မွန်ပြည်နယ်တွင် အထူး စီးပွားရေး ဇုံ တည်ထောင်မည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ကြေငြာ

by Hla Soewai - Jul 31 2020

နိုင်ငံ၏ အရှေ့ခြမ်းတွင် အလုပ်အကိုင်များ ဖန်တီးပေးရေးနှင့် ပြည်ပရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာရန် ဂျပန် အကူအညီဖြင့် ပင်လယ်ဆိပ်ကမ်းနှင့် စက်မှုဇုံများ ပါဝင်မည့် အထူး စီးပွားရေးဇုံကြီးအား မွန်ပြည်နယ်ရှိ အိန္ဒိယ သမုဒ္ဒရာ ဖက်ခြမ်း ကမ်းရိုးတန်းဒေသတွင် တည်ထောင်သွားမည် ဖြစ်သည်။

 

ထို့ပြင် အဆိုပါ စီးပွားရေးဇုံအား ထိုင်း-ဗီယက်နမ် တို့နှင့် ချိတ်ဆက်မိစေရန်အဝေးပြေးလမ်းမကြီး တခု ဖေါက်လုပ်ရန်လည်း စီမံကိန်းတွင် ပါရှိလာခဲ့သည်။

 

အွန်လိုင်းမှ နေ၍ ဂျပန်စီးပွားရေး ဖက်ဒရေးရှင်းကြီး ကိုင်ဒန်ရင်း၏ အဖွဲ့ဝင် ကုမ္ပဏီများမှ လုပ်ငန်းရှင် ၈၀၀ နှင့် ဆွေးနွေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မှ ယခုလို ကြေငြာလိုက်ခြင်းပင် ဖြစ်သည်။ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေးသည် စီမံကိန်း အကောင်အထည် ဖေါ်ရခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ ဗီဒီယို ကွန်ဖရင့်တွင် ပါဝင်ဆွေးနွေးခဲ့သည့် ရင်းနှီးမြုပ်နှံမှု နှင့် ပြည်ပစီးပွားဆက်ဆံရေး ဝန်ကြီး ဦးသောင်းထွန်းမှ မွန်ပြည်နယ် စီးပွားရေး ဇုံသည် နိုင်ငံအတွင်း
အကြီးမားဆုံး ဖြစ်လာလိမ့်မည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

မြန်မာသည် အဆိုပါ စီမံကိန်းဖြင့် ဂျပန်မှ တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာရေး မျှော်လင့်လျက်ရှိသည်။ အစိုးရ စာရင်းဇယားများအရ ၂၀၁၁ မှ ယခုထိ ဂျပန်ရင်းနှီးမြုပ်နှံမှု စုစုပေါင်း ပမာဏသည် အမေရိကန် ဒေါ်လာ ၁.၇ ဘီလီယံ ကျော်သွားပြီ ဟု သိရသည်။

 

"ယခုအခါ ကော်ရိုနာဗိုင်းရပ်စ်ကြောင့် ကုန်စည်ထောက်ပို့ ကွင်းဆက် supply chain များ အား ပြန်လည် သုံးသပ်နေကြရာတွင် စက်ရုံများ ရွှေ့ပြောင်းရေးအတွက် မြန်မာသည် အားလုံး၏ အာရုံစိုက်စရာ ဖြစ်လာနေပြီ" ဟု ကိုင်ဒန်ရင်း၏ ဂျပန်-မြန်မာ စီးပွားရေး ကော်မတီ ဥက္ကဌ ကင် ကိုဘာရာရှီက ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ၏ အထည်အလိပ် လုပ်ငန်းသည် အထိနာဆုံးဖြစ်ခဲ့ရသည်။ လက်ရှိတွင် နိုင်ငံတွင်း၌ အတည်ပြု ကူးစက်ခံရသူ ၃၅၀ ရှိနေပြီး ၂၀၂၁ တွင် မိမိတို့ နိုင်ငံ အနေဖြင့် V ပုံသဏ္ဍန် စီးပွားရေးပြန်လည် ဦးမော့လာဖွယ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြန်သည်။ (အများ လက်ခံထားသော စီးပွားရေးဦးမော့မှု ပုံစံ သုံးမျိုးမှာ L, V, W ဟူ၍ ဖြစ်သည်)

လက်ရှိတွင် ဂျပန်နှင့် ပူးတွဲ တည်ထောင်ထား သော သီလဝါ အထူးစီးပွားရေး ဇုံတခုသာ လုပ်ငန်းလည်ပတ်လျက် ရှိနေပြီး တရုတ်နှင့် ပူးတွဲလုပ်ကိုင်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုံသည် ဆောက်လုပ်ခြင်း မရှိသေးပေ။

ရန်ကုန် အနောက်ပိုင်းတွင် စက်မှုဇုံတခု တည်ဆောက်ရေး အတွက် မကြာမီ အတွင်း တင်ဒါများ ခေါ်ယူသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြန်သည်။ အဆိုပါ စက်မှုဇုံအား တရုတ်တို့မှ စတင်အဆိုပြုခဲ့ခြင်း ဖြစ်သော်လည်း ဂျပန်ကုမ္ပဏီများ ပါ ပါဝင်နိုင်ရန် တင်ဒါများ ဖိတ်ကြားသွားမည်ဟုလည်း သိရသည်။

(၂၀၂၀ ဇူလိုင် ၂၉ ရက်နေ့ Nikkei Asia Review တွင် ပါရှိသော "Suu Kyi courts
Japan investments with new economic zone" ဆောင်းပါးမှ")