ဒေါ်နယ် ထရမ့် လက်ထက် ဒီမိုကရေစီကို ကာကွယ်နေသည့် ပေတံများ

by Hla Soewai - Sep 26 2025

၁၉၄၅ တွင် အမေရိကန် သည် ပင်လယ်ရပ်ခြား တွင် ဖက်ဆစ်ဝါဒ ကို တိုက်ခိုက်နေရဆဲ ဖြစ်သည်။ သို့သော် အမေရိကန် စစ်ခေါင်းဆောင် များက ပြည်တွင်း တွင် ကျရောက်လာနိုင်သည့် အန္တရာယ်ကြီးကို သတိပေး ချက် ထုတ်ပြန်လာခဲ့ကြသည်။

 

ထိုစဉ်က စစ်ဝန်ကြီး ဌာန မှ ၆၄ ကြိမ် မြောက် လမ်းညွန် အချက်အလက် ထုတ်ပြန်ရာတွင် ဖက်ဆစ်ဝါဒ သည် အမေရိကန် တွင် ပေါ်ထွန်းမလာနိုင်ဟု ဆိုကာ ပေါ့ပေါ့လျော့လျော့ မနေကြဖို့ ထည့်သွင်းသတိပေးလာခဲ့သည်။ အဆိုပါ အန္ဆရာယ် ကြီးသည် နိုင်ငံ ကိုသာ မက စစ်ပြန်များ ဖြစ်လာမည့် စစ်သည်များ ကိုပါ ကျရောက်လာနိုင်သည်ဟု ပါရှိခဲ့သည်။

 

စစ်ကြီး ပြီးသွားသည့် အခါ စီးပွားရေး အဆင်မပြေ မှုများ နှင့် ကြုံလာနိုင်ပြီး ထိုအခါတွင် ဖက်ဆစ်များက အလွန်အကျွံ ကတိများ ပေးလာကြမည်၊ မိမိတို့ အချင်းချင်းအကြား လူမျိုးရေး၊ ဘာသာရေး ၊ စီးပွားရေး အရ သွေးခွဲပြီး ဘယ်အတွက်ကြောင့် ဖြစ်လာရသည်ကို စဉ်းစားတွေးခေါ်ကြဖို့ထက် မုန်းတီးကြရန် လှူံ့ဆော်လာကြပေမည် ဟု ဆိုသည်။

 

လမ်းညွှန်ချက်၏ အဆုံးတွင် "ပေါ်ပေါက်လာသော စီးပွားရေး ပြဿနာများကို ဒီမိုကရေစီ နည်းလမ်း ကျကျ ဖြင့် ဖြေရှင်း နိုင်နေသ‌ရွေ့ ဖက်ဆစ်ဝါဒ သည် အမေရိကန် တွင် သေချာပေါက် ဖြစ်ပေါ်လာစရာ အကြောင်းမရှိ" ဟု ပါရှိခဲ့သည်။

 

စစ်ကြီးပြီး၍ တိုင်းပြည်သို့ ပြန်ရောက်လာကြမည့် စစ်ပြန်များ စိုးရိမ်ဖို့ လိုအပ်သည် က အမေရိကန် နိုင်ငံသား တဦးစီ၏ လွတ်လပ်ခွင့်ပင် ဖြစ်သည်။ မည်သည့် နိုင်ငံသား တဦး မဆို ၎င်း၏ အခွင့် အရေး များ ရုပ်သိမ်းခံခဲ့ရမည် ဆိုလျင် အားလုံး၏ လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီ အခွင့်အရေး များ အားလုံး ခြိမ်းခြောက်ခံလာရခြင်းပင် ဖြစ်သည်။

 

လက်ရှိ ဒေါ်နယ် ထရမ့် အစိုးရထံမှ ထွက်လာသော အချက်ပြလာမှု များက လွတ်လပ်ခွင့် နှင့် အခွင့်အရေး များ အားလုံး နှင့် ပတ်သက်ပြီး ဇဝေ‌ဇဝါ ဖြစ်ကုန်ကြသည်။

 

ဩဂုတ်လကုန်ပိုင်း တွင် အိမ်ဖြူတော် ရှေ့ တွင် အလံကို မီးတင်ရှို့ခဲ့သည့် စစ်ပြန်တဦးအား ရုံးတင် တရားစွဲဆိုခဲ့ပြီး လွှတ်တော် အဆောက်အဦးအား ဝင်ရောက် စီးနင်းရာမှ သေဆုံးသွားသည့် စစ်ပြန်ကိုမူ သူရဲကောင်း မှတ်တမ်းဝင်တဦး အလား ဂုဏ်ပြုခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။

 

အစိုးရ၏ မျက်စိတွင် အလံကို မီးရှို့သည့် စစ်ပြန်အား ပြည်ထောင်စုကို ခြိမ်းခြောက်လာသည့် ရာဇဝတ်သား ဖြစ်နေပြီး၊ နောက်တယောက်ကိုမူ အပြစ်မရှိသည့် မျိုးချစ် တဦး အဖြစ် အဘယ်ကြောင့် ရှူမြင်နေသနည်း ဆိုသည်က ပဟေဠိ ဖြစ်လာရသည်။

 

နှစ်ဦးစလုံးသည် ဒေါ်နယ် ထရမ့်ကြောင့် ယခုလို အဖြစ် ရောက်ခဲ့ကြခြင်း ဖြစ်သည်။ ၂၀၂၁ ဇန်နဝါရီ ၆ ရက်တွင် လွှတ်တော်ကို ဝင်ရောက်စီးနင်းခဲ့ရာတွင် ပါဝင်ခဲ့သည့် အက်ရှ်လီ ဘက်ဘစ်သည် အီရတ် နှင့် အာဖဂန်နစ္စတန် အပါအဝင် လေတပ် နှင့် အမျိုးသား အစောင့်တပ် များ တွင် စုစုပေါင်း ၁၄ နှစ် ကြာ အမှုထမ်းခဲ့သည့် စစ်ပြန် တဦး ဖြစ်သည်။

 

သူမသည် ၂၀၂၀ ရွေးကောက်ပွဲအား မသမာမှု များ နှင့် ပြည့်နှက်နေသည်ဟု ယုံကြည်ခဲ့သည်။ ထိုယုံကြည်မှု နှင့် ကက်ပီတို အပြင်ဖက်တွင် စောင့်နေကြသော ရဲများ ကို ကျော်လွှား ဝင်ရောက်လာသည့် လူအုပ်ကြီးကို ဦးဆောင်ပြီး အထဲထိ ရောက်လာခဲ့သည်။ သူမသည် ထရမ့် အလံကို အင်္ကျီလက်ပြတ်လုပ်၍ ဝတ်လာခဲ့သည်။ အတွင်းခန်း တွင် ပိတ်မိနေသော ကွန်ဂရက် အမတ်များအား တံခါး အနီး အရံအတားများလုပ်ကာ ရင်ဆိုင်ရန် အသင့် အနေအထား စောင့်နေကြသည့် နေရာသို့ ကွဲနေသော ပြတင်းပေါက် မှန်တံခါး မှ ခုန်ကျော် ဝင်ရောက်လာချိန်တွင် ရဲအရာရှိတဦး၏ ပစ်ခတ်ခံရ၍ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

 

ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး အဖွဲ့ နှစ်ဖွဲ့မှ မျက်မြင် သက်သေများ၏ ထွက်ဆိုချက်များ အပေါ် အခြေခံ၍ လူအများ၏ အသက်ကို ကယ်တင်ခဲ့သည့် လုပ်ရပ်အဖြစ် အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

 

မစ္စက် ဘက်ဘစ်၏ မိသားစုက ငြိမ်းချမ်းစွာ လက်နက်ချဖို့ တောင်းဆိုလျင် လိုက်လျောမည်သာ ဖြစ်သည်ဟု ပြောလာခဲ့သည်။ ထရမ့်က သူမသည် ရပ်ကြည့်နေသည့် အပြစ်မဲ့သူ တဦးသာ ဖြစ်ပြီး "လူရမ်းကား" တယောက်၏ သတ်ဖြတ်ခြင်း ခံခဲ့ရခြင်းသာ ဖြစ်သည်ဟု ပြောခဲ့သည်။

 

ထရမ့် အစိုးရသည် ကျန်ရစ်သူ မိသားစု မှ မ‌သေသင့်ပဲ သေဆုံးခဲ့ရမှု အတွက် တရားစွဲဆိုခဲ့မှု အပေါ် လျှော်ကြေး အဖြစ် ဒေါ်လာ ငါးသန်း ပေးရန် ပြီးခဲ့သည့် နွေဦး တွင် သ‌ဘောတူခဲ့သည်။ ၂၀၂၁ တွင် လေတပ်မှ သူမအား စစ်အခမ်းအနားဖြင့် သင်္ဂြိုလ်ပေးရန် တောင်းဆိုခဲ့မှု ကို ငြင်းဆိုခဲ့သည်။ ဩဂုတ်လ ၂၈ ရက်နေ့တွင် တော့ ထိုတောင်းဆိုမှု အား ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

 

တရားစွဲခံထားရသည့် စစ်ပြန် ဂျေး ကဲရီ သည် ထရမ့် အား လူလိမ် တယောက် ဖြစ်သည် ဆိုကာ အမေရိကန် အလံကို မီးရှို့ ဆန္ဒထုတ်ဖေါ်ခဲ့ခြင်း ဖြစ်သည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် အလံကို မီးရှို့မှု အား တရားစွဲဆိုရန် အမိန့်ကို ထရမ့်သည် လက်မှတ်ရေးထိုး ညွှန်ကြားလာခဲ့သည်။ ထိုအမိန့်တွင် "ကျွနုပ်တို့၏ အခွင့်အရေးများ လွတ်လပ်ခွင့် နှင့် လုံခြုံရေး ကို ထိန်းသိမ်း စောင့်ရှောက်ပေးနေသည့် နိုင်ငံရေး အစု အဝေးကြီး အား စိန်ခေါ်လာသည့် လုပ်ရပ်ဖြစ်သည်" ဟု ဆိုသည်။ အသက် ၅၄ နှစ်ရှိ မစ္စတာ ကဲရီသည် ထိုအမိန့် ထုတ်ပြန်ပြီးလျင် ပြီးချင်း အလံကို မီးရှို့ ဆန္ဒပြလိုက်ခြင်းလည်း ဖြစ်သည်။

 

၎င်းက အမေရိကန်တို့၏ လွတ်လပ်စွာ ပြောဆိုခွင့် သည် ထိခိုက်မှုများ ရှိသည် ဆိုစေဦး အသက်ပေး၍ ကာကွယ်သွားရန် တာဝန်ရှိ၍ ဟု ပြောလာပြီး ထရမ့်၏ အမိန့်သည် ပေါက်ပန်းဈေး သာသာ ဖြစ်ပြီး မည်သို့မျှ အရာမရောက်ဟု ဆိုသည်။

 

အမေရိကန် တရားလွှတ်တော်ချုပ်မှ အလံ မီးရှို့ခြင်းအား ဖွဲ့စည်းပုံအရ အကာအကွယ် ပေးထားသည့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အဖြစ် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထို့အတွက် မစ္စတာ ကဲရီ အား ဖမ်းဆီးခဲ့ပြီးသော်လည်း အလံမီးရှို့မှု ဖြင့် တရားမစွဲဘဲ ပန်းခြံ အဖြစ် သတ်မှတ်ထားသော နေရာတွင် မီးပုံ ဖြစ်အောင် မီးမွှေး ခဲ့၍ ဆိုကာ မဖွယ်မရာ လုပ်မှု ဖြင့် ရုံးတင် တရားစွဲဆို ခဲ့သည်။

 

ထရမ့် နှင့် ၎င်း၏ လက်ထောက်များက ကဲရီ၏ အာခံလာမှု အပေါ် ထူးထူးခြားခြား နှုတ်ဆိတ်နေကြသည်။ ၎င်းတို့၏ ခြိမ်းခြောက်လာမှု ကို အောင်အောင်မြင်မြင် တွန်းလှန် နိုင်ခဲ့၍လော၊ သို့တည်း မဟုတ် စစ်ပြန်တဦး ဖြစ်နေ၍လော ဆိုသည်ကား ပြောရခက်နေသည်။

 

မစ္စတာ ကဲရီသည် တင့်ကား လက်နက်စနစ် ကျွမ်းကျင်သူ အဖြစ် အီရတ်၊ ဘော့စနီယား၊ အာဖဂန်နစ္စတန် တို့ အပါအဝင် တပ်ထဲတွင် နှစ်ပေါင်း ၂၀ ကျော် အမှုထမ်းခဲ့ပြီး မြေပြင် စစ်ဆင်ရေး ထူးချွန် မှု အဖြစ် Bronze Star တံဆိပ် ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။

 

ကဲရီ သည် ထရမ့်အား Wizard of Oz နှင့် နှိုင်းယှဉ် ခဲ့ပြီး လူကြောက်များ ရှိနေ၍ အနိုင့်ကျင့် ရဲနေသူ သာ ဖြစ်သည်ဟု ဆိုသည်။ ကန့်လန့်ကာ နောက်ကို သွားကြည့်မယ် ဆိုရင် လူထွားကြီးဟန် ဆောင်နေသည့် လူ့ဗာလံ လေးကိုသာ တွေ့ရလိမ့်မည်ဟု လည်း ပြောခဲ့သည်။ ထရမ့်နှင့် ပတ်သက်၍ ၎င်းစိတ်ထဲတွင် ပေါ်လာသည့် တခွန်းတည်းသော စကားလုံးက "ဖက်ဆစ်" ဟူ၍ ဖြစ်သည်ဟု ထုတ်ပြောခဲ့သည်။

 

(၂၀၂၅ စက်တင်ဘာ ၄ ရက် အီကောနော်မစ် မဂ္ဂဇင်းပါ "The rules for defending democracy under Donald Trump" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)