ပေါင် ၅၀၀ ဗုံး နှစ်လုံး စာသင်ကျောင်း ပေါ် ကြဲချမှု

by Hla Soewai - Sep 17 2025

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် သရက်တပင် ကျေးရွာရှိ ပုဂ္ဂလိက စာသင်ကျောင်း နှစ်ကျောင်းဖြစ်‌ သော ပညာပန်းခင်း နှင့် အမြင်သစ် ကျောင်းများအား အကြမ်းဖက် စစ်တပ်မှ တပြိုင်နက်တည်း ပေါင် ၅၀၀ ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်၍ အိပ်ပျော်နေရှာသော ကလေး များ အပါအဝင် အသက် ၁၅-၂၁ အကြားရှိ ကျောင်းသား ၁၈ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိသွားသည် ဆိုသော သတင်းဆိုးသည် နိုင်ငံတကာ သတင်းစာမျက်နှာ များ ပေါ်တွင် ပလူပျံအောင် ပါရှိလာခဲ့ပြီ ဖြစ်သည်။

 

AFP သတင်းအရ စနေနေ့ နံနက် တစ်နာရီ ခန့်တွင် လာရောက် တိုက်ခိုက်ကြခြင်း ဖြစ်သည်ဟု သိရသည်။

 

အာရက္ခတပ်တော်မှ အပြစ်မဲ့သော ကျောင်းသားများ သေဆုံး ခဲ့ရမှု အတွက် မိသားစု နှင့် ထပ်တူ ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

 

ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့မှ ထိုသို့ တိုက်ခိုက်မှု အား "ရက်စက်ကြမ်းကြုပ်သည့် လုပ်ရပ်" အဖြစ် ရှုတ်ချလိုက်ပြီ ဖြစ်သည်။ အရပ်သား ပိုင် အဆောက်အအုံများကို နိုင်ငံတကာ စစ်ဥပဒေများ အတိုင်း ကာကွယ် စောင့်ရှောက်ရန်လည်း တောင်းဆိုလိုက်သည်။

 

ယခု အခါ သေဆုံးသည့် ကျောင်းသား ကလေးသူငယ် အရည်အတွက်သည် ၂၂ ဦး အထိ ရှိလာပြီ ဖြစ်သည်ဟု သိရသည်။

 

ပုဏ္ဍားကျွန်း လူငယ် အသင်းမှ အခင်းဖြစ်ရာနေရာသို့ သွားရောက်ပြီး ရိုက်ယူခဲ့သည့် သတင်းမှတ်တမ်း ဗီဒီယို အား ထုတ်ပြန်ခဲ့ရာ အိမ်စာများ လုပ်ပြီး မောမော နှင့် အိပ် ပျော်နေရှာသော ကျောင်းသားများ၏ အဝတ်အစားများ၊ လွယ်အိပ်များ၊ စာအုပ်များ ပျံ့ကြဲ နေသည်ကို တွေ့ခဲ့ရသည်။

 

ထိုသတင်းသည် နယူး ယောက်တွင် ကုလသမဂ္ဂ အ‌ထွေ‌ထွေ ညီလာခံ ကြီး ကျင်းပရန် နီးကပ်လာနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

 

စစ်အုပ်စုသည် ကုလ ညီလာခံ သို့ ၎င်းတို့ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ခန့်အပ် ထားသည့် သန်းဆွေ ဆိုသူကို စေလွှတ်ရန် နှင့် ဦးကျော်မိုးထွန်း နေရာ တွင် ၎င်းတို့၏ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဆိုသူ နှင့် အစားထိုးရန် လုံးပမ်းနေချိန်လည်း ဖြစ်သည်။

 

ဒေါ်နယ် ထရမ့် သမ္မတ ပြန်ဖြစ်လာပြီး ၎င်းတို့ အပေါ် သ‌ဘောထား မသိမသာ ပြောင်းလာနေပြီဟု ယူဆ၍လည်း ကုလ ညီလာခံ တက်ရောက်ခွင့်ရရန် မျှော်လင့်ချက်များ မြင့်တက်လာနေချိန်လည်း ဖြစ်သည်။

 

ထိုသို့ တကြိမ်လည်း မဟုတ် အကြိမ်ကြိမ် အခါခါ နိုင်ငံတဝှမ်း ကလေးသူငယ်များကိုပင် ချမ်းသာမပေးဘဲ စစ်ရေး ပစ်မှတ် အဖြစ် တိုက်ခိုက်နေကြသူများကို ကုလသမဂ္ဂ စင်မြင်ပေါ်သို့ မည်သူက တင်လိုကြပေမည်နည်း၊ ထိုသို့ ခွင့်ပြုမည် ဆိုက ခွေးလာလာ ပွေးလာလာ စကားပြောခွင့်ရမည့် ပွဲ ကြီး ဖြစ်သွား ပေတော့မည်။

 

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း အသီးသီးက အပြင်းအထန် ရှူတ်ချ ခံနေရချိန်လည်း ဖြစ်ပြီး ကုလ မှ ဖွဲ့စည်းပေးထားသော မြန်မာ အရေး လွတ်လပ်‌သော စုံစမ်းရေး ယန္တရား အကြီးအကဲမှ စစ်ရာဇဝတ်မှု များ ကျုးလွန်နေသည့် အထောက်အထားများ ခိုင်ခိုင်လုံလုံ စုဆောင်းထားပြီး ဖြစ်၍ ၎င်းတို့အား နိုင်ငံတကာ ရာဇဝတ် ခုံရုံး အိုင်စီစီ သို့ လွှဲပြောင်းပေးရန် လုံခြုံ‌ ရေး ကောင်စီသို့ အကြိမ်ကြိမ် တောင်းဆိုထားပြီးလည်း ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် "အဆိုးဆုံးအခြေအနေသစ်သို့ ရောက်ရှိနေပြီ" ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် က ယခုသီတင်းပတ်အစောပိုင်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ပြောကြားခဲ့သည်။ တစ်နိုင်ငံလုံးရှိ အရပ်သားများသည် "အလွန်ရက်စက်ကြမ်းကြုတ်သည့် ဆိုးကျိုးများကို ခံစားနေကြရသည်" ဟုလည်း ၎င်းက ဆိုသည်။

 

ပြီးခဲ့သည့် တလ တည်းတွင်ပင် နိုင်ငံတဝှမ်း အရပ်သား ပြည်သူ ၂၇၇ ဦး ‌၎င်းတို့ လက်ချက်ကြောင့် သေဆုံးခဲ့ရသည်ဟု လည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

၎င်းတို့၏ စကားများသည် အလျင်းသင့်သလို ပြောနေခြင်း မျိုး မဟုတ်ပဲ အချက်အလက်များကို ကောင်းစွာ မှတ်တမ်းပြုထားမှုကို အခြေခံပြီး ပြောနေခြင်း ဖြစ်သည်၊ ပြဿနာ ဖြစ်လာရသည်က ရက်စက်အကြမ်းကြုပ် ဆုံး နည်းလမ်း ဖြင့် ပြောင်ပြောင်တင်းတင်း ကျုးလွန်နေသည်ကို သိရှိနေပါလျက် ဒီအတိုင်း ပစ်ထားမည်ဆိုက ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း အသီးသီး အပေါ် မည်သူက တလေးတစား ဆက်ဆံကြပေတော့မည်နည်း၊ ကျန် နိုင်ငံများကိုလည်း အလားတူ လုပ်ကြဖို့ မြှောက်ပေးနေသလို ဖြစ်လာရသည်။

 

တပ်ခ် က နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် အချက်အလက် မှတ်တမ်း မှတ်ရာ များ အပြည့်အစုံ ရရှိထားပြီး ဖြစ်၍ အရေးယူ ဆောင်ရွက်ဖို့သာ ကျန်တော့သည်ဟုလည်း ပြောဆိုသွားခဲ့သည်။

 

စစ်အုပ်စုသည် သံတမန်ရေး အရ ဝင်ဆံ့ နိုင်ရန် ကြိုးပမ်း‌ နေရ‌ သော်လည်း တဖက်တွင် ၎င်းတို့ အနွယ်တော် လူတန်းစားများ တသက်တာလုံး လူပေါ်‌လူဇော် လုပ်ကာ ကြွယ်ဝချမ်းသာရေး အတွက် ရည်ရွယ် တည်ဆောက်ထားသော လူနေမှု အဆောက်အအုံကြီးကို အ‌ ကြောက်အကန် ခုခံကာကွယ်သွားရဖို့ ရှိနေ၍ ၎င်းတို့၏ မူရင်းဗီဇ ဖက်ဆစ်နာဇီ အစွယ်များကို ဖုံးကွယ်ထား၍ မရ ဖြစ်လာနေသည့် အကျပ်အတည်း နှင့် ရင်ဆိုင်နေရသည်။

 

မည်သို့ပင် ဖြစ်စေ ၎င်းတို့ဖက်က ထိုသို့ ကြေကွဲစရာ အဖြစ်ဆိုး များ ဆက်လက် ကျူးလွန်နေသရွေ့ကမ္ဘာကြီး၏ ထားရှိရမည့် ကိုယ်ကျင့်တရား ဆိုင်ရာ အသိလိမ္မာ တရားများကို ဆက်လက် စိန်ခေါ်နေမည် သာ ဖြစ်သည်။

 

No-fly zone သတ်မှတ်ဖို့ကလည်း ကုန်ကျစရိတ် မည်သူက ကျခံကြမည်နည်း ဆိုသော ပြဿာနာက ရှိနေသည်။

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၁၉၇၃ ကို အခြေခံ၍ နေတိုး က ဦးဆောင်ခဲ့ပြီး လစ်ဗျားပြည်သူများကို အကာအကွယ်ပေးရန် no-fly zone သတ်မှတ်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှ စ၍ ခုနှစ်လ ကြာ ဆင်နွှဲခဲ့သည်။

 

စစ်ဆင်ရေးစတင်ချိန်တွင် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို တိုက်ခိုက်ဖျက်ဆီးရန်အတွက် ကနဦးကုန်ကျစရိတ်မှာ ဒေါ်လာ သန်း ၄၀၀ မှ ၁ ဘီလီယံ ကြား ရှိခဲ့သည်။

 

စစ်ဆင်ရေးပြုလုပ်နေစဉ်အတွင်း ကုန်ကျစရိတ်မှာ တစ်ပတ်လျှင် ဒေါ်လာ သန်း ၁၅ မှ ၁၀၀ ကြား ရှိသည်ဟု ခန့်မှန်းထားသည်။

 

မင်းအောင်လှိုင်သည် ကဒါဖီလောက် ကမ္ဘာကြီး အား ဒုက္ခ မပေးခဲ့သော်လည်း ယခု အခါ အွန်လိုင်း ငွေလိမ် ဂိုဏ်းများအား မျက်ကွယ် ပြုထားမှု ကြောင့် အမေရိကန် အပါအဝင် နိုင်ငံပေါင်း များစွာ ရှိ လူအများ သည် ဒေါ်လာ ဘီလီယံ ပေါင်း ရာချီ၍ ဆုံးရှုံးနေပြီ ဖြစ်၍ ကုန်ကျ ရမည့် စရိတ်က ထိုက်တန်သည်ဟု လည်း ယူဆလာနိုင်စရာ ရှိနေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!