စစ်အုပ်စုသည် ၂၀၂၃-၂၄ အတွင်း အရှက်တကွဲ အကျိုး နည်း နှင့် နဂါးကြီး ကယ်ပါ၊ ဝက်ဝံကြီးကယ်ပါ နှင့် ဖြစ်နေရာမှ ၂၀၂၅ အတွင်း အားကုန် ညှစ် ထုတ် သုံးလာ၍ ကုန်သွယ် ရေး လမ်းကြောင်းတလျှောက် အတော်အသင့် ထိုးဖောက်လာနိုင်ခဲ့သည်။
ဤသည်မှာလည်း အကြောင်း သုံးရပ် အပေါ် အခြေခံနေပြီး ၎င်းတို့ အတွက် အရှုံး အနိုင်သည် ရွေးကောက်ပွဲ မတိုင်မီ အဆုံးအဖြတ် ပေးလာနိုင်သည်ဟု အေးရှား တိုင်းမ် သတင်းစာတွင် စစ်ရေး သုတေသီ အန်ထော်နီ ဒေးဗစ် က ဝေဖန် သုံးသပ်ထားသည်။
ပထမ အချက်သည်ကား ၁၆ လ ကြာ လူငယ်များအဓမ္မ စစ်ထဲ ဆွဲသွင်း ပြီး လူအင်အား ဖြည့်တင်းလာခြင်းကြောင့် ဖြစ်သည်။ ဒုတိယ အချက် က တရုတ် နှင့် ရုရှားတို့၏ အထောက်အပံ့ဖြင့် နောက်ဆုံးပေါ် ဒရုန်းများကို ဗျုဟာ မြောက် သုံးလာနိုင်ခြင်း ဖြစ်သည်။
နောက်ဆုံး အချက်က ကြည်းတပ် သည် လက်နက်ကြီး နှင့် လေကြောင်းပစ်ကူများကို နည်းဗျုဟာမြောက် အသုံးချ နိုင်မှု တိုးတက်လာခြင်း ပင် ဖြစ်သည်။ ထိုသို့ ဖြစ်လာ အောင်လည်း ဒရုန်း နည်းပညာ သစ်၏ ပံ့ပိုးမှု ဖြင့် ISR ခေါ် ထောက်လှန်းရေး၊ကင်းထောက် ထောက်လှန်း စောင့်ကြည့် နိုင်မှု များ ပိုမို ကောင်းမွန်လာခြင်း ကြောင့် ဖြစ်သည်။
ထိုသို့ အရေးသာလာ မှု များ ရှိလာသော်လည်း ရှုပ်ထွေးပြီး မတည်မငြိမ်ဖြစ်နေဆဲ ပဋိပက္ခ ၏ အနေအထားမျိုး တွင် အနီးကပ်ဖြစ်လာနိုင်သည့် အဖြစ်အပျက်များကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားခြင်းသည် မိုက်မဲသည့် လုပ်ရပ်တစ်ခုပင် ဖြစ်သည်။
သို့သော် မဖြစ်မနေ မီးမောင်းထိုးပြသင့်သည်က ရွေးကောက်ပွဲ မတိုင်မီ စစ်အုပ်စု၏ လက်ရှိ မိုးရာသီ ထိုးစစ် အောင်မြင်မှု သို့မဟုတ် ကျရှုံးမှု သည် အဓိက အချက် သုံးချက် အပေါ် မူတည်၍ အဆုံး အဖြတ် ပေးလာနိုင် ခြင်းပင် ဖြစ်သည်။ လက်ရှိတွင်တော့ ထိုအချက်များကို တိတိကျကျ ပြောဖို့ ခက်ခဲနေသော်လည်း ဒီနှစ်ကုန်ပိုင်းတွင်တော့ အဖြေက ရှင်းရှင်းလင်းလင်း ပေါ်လာတော့မည် ဖြစ်သည်။
ပထမ ဆုံး အနေဖြင့် စစ်အင်အား နှင့် အသင့် ဖြစ်မှု မရှိသေးဘဲ နိုင်ငံရေး လိုအပ်ချက်ကြောင့် လမ်းကြောင်း မျိုးစုံကို ဖြန့်ကြက် ထိုးစစ်ဆင်လာခြင်းသည် ရေရှည်တည်တံ့နိုင်မည်လား ဆိုသည့် အချက်ပင် ဖြစ်သည်။ စစ်အုပ်စု ဖက်က စီမံချက် ရေးဆွဲသူများ သည် "ရှင်းလင်း၊ ထိန်းချုပ်၊ တည်ဆောက်" ဆိုသည့် တန်ပြန် စစ်ပွဲ မဟာဗျူဟာကို ကြားဖူးထားခဲ့လျင်ပင် နောက်မှ စဉ်းစားမည် ဆိုကာ ဂမူးရှူးထိုး ထိုးစစ်ဆင်လာခဲ့ခြင်းပင် ဖြစ်သည်။
ရေရှည် တည်တံ့အောင် ထိန်းသိမ်း နိုင်ဖို့ ဆိုသည်က လူအင်အား၊ ထောက်ပို့ လုပ်နိုင်မည့် အတိုင်းအတာ ပေါ်တွင် မူတည်နေသည်။ လက်ရှိတွင်တော့ ထိုနှစ်ချက် စလုံးက အလွန်အကျွံ ဆွဲဆန့်နေရမည့် အခြေအနေ မျိုး ဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်လ အတွင်း တွင် တော့ စစ်အုပ်စုသည် ၎င်းတို့ ရရှိလာသော စစ်အင်အား ကို သိသိသာသာ ထုတ်ပြနိုင်ခဲ့ပြီး ဖြစ်သည်။ စစ်ပွဲ၏ အစောပိုင်း ကာလများတွင် တပ်ရင်း တရင်းလျင် လူအင်အား ၁၀၀ မှ ၁၅၀ လောက်နှင့် မနိုင်ရင်ကာ လှုပ်ရှားခဲ့ရသော်လည်း ယခုအခါ ၅၀၀ မှ ၁,၀၀၀ ကြားထိ အားဖြည့်လာနိုင်ပြီ ဖြစ်၍ ခေတ်မီ စစ်တပ်တတပ်၏ တပ်ရင်း ဖွဲ့စည်း ပုံ ဖြစ်သော ၈၀၀ တဝိုက်ထိ အင်အား ဖြည့်တင်းလာနိုင်ခဲ့သည်။
ထိုအရည်အတွက် သည် အရေးပါသည်မှာ သံသယ ဖြစ်ဖွယ် မရှိသော်လည်း အများစုသည် တိုက်ခိုက်ရေး အတွေ့အကြုံ မရှိဘဲ၊ အာဏာသိမ်း ခေါင်းဆောင် "ယာယီ သမ္မတ" ဆိုသူ မင်းအောင်လှိုင် အတွက် လုံခြုံစိတ်ချရအောင် တိုက်ပေးချင်စိတ် ရှိမရှိက မေးခွန်းထုတ်စရာ ဖြစ်လာရသည်။
၎င်းတို့၏ ထိုးစစ် တွင် အကျ အဆုံးက များသည်ထက် များလာနေကြောင်း သက်သေ အထောက်အထား များ တွေ့လာရသည်။ ဤသည်ကပင် အသစ် ပြန်လည် ဖွဲ့စည်းလာသော တပ်ရင်းများသည် စည်းလုံးမှု အားနည်းနေသည့် အပြင် အကျအဆုံး များလာသည်ကို တွေ့ရ၍ စိတ်ဓါတ်ပိုင်း အပေါ် သေခြာပေါက် သက်ရောက်မှု ရှိလာပေမည်သာ ဖြစ်သည်။
ဆက်စပ်နေသည့် လူအင်အား ပိုင်းဆိုင်ရာ ပြဿနာ တခု ရှိနေသည်က စစ်မှု မထမ်း မနေရ ဥပဒေ ရေရှည် တည်တံ့ နိုင်မည်လား ဆိုသည်ပင် ဖြစ်သည်။ တနှစ်ခွဲ ကြာလာပြီး နောက်တွင် အသက် ၁၈-၃၅ ကြား အမျိုးသား ၅,၀၀၀ ကို လစဉ် ခေါ်ယူရန် ပစ်မှတ်ထား ကြိုးပမ်းမှု များသည် အင်အားသုံး ဖမ်းဆီး ခေါ်ဆောင်ရသည့် အဆင့် ရောက်လာသည်။ ပိုက်ဆံ တတ်နိုင်သည့် မိသားစု များ က ၎င်းတို့ ကလေး များ ပြန်ရဖို့ အတွက် ကျပ် သုံးသန်းမှ ၈ သန်း အထိ ပေးပြီး ရွေးယူနေကြရသည်။
"လိုက်ဖို့ လက်မှတ်ထိုးလိူက်ပြီး နောက်တနေ့ အာရုံ မတက်မီ ထွက်ပြေးသွားသည့် ချာတိတ်များက ၆၀ ရာခိုင်နှုန်း ခန့် ရှိနေသည်ဟု ရန်ကုန်ရှိ အဆက်အသွယ် များသော ရှေ့နေတဦးက ပြောပြခဲ့သည်။ ကျန်လူများက အာဏာပိုင်များကို လစဉ် ပေးသွင်း နေကြရသည်၊ ယခုအခါ ၁၇ ကြိမ် ရှိ လာပြီ ဖြစ်၍ အချို့ ဒေသများတွင် လူငယ် များ ကုန်ခမ်း နေပြီ ဖြစ်၍ ပိုက်ဆံ ပေးစရာ ပင် မလိုတော့အောင် ဖြစ်လာနေ၍ အလုပ်မဖြစ်တော့ဟု ဆိုသည်။
စစ်အုပ်စု၏ ထိုးစစ် ဧရိယာ ကျယ်ပြန့်လာမှု ကြောင့် ထောက်ပံ့ ပို့ဆောင်ရေး လမ်းကြောင်း ပို၍ ရှည်လျား လာနေသည့် အတွက် အန္တရာယ် များလာသည်။ အထူးသဖြင့် အဓိက ကုန်သွယ်ရေး လမ်းကြောင်းများ ဖြစ်သည့် မန္တလေး မှ မူဆယ် အထိ၊ ဘားအံ မှ မြဝတီ အထိ လုံခြုံရေး ယူရမည့် စစ်ဆင်ရေးသည် အန္တရာယ် များလာသည်။
ပထမ အဆင့် အနေဖြင့် အဝေးပြေး လမ်းများ နှင့် မြို့များကို ထိန်းချုပ်နိုင်ခဲ့သည် ဆိုစေဦး ၎င်းတို့အား ထောက်ပံ့ရေး နှင့် ကုန်သွယ်ရေး အား တော်လှန်ရေး တပ်များ ၏ သေချာပေါက် အနှောက်အယှက် ပေးလာမည် ဖြစ်၍ လုအင်အား နှင့် အရင်း အမြစ်များသည် အတိုင်းအဆ မရှိ ဆုံးရှူံးနေမည်သာ ဖြစ်သည်။
၎င်းတို့ အဖို့ ရွေးကောက်ပွဲ မတိုင်မီ တော်လှန်ရေး တပ်များ ထိန်းချုပ် နယ်မြေ များထဲသို့ တိုး၍ ထိုးဖောက်လာလေလေ အဆိုပါ ပြဿနာများက ပို၍ နက်ရှိူင်း လာလေလေ ပင် ဖြစ်မည်။ စက်တင်ဘာလ လယ်တွင် ရွေးကော်မှ လုံခြုံရေး အကြောင်းပြချက် ဖြင့် ရွေးကောက်ပွဲ မလုပ်နိုင်သည့် စာရင်းမှ သီပေါ၊ ဖရူးဆိုး နှင့် ဖလမ်းတို့ကို ဖယ်ထုတ်လာ၍ ထိုမြိုများကို ပြန်သိမ်း နိုင်မည်ဟု ယူဆထားပုံရသည်။ ပို၍ သိသာလာသည်က ရခိုင်ပြည်နယ် အတွင်းရှိ သံတွဲ၊ တောင်ကုတ်၊ ဂွ နှင့် အမ်းတို့ ကိုပါ ရွေးကောက်ပွဲ လုပ်မည့် စာရင်းထဲ ထည့်သွင်းလာခြင်းပင် ဖြစ်သည်။ ဂယောင်ချောက်ခြား ဖြင့် (မင်းအောင်လှိုင် အကြိုက် ကတိပေးထားခြင်းမျိုး ဖြစ်သော်လည်း) ကြိုးစားကောင်း ကြိုးစားလာနိုင်သည်။
ဒုတိယ အချက် အဖြစ် ထွက်ပေါ်လာရသည်ကား တရုတ် မှ မြောက်ပိုင်းရှိ EAO နှင့် PDF တပ်များထံ လက်နက်များ မရောက်အောင် မည်မျှ အတိုင်းအတာ အထိ ထိန်းချုပ်ထားနိုင်မည် ဆိုသည်ပင် ဖြစ်သည်။ ယင်းသည် လာမည့် လများ အတွင်း စစ်ပွဲ၏ လားရာကို သက်ရောက်မှု ရှိလာနိုင်မည် ဖြစ်သည်။
ဩဂုတ်လ ၂၀ ရက်နေ့ ပန်ဆန်း တွင် ပြုလုပ်သော အစည်းအဝေး တွင် ဝ ခေါင်းဆောင်များက တအာင်း၊ ကိုးကန့် နှင့် ရှမ်း တို့အား ၎င်းတို့ စစ်ရေး နှင့် အခြား အထောက်အပံ့များ ပေးတော့မည် မဟုတ်ဟု အသိပေးလာခဲ့သည်။ ၎င်းတို့ ပြောစကား အတိုင်း အမှန်တကယ် ဖြစ်လာမည် လား ဆိုသည်က စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။
ဝ သည် တရုတ် တို့ တဖက်သတ် ချမှတ်လာသည့် အမိန့်ကို ဖေါက်ဖျက် လိုစိတ် မရှိသည်မှာ သေချာသော်လည်း စစ်အုပ်စု မှ ရှမ်းပြည်နယ် အတွင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ဖက်တွင် တဖန် ပြန်ခေါင်းထောင်လာမည်ကိုတော့ လိုလားကြမည် မဟုတ်။
သို့သော် တရုတ်တို့ဖက်မှ စောင့်ကြည့်နေသည့် အတွက် ရှမ်း ပြည် အနောက်ပိုင်းသို့ လက်နက်များ စီးဆင်းမှု သိသိသာသာ ကျဆင်းသွားခဲ့ရသည်။ စစ်တပ်မှ အထိုင်ချ၊ ရှေ့တိုးလာဖို့ ရှိနေသည်။
တဖက်တွင်လည်း ပြည်သူ့ ကာကွယ်ရေး တပ်များ မှ နိုဝင်ဘာ နှင့် ဒီဇင်ဘာလ များ အတွင်း ထိုးစစ်ဆင်ရန် စီစဉ်ထားမှု များလည်း သက်ရောက်မှု ရှိလာနိုင်သည်။ လက်နက်ခဲယမ်း များ အတွက် အသုံးစရိတ်များ မြင့်တက်လာတော့မည်လည်း ဖြစ်သည်။
တတိယ အချက် သည်ကား ကျောက်ဖြူ အရေးပင် ဖြစ်သည်။ ကျောက်ဖြူ ဆိပ်ကမ်း တိုက်ပွဲ ရလဒ်သည် ဒီဇင်ဘာ ရွေးကောက်ပွဲ မတိုင်မီ နှင့် နောက်ပိုင်းတွင် မြန်မာ ၏ နိုင်ငံရေး နှင့် စစ်ရေး မျှခြေ ကို သက်ရောက်မှု ရှိလာမည် ဖြစ်သည်။ လက်ရှိတွင် အခိုင်အမာ ခြေကုပ်ယူပြီး အငိအား ဖြည့်တင်းထားသည့် စစ်အုပ်စု တပ်များအား ၎င်းတို့ထက် ပိုပြီး အင်အား တောင့်တင်းသည့် အာရက္ခတပ်တော် က ဝိုင်းရံထားသည်။
ဇွန်လမှစ၍ အင်အား ၄၀,၀၀၀ မှ ၅၀,၀၀၀ အကြားရှိ အာရက္ခ တပ်များသည် မြို့တော် စစ်တွေ၊ မကွေး၊ ဧရာဝတီ ဒေသများထက် ကျောက်ဖြူကို သိမ်းပိုက် နိုင်ရေး ကို ပိုပြီး ဦးစားပေး လာသည်။ ယင်းသည် တရုတ်၏ အာရက္ခ တပ်တော် အပေါ် နှစ်သက်လိုလားမှု ရှိသည့် သဘောထားကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။
သို့သော် လည်း ကျောက်ဖြူ တိုက်ပွဲ နှင့် ပတ်သက်ပြီး ဘယ်လို ဖြစ်လာမည်လဲ ဆိုသည်က ကြိုတင် ခန့်မှန်းဖို့ ခက်လှပြီး မရေမရာ ဖြစ်နေဆဲပင်။
လက်ရှိ စစ်ပွဲ တွင် သွေးထွက်သံယိုမှု အများဆုံး နှင့် အကျိုးဆက် အများဆုံး ပေါ်ထွက်လာနိုင်သည့် ကျောက်ဖြူ တိုက်ပွဲ အတွက် စစ်အုပ်စု သည် အနည်းဆုံး အင်အား ၃,၀၀၀ ရှိသည့် တပ်ရင်းများ ချထားပြီး ရေကြောင်းနှင့် လေကြောင်းမှ ရိက္ခာ နှင့် အင်အား ဖြည့်တင်းမှု တွေ ရှိလာနိုင်သလို ရေတပ်၊ လေတပ်များကလည်း ကူညီပစ်ခတ် ပေးလာနိုင်သည်။
တဖက်တွင်လည်း အာရက္ခ တပ်များဖက်က တပ်အင်အား ကို ၁၀,၀၀၀ ခန့်အထိ ထုတ်သုံးရန် ရည်မှန်းထားပြီး ဖြစ်သည်။ ထိုတပ်များသည် တိုက်ရည်ခိုက်ရည် ပြည့်ဝပြီးသား ဖြစ်၍ မင်းအောင်လှိုင်၏ အတင်းအဓမ္မ ဆွဲသွင်းလာသူ များ နှင့် ဖွဲ့စည်းထားသော တပ်များ မည်သို့မျှ ယှဉ် နိုင်မည် မဟုတ်ပေ။
လာမည့် လများ အတွင်း ဆိပ်ကမ်းကို အာရက္ခ တပ်တော်လက်ထဲ ကျသွားခဲ့မည်ဆိုလျင် ဖြစ် ပေါ်လာမည့် အကျိုးဆက်များက အလွန်ကြီးမားသွားလိမ့်မည် ဖြစ်သည်။ စစ်အုပ်စု၏ စီးပွားရေးဆုံးရှုံးမှုများ အပြင် ဆိပ်ကမ်းနှင့် ကပ်လျက်ရှိသည့် ရေတပ်အခြေစိုက်စခန်း သိမ်းပိုက်ခံရခြင်းသည် ရွေးကောက်ပွဲမတိုင်မီ ၎င်းတို့ အတွက် ရှက်ဖွယ်လိလိ အရေးနိမ့်မှု ဖြစ်သွားပေလိမ့်မည်။
အာရက္ခ တပ်တော် နှင့် တရုတ် တို့ အကြား ဆက်ဆံရေးသည်လည်း အရာခပ်သိမ်း ပြောင်းလဲသွားပေမည်။ ၎င်းတို့၏ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ များ အတွက် အာရက္ခ ပြည်သူ့ တော်လှန်ရေး အစိုးရ နှင့် မဖြစ်မနေ ဆွေးနွေးရတော့မည် ဖြစ်သည်။
တရုတ်မှ စစ်တပ်အားလည်း ၎င်းတို့ အကျိုးစီးပွားများ ထိခိုက်မည် စိုး၍ ကျောက်ဖြူအား လက်စားချေ ဗုံးကြဲ တိုက်ခိုက်ခြင်း မပြုဖို့ သတိပေးလာဖို့ ရှိနေသည်။
တကယ်တမ်း ရက္ခိုင့်တပ်တော်က ဆိပ်ကမ်းကို သိမ်းပိုက်ပြီး လုံခြုံရေးယူနိုင်ခဲ့ မည် ဆိုက တရုတ်က ကြားဝင်ပေးမည့် အပစ်အခတ် ရပ်စဲရေးကို လက်ခံဖို့ စိတ်အားထက်သန်လာပေလိမ့်မည်၊ ၎င်းတို့ အတွက် အင်အား ပြန်လည် စုစည်း နိုင်ဖို့ နှင့် ရွေးချယ် နိုင်စရာ လမ်းတွေကို ပြန်လည် သုံးသပ် နိုင်မည် ဖြစ်သည်။ နိုင်ငံရေး တွင်လည်း အဆုံးအဖြတ် ပေးနိုင်မည့် အနေအထားကို ခိုင်မာစွာ ရရှိသွားမည့် Kingmaker အဆင့် တက်လှမ်းသွားတော့မည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!