။
ယခုလို သဘောထား ပြောင်းသွားရခြင်းသည် လာမည့် လ အတွင်း အာဆီယံ၏ တင်းပြည့် ကျပ်ပြည့် အဖွဲ့ဝင် တဦး ဖြစ်လာရေး ကို ဦးစားပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။
ပြီးခဲ့သည့် မေလ အတွင်း ပြုလုပ်ခဲ့သော အာဆီယံ ထိပ်သီး အစည်းအဝေး မှ တီမောအား ဝင်ရောက်ခွင့် ပြုခဲ့ပြီး လုပ်ငန်းစဉ်များ အောက်တိုဘာလ မတိုင်မီ အပြီးသတ် ပြုလုပ်ထားရန် အချက်ပြခဲ့သည်။
သို့သော် မြန်မာ စစ်အုပ်စု မှ တီမောသည် NUG ကို ထောက်ခံနေခြင်းဖြင့် အာဆီယံ၏ ပြည်တွင်းရေးကို ဝင်မစွက် ရ မူကို ဖောက်ဖျက်နေသည် ဆိုကာ ကန့်ကွက်လာခဲ့သည်။
သမ္မတ ဂျိုးဆေး ရာမို့စ် ဟော်တာ မှ စစ်အုပ်စု ၏ ထိုသို့ ကန့်ကွက်လာမှု ကို "အရေးမပါ၊ အရာမရောက်ဘူး' ဟု ပြောဆိုခဲ့သော်လည်း "အာဆီယံ နည်းလမ်း" ဟု လူသိများသည့် စည်းမျဉ်း များကို လိုက်နာ ပြီး ပဋိပက္ခ မဖြစ်အောင် ရှောင်ရှားလို ပုံရသည်။
ယခု အခါ တီမော အစိုးရသည် လူ့အခွင့် အရေး ကို ရဲရဲတောက် ကာကွယ် ပြောဆိုသည့် ၎င်းတို့ ၏ နိုင်ငံတကာ ပုံရိပ်သည် အာဆီယံ ဝင်ခွင့်ရဖို့ အတွက် လျောကျ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
အာဆီယံ သည်လည်း ပြည်သူများ ကို ဗုံးကြဲ သတ်ဖြတ်နေသော စစ်အုပ်စု အား တီမော မှ ဆန့်ကျင် ကန့်ကွက်နေမှု ကို ၎င်းတို့ အဖွဲ့ထဲ ဝင်လိုပါက လမ်းကြောင်း ပြောင်းရန် အတင်းအဓမ္မ ဖိအား ပေးခဲ့ကြ၍ တီမော သည် လက်ခံ အလျော့ပေးလိုက်ရခြင်း ဖြစ်သည်။
နောက်ဆုံးတွင် နိုင်ငံ အားလုံးသည် ကိုယ်ကျင့်တရားထက် realpolitik ဆိုသည့် လက်တွေ့ကျသည့် အခြေအနေ နှင့် အကျိုးစီးပွားများပေါ်မှာသာ အခြေခံပြီး ဆုံးဖြတ်တတ်ကြသည် ဆိုသည်ကို အထင်အရှား သရုပ်ပြလိုက်ခြင်းပင် ဖြစ်သည်။
သို့သော် အာဆီယံသည် ဒီထက်ပို၍ မျက်နှာပြောင် မတိုက်ရဲတော့သည့် လက္ခဏာ အဖြစ် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန် ဦးဆောင်မည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ အဖွဲ့ မြန်မာ နိုင်ငံသို့ ယခု ရက်သတ္တပတ် အတွင်း လာရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ဟာဆန် နှင့် အတူ ထိုင်း၊ ဖိလစ်ပိုင် နှင့် အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီးများ အတူ လိုက်ပါဖို့ ရှိနေသည်။
"ရှောင်လွှဲ၍ မရသော အခြေအနေများ"ကြောင့် ဟု ရွှေ့ဆိုင်းရသည့် အကြောင်းရင်းကို ဖေါ်ပြထားသည်။
၎င်းတို့လာရသည့် အကြောင်းရင်းသည် စစ်အုပ်စု မှ အုပ်ချုပ်ရေး အဖွဲ့သစ် ဖွဲ့စည်း ပြီး နောက် နှင့် ရွေးကောက်ပွဲ မတိုင်မီ အခြေအနေများကို လေ့လာ စီစစ် ပြီး အောက်တိုဘာလ တွင် ကျင်းပမည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ တင်ပြနိုင်ရန် အတွက် ဖြစ်သည်ဟု ဆိုသည်။
စစ်အုပ်စု နှင့် သွားတွေ့မည့် အစား ၎င်းတို့၏ သတင်းစာ၊ မီဒီယာများကို ဖတ်ရှုခြင်းသည်သာ အချိန်ကုန် သက်သာ ပေဦးမည်။
သို့သော်လည်း ရခိုင်ပြည်နယ် အတွင်း ကျောက်တော်ရှိ အလွတ်ပညာသင် ကျောင်း နှစ်ကျောင်းအား ရက်စက်စွာ ဗုံးကြဲ တိုက်ခိုက်ခဲ့မှု ကြောင့် ကျောင်းသား ကျောင်းသူ အယောက် နှစ်ဆယ်ခန့် သေဆုံးခဲ့ရမှု ကြောင့် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် လေ့လာရန် မလိုဘဲ အခြေအနေ အရပ်ရပ်သည် မည်သို့မျှ ပြောင်းလဲခြင်း မရှိဆိုသည်ကို သဘောပေါက်သွားပုံ ရသည်ဟု ယူဆရမည် ဖြစ်သည်။
နောက်ထပ် ရရှိသော သတင်းအရ စစ်ကိုင်းတိုင်း၊ ဗန်းမောက် မြို့ ကို အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှု ဖြင့် တော်လှန်ရေး ပူးပေါင်း တပ်များက ၆ ရက် မြောက်နေ့ စက်တင်ဘာ ၂၀ တွင် အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရှိရသည်။
ပြည်သူများ၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!