ကေအိုင်အေ အပေါ် ဘီဂျင်း အမြတ်ထုတ်ခွင့်ရနေ

by Hla Soewai - Sep 17 2025

တရုတ်သည် တိုင်းရင်းသား တော်လှန်ရေး တပ်များ ထံ ကွန်ယက် ဖြန့်ကျက်ထားနိုင်မှု ကြောင့် ကမ္ဘာ့ ရှားပါး မြေသား သတ္ထုများ ရရှိရေး ပြိုင်ပွဲကြီး တွင် ရှေ့မှ ဦးဆောင်နေဆဲပင် ဖြစ်သည်ဟု အိန္ဒိယ ၏ Economic Times သတင်းစာ တွင် ရေးသားထားသည်။

 

ကချင် ပြည်နယ် အတွင်း ရှိ ကေအိုင်အေ ထိန်းချုပ်ထားရာ ချီဖွေ၊ ပန်ဝါ နှင့် မိုးမောက်ဒေသများ သည် မြေရှား သတ္ထုများ အထိန်းအကွပ် မရှိ ထုတ်လုပ် ရာ ‌နယ်မြေများ ဖြစ်လာနေသည်။ ထိုသတ္ထုများသည် လျပ်စစ်ကားများ၊ လေအားသုံး တာဘိုင်များ အတွက် အဓိက ကုန်ကြမ်းများ ဖြစ်နေ၍ ဘီဂျင်း အတွက် ကမ္ဘာကုန်သွယ်ရေး အခင်းအကျင်း တွင် အပေးအယူ လုပ်စရာ အားကောင်းသော လက်နက် ပိုင်ဆိုင်နေပြီ ဖြစ်သည်။

 

၂၀၂၁ စစ်အာဏာသိမ်းပြီး လေးနှစ် အတွင်းမှာပင်လက်ရှိ အရည်အတွက်၏ သုံးပုံ နှစ်ပုံ ခန့် ရှိသော မြေရှား သတ္ထု တွင်း ၂၄၀ ခန့် အလျိုလျို ပေါ်ပေါက်လာခဲ့သည်ဟု ချင်းမိုင် အခြေစိုက် မဟာဗျူဟာ နှင့် ပေါ်လစီ ရေးရာ အင်စတီကျု မှ ထုတ်ပြန်ထားသည်။ ထို လေးနှစ် အတွင်းမှာပင် တရုတ်ပြည်ထဲသို့ တန်ချိန် ၁၇၀,၀၀၀ ခန့် သယ်ထုတ်သွားခဲ့သည်။ ထိုအလေးချိန်သည် အီဖယ် မျှော်စင်ကြီး ပေါင်း ၂၃ ခု နှင့် ညီမျှသည်ဟု ဆိုသည်။

 

သို့သော် ပြီးခဲ့သည့် အောက်တိုဘာလမှ စ၍ တရုတ်တို့ ရတက်မအေးစရာ ဖြစ်လာရသည်။ ကချင်လွတ်လပ်ရေး တပ်များသည် ဘီဂျင်းလိုလားသော လက်နက်ကိုင် အဖွဲ့ NDA-K ထံမှ မြေရှားသတ္ထုများ ထွက်ရှိရာ ဒေသများကို သိမ်းယူနိုင်လိုက်ခြင်းကြောင့် ဖြစ်သည်။

 

ဧပြီလ အတွင်း တွင်မူ ဘီဂျင်း၏ စိတ်မသက်မသာ ဖြစ်လာရမှု များ ပြေလည်သွားခဲ့သည်။ တရုတ် သတ္ထုတူး ဖေါ်ရေး ကုမ္ပဏီများက ကေအိုင်အို မှ အခွန် အဖြစ် သတ်မှတ်လာသော တတန်လျင် ဒေါ်လာ ၄,၉၀၀ ပေးရမည် ဆိုသည်ကို သဘောတူလာခဲ့သောကြောင့် ဖြစ်သည်။

 

ကေအိုင်အေ သည် အခြားရွေးချယ်စရာ မရှိ၍ သာ တရုတ် တို့ နှင့် ဆက်ဆံလုပ်ကိုင်နေရခြင်း ဖြစ်သည်ဟု ဘာတေး လစ်တနာက ဆိုသည်။ ဓါတ်ဆီ၊ အစားအသောက်၊ ဆေးဝါး နှင့် အခြား လူသုံးကုန်များကို လိုင်ဇာရှိ ဌာနချုပ် အပါအဝင် ၎င်းတို့ ထိန်းချုပ်ထားရာ ဒေသတခုလုံးက မှီခိုနေရသည်ဟုလည်း သတင်းစာကို ပြောပြခဲ့သည်။

 

ကေအိုင်အေ က NDA-K အား တိုက်ခိုက်ရန် ပြင်ဆင်လာချိန်တွင် တရုတ်တို့က မတိုက်ဖို့ တားမြစ်ခဲ့သော်လည်း လက်မခံပဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ကေအိုင်အေ သည် လူသုံးကုန်များ အတွက် တရုတ်ကို မှီခိုနေရသော်လည်း ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် လှုပ်ရှားနိုင်စွမ်း ရှိသော အဖွဲ့လည်း ဖြစ်သည်။

 

နယူးဒေလီ နှင့် ဝါရှင်တန် တို့မှ အဆိုပါ ‌ဒေသရှိ သတ္ထုများ ရရှိရေး စိတ်ဝင်တစား ရှိနေကြသည် ဆိုသော် သတင်းများ နှင့် ပတ်သက်ပြီး ဘာတေး လစ်တနာက သတ္ထုတွင်းများသည် တရုတ်နယ်စပ်ဖက်တွင် ရှိနေသည့် အတွက် ကေအိုင်အေ အဖို့ အိန္ဒိယ သို့ တင်ပို့နိုင်ရန် အလွန်တရာ ခက်ခဲနေပြီး တရုတ်ဖက်မှလည်း အစွမ်းကုန် ဟန့်တားလာနိုင်သည်ဟု ဆိုသည်။

 

ကေအိုင်အေ ထိန်းချုပ်ဒေသမှ တောတောင်များကို ဖြတ်၍ အိန္ဒိယ၏ အာရူနာချဲလ် ပရာဒက်ရှ် ရှိ ပီနောင် ဇုပ် သို့ ကုန်းလမ်းဖြင့် သယ်ယူရေးသည် ထောက်ပံ့ပို့‌ ဆောင်ရေး ပိုင်းတွင် အိမ်မက်ဆိုးတခု လို ဖြစ်နေသည်။

 

ရိုက်တာ သတင်းကမူ အိန္ဒိယ သတ္ထုတွင်း ဝန်ကြီးဌာနမှ အစိုးရ နှင့် ပုဂ္ဂလိက ပိုင် ကုမ္ပဏီများအား မြေရှားသတ္ထု နမူနာ များ သွားရောက် စုဆောင်းရန် ညွှန်ကြားထားသည် ဟု ဆိုသည်။ ကေအိုင်အေ ဖက်ကလည်း နမူနာ များ စုဆောင်းပေးရန် သဘောတူခဲ့ပြီး တင်ပို့ နိုင်မည့် လမ်းကြောင်းကို လေ့လာသွားမည် ဟု ပြောဆိုခဲ့သည်ဟု သတင်းတွင် ပါရှိလာသည်။

 

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ ဘေးထွက် တွေ့ဆုံမှု အဖြစ် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ နှင့် မင်းအောင်လှိုင်တို့ ဆွေးနွေးရာတွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်ခြား စီမံခန့်ခွဲမှု နှင့် ကုန်သွယ်ရေး ကိစ္စများ ပါဝင်ခဲ့သည်။

 

ဘီဂျင်းကမူ အိန္ဒိယ ကဲ့သို့ မဟုတ်ဘဲ နောက်ထပ် ခြေလှမ်း စိတ်လာခဲ့ပြီး မြေရှားသတ္ထုများ ထိန်းချုပ်ထားသည့် အစိုးရ မဟုတ်‌ သော လက်နက်ကိုင် အဖွဲ့များ နှင့်ပါ ဆက်ဆံနေခဲ့သည်။

 

ဗြိတိသျှ ပညာရှင်များ ဖြစ်သော ပက်ထရစ် မီဟန် နှင့် မင်ဒီ ဆဒန် တို့ ပြုစုသော သုတေသန စာတမ်းတွင် တရုတ် ကုမ္ပဏီများသည် တလုံးတခဲတည်း ပေးချေမှု နှင့် သတ်မှတ်ပေးထားသော နေရာများ တွင် တူးဖေါ်ခွင့် ရရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် လျို့ဝှက်သဘောတူညီမှု များ ရယူထားသည်ဟု ဖေါ်ပြထားသည်။

 

ဘေးရောက်နေသည့် ဒေသခံများ အဖို့ ကမ္ဘာကြီး စိမ်းလန်း ရေး စွမ်းအင် ကူးပြောင်းမှု အတွက် လူမှုရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှု များ အတွက် မတန်တဆ ပေးဆပ်နေကြရပြီဟုလည်း စာတမ်းတွင် ဖေါ်ပြထားသည်။

 

တရုတ်တို့ ထိုသို့ ဝင်ရောက်တူးဖေါ်နေမှု များကြောင့် မြေအနေအထား နှင့် မြစ်ကြောင်းများ ပျက်စီး ညစ်ညမ်း ကုန်ပြီဟု Global Witness ကလည်း အစီရင်ခံစာ ထုတ်ပြန်ထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!