လေး နှစ်ကျော် ဆိုသည့် ကာလ အတွင်း နိုင်ငံ အများ အပြားတွင် လမ်းတံတားများ၊ စက်ရုံ အလုပ်ရုံ များ တည်ဆောက်ပြီး တိုင်းပြည်ကို တိုးတက်သည်ထက် တိုးတက်အောင် အကောင်အထည် ဖေါ်နိုင်ခဲ့ကြပြီး ဖြစ်သည်။
သို့သော် မြန်မာပြည်တွင် တော့ တိုင်းပြည်ကို လက်နက် အားကိုး ဖြင့် အုပ်ချုပ်နေကြသော လူညစ် တသိုက်က တိုးတက်အောင် မလုပ်နိုင်သည့် အပြင် ရှိထားပြီးသမျှ ကို ပင် နေရာအနှံ့ ဖျက်ဆီးပစ်နေကြရသည့် ဘဝ ရောက်နေကြသည်။
ဥပမာ ပေးရလျင် ဘေးပတ်ဝန်းကျင်တွင် မိုးပျံ တိုက်ကြီးများ အလျိုလျို ပေါ်လာနေချိန်တွင် ၎င်းတို့ကတော့ ခနော်နီ ခနော်နဲ့ တဲအိမ်လေး ဖြင့် ဝါးလုံးခေါင်းထဲ လ သာ နေကြသူများ သာ ဖြစ်သည်၊ အားလုံး စုပေါင်းစပ်ပေါင်း အတွေးအခေါ် ချွတ်ခြုံကျ နေကြသည်ကို ကြည့်မည်ဆိုက မည်မျှ အထိ စိတ်ဓါတ်များ ပျက်စီးသွားကြသည်ကို သိနိုင်သည်။ ငါတကိုယ်ကောင်းစားရေး၊ သားမြေးများ ကောင်းစားရေး ဆိုကာ တိုင်းပြည်ကို ဖျက်စီးနေကြသူများ ဖြစ်သည်။ ထိုသို့ လုပ်နေသည့် ကြားမှ ရုရှား၊ တရုတ် တို့ မှ ၎င်းတို့ နိုင်ငံများ၏ တိုးတက်နေမှု များ ထုတ်ပြသည့် ပွဲများအားလည်း မိန်းမများ ခေါ်ကာ နတ်ကရာ ကျီးမော့ ဆိုသလို သွားကြည့် ကြပြီး တအံ့တဩ မိန်းမော ခဲ့ကြသော်လည်း ငါဘာလုပ်နေသည် ဆိုသည်ကို ပြန်စဉ်းစားကြရကောင်းမှန်း မသိ။
ထိုဒဏ်ကို လူထုလည်း ကျောကော့အောင် ခံနေကြရသည်။ တထွာသော ဝမ်းဗိုက်ကို အလျင်မီအောင် ဖြည့်ဆည်း ပေးနိုင်ရေး အတွက် နေဝင်မှ နေထွက်အထိ လုပ်ကိုင်နေကြရသည်။
ထိုသို့ မနိုင်ရင်ကာ ရုန်းကန်နေကြရချိန်တွင် တပူပေါ် နှစ်ပူဆင့် ဆိုကာ ရွေးကောက်ပွဲ ကို လုပ်လာကြပေဦးမည်၊ မည်သူ နိုင်မည် ဆိုသည်က သေချာပေါက် သိနေသည့် ရွေးကောက်ပွဲ အတွက် မည်သူမျှ ရင်မခုံကြတော့၊ သို့သော် အေးအေးလူလူလည်း နေလို့မရပြန်။
ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်မှု များ နှင့် ၎င်းတို့၏ အကြောက်တရား လွန်ကဲမှုဖြင့် လူထု ကို ပို၍ ဖိနှိပ် အကျပ်ကိုင်လာပြီး မျက်စိဒေါက်ထောက် စောင့်ကြည့်လာကြသည်။ တရုတ်မှ ပံ့ပိုးပေးထားသော စောင့်ကြည့် ထောက်လှန်းရေး ပစ္စည်းများကိုတွင်တွင်ကျယ်ကျယ်ကြီး အသုံးချလာကြသည်။
ပြည်သူများက မဲရုံသို့ သွားပြီး ၎င်းတို့ ပြသည့် ခလုတ် ကို နှိပ်ပေးယုံဖြင့် မကျေနပ်နိုင်သေး၊ ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး လူတယောက်သာမက လူအယောက် တရာ၏ ပါးစပ်ပေါက်ကို ပိတ်ရန် ရူးနှမ်းစွာ ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
မြို့နယ် ၅၆ မြို့နယ်ရှိ မဲဆန္ဒ နယ်မြေ ၁၂၁ ခု တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပါဟု တရားဝင် အသိပေးခဲ့ရပြီး ဖြစ်သည်။
USDP ပါတီ ဥက္ကဌ သည်လည်း နိုင်ငံတွင်း အမုန်းတရား များ နှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးခဲ့ကြသည့် အမျိုးသားရေး ဝါဒီ ဆိုသည့် လူရမ်းကား များကို ပြောင်ပြောင်တင်းတင်းပင် ခေါ်ယူ တွေ့ဆုံပြီး ၎င်းတို့ ကြိမ်းသေ အနိုင်ရမည့် ရွေးကောက်ပွဲ ကို ပင် ကူညီပေးရန် ပြောဆိုခဲ့သည်။ အဆိုပါ ပုဂ္ဂိုလ်သည် တိုင်းပြည်ကို မီးဟုန်းဟုန်း တောက်သည်ထက် တောက်စေရန် ရုရှား မှ ကိုယ်ထိလက်ရောက် ဝင်ကူပေးပါဟုပင် တောင်းဆိုခဲ့ဖူးသူလည်း ဖြစ်သည်။
ဤသို့ဖြင့် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ လူထု၏ ရပ်တည်ရာ သည် လုံးဝ ကွယ်ပျောက်လုနီးနီး ဖြစ်သွားခဲ့ရသည်။
တရုတ်ကလည်း ရွေးကောက်ပွဲ ပြီးလျင် တိုင်းပြည် ငြိမ်းချမ်းသွားစေရမည်ဟူသော မင်းအောင်လှိုင်၏ ကတိကို အဟုတ်အောက်မေ့နေရှာသည်၊ တရုတ်၏ မြန်မာပြည် မူဝါဒ သည် ယခုမှလည်း မဟုတ်၊ ယခင်ကတည်းက အကြီး အကျယ် မှားခဲ့ကြပြီး ဖြစ်သည်ကို လည်း သင်ခန်းစာ ယူရကောင်းမှန်း မသိ။
ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံတွင် ဘုရားမဲ့ ကွန်မြူနစ် ဝါဒ သွတ်သွင်းရန် မော်စီတုန်းသည် ဗမာပြည် ကွန်မြူနစ် ပါတီ ကို ယခုအခါ ရှီကျင့်ပင်က မင်းအောင်လှိုင်ကို အတင်းကာရော ဆွဲတင် နေသလိုမျိုး နိုင်မြင်းကို မှား၍ လောင်းခဲ့ဖူးသည်ကို အားလုံး အသိပင် ဖြစ်သည်။
ယခုလည်း ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံ တွင် ဖက်ဆစ် စနစ် ကို ကျင့်သုံးအုပ်ချုပ်သွားတော့မည့် မင်းအောင်လှိုင်ကိုလည်း ၎င်းတို့ အကျိုးစီးပွား အတွက် ပွေ့ဖက် မြေတောင် မြှောက်ပေးနေသည်။
တရုတ်သည် စစ်အုပ်စု အပေါ် နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး ဖြင့် ကောင်းစွာ အကျပ်ကိုင် နိုင်ပါလျက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ရေငုံ နှုတ်ပိတ်နေခဲ့သည်။
၎င်းတို့သာ မြန်မာ ပြည် နှင့် လူထု ကို စေတနာ ထားသည် ဆိုက အောင်မြင်သည်၊ မ အောင် မြင်သည် ဖြစ် စေ ဒေါ်အောင်ဆန်းစုကြည် နှင့် မင်းအောင်လှိုင် တို့ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ အနည်းဆုံး တကြိမ် လောက်တော့ ကြိုးပမ်းပေးသင့်သည် မဟုတ်ပါလား။
သို့သော် ၎င်းတို့ စိတ်ထဲတွင် မြန်မာ အား ထင်သလို ချယ်လှယ်ခွင့် ရရန် သာ စိတ်ကူးနေ၍ ဒေါ် အောင်ဆန်းစုကြည်ကို ဘေးဖယ်ထုတ်ပြီး လိုသလို အသုံးချ၍ ရမည့် ငယ် မွေး ခြံ ပေါက် စစ် ဗိုလ်ချုပ်များ နှင့် ချော့တချီ ခြောက်တလှည့် စခန်းသွားရန် ပိုင်းဖြတ်ထားသည် မှာ ပေါ်လွင် ထင်ရှားနေသည်။
ရာဇဝတ်မှု ကျုးလွန်၍ လွှတ်ပေးလို့မရဟု အကြောင်းပြ၍ မရတော့ နိုင်ငံတော် သစ္စာဖေါက်မှု ဖြင့် ၂၀၁၉ တွင် ထောင်ဒဏ် အနှစ် နှစ်ဆယ် ချခံထားရသော ရခိုင် အမျိုးသားရေး ဝါဒီ ဒေါက်တာ အေးမောင် ဆိုသူကို ရွေးကောက်ပွဲ တွင် ပါဝင် နိုင်ရန် မင်းအောင်လှိုင်သည် ပြစ်မှု အားလုံး မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး နိုင်ငံတော် သစ္စာဖေါက်မှု ကျူးလွန်ခဲ့သည် ဆိုသော တရားရုံး မှတ်တမ်း များပါ ဖျက်သိမ်းပေးရန် စက်တင်ဘာ ၁၁ ရက်နေ့စွဲ ဖြင့် လက်မှတ် ရေးထိုး အမိန့်ထုတ်ပြန်ခဲ့သည်။
ဒေါက်တာ အေးမောင်သည် ၂၀၁၇ တွင် ARSA များ က ရဲကင်းများသို့ ဝင်ရောက်တိုက်ခိုက်လာခြင်းကို အကြောင်းပြု၍ မင်းအောင်လှိုင်အား သွားရောက်တွေ့ဆုံကာ တပ်များ စေလွှတ်ပေးရန် တောင်းဆိုခဲ့သူလည်း ဖြစ်သည်။ ယခုအခါ ၎င်းမှ သူ၏ ပါတီ ဖြစ်သော ရက္ခိုင့် တပ်ဦး ပါတီ သည် ပြည်နယ် အတွင်း မြို့နယ်အားလုံး တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြုံးဝါးလျက် ရှိသည်။ အာရက္ခ တပ်တော်ကမူ ၎င်းတို့ နယ်မြေများ အတွင်း ရွေးကောက်ပွဲ လုပ်ခွင့် ပြုမည် မဟုတ်ဟု ကြေညာထားပြီး ဖြစ်သည်။
မင်းအောင်လှိုင်သည် ၎င်း၏ အတွင်းစည်းဝိုင်း အတွင်းရှိ လူယုံ စစ်ဗိုလ်ချုပ်များ နှင့် ဆွေးနွေးသည့် အခါတိုင်း ငါတို့ အသေထွက်မလား၊ အရှင်ထွက်မလား ဆိုတာ ပြင်ဆင်ထားရမယ် လို့ မကြာခဏ ထည့်ပြောလေ့ရှိသည်ဟု အစည်းအဝေး သို့ လိုက်ပါသွားခဲ့သည့် အရာရှိများ၏ အပြောအား ကိုးကား၍ ဧရာဝတီ တွင် ရေးသားထားသည်။
ထိုအပြောကို သုံးသပ်မည် ဆိုက မင်းအောင်လှိုင် အဖို့ ကြိုးစင်လား၊ လုပ်ကြံခံရမည်လား၊ သမ္မတ ဖြစ်လာမည်လား ဆိုသည်ကို အလောင်းအစား လုပ်နေခြင်း ဖြစ်ပြီး ထိုပွဲ၏ အနိုင်အရှုံးကိုလည်း စစ်တပ် အတွင်း သိချင်နေကြသည်ဟု ဆိုသည်။ သမ္မတ ဖြစ်လာလည်း ကျန်သည့် နှစ်ခုက သူ့အလို လို ပျက်ပြယ်သွားမည်ကား မဟုတ်။
ထို အလောင်းအစားပွဲ တွင် နိုင်မှ ဖြစ်တော့မည်ကို သိထား၍ ရှေ့လျောက် အတင်းကာရော ဖိနှိပ်လာတော့မည် ဖြစ်သည်။
အချို့ သော ဥရောပ နိုင်ငံများက ကုလ လုံခြုံရေး ကောင်စီ ကို ကျော်လွှား နိုင်ရန် အိုင်စီစီ နှင့် မပတ်သက်သော "နိုင်ငံတကာ အထူး တရားရုံး" ဖွဲ့စည်း တည်ထောင်ရန် ဆော်ဪ စည်းရုံးနေကြပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
Illustration Credit - Irrawaddy News