လက်ရှိ တွင် အမေရိကန်၏ မြန်မာ နှင့် ထိတွေ့ဆက်ဆံမှု အား ပုံဖေါ်လာနေသည်က ဒဏ်ခတ် အရေးယူမှု များ၊ ရှားပါးမြေသား သတ္ထု ဆိုင်ရာ အကျိုးစီးပွားများ နှင့် စစ်အုပ်စု မှ လော်ဘီ လုပ်လာမှု များ ဖြစ်သည်ဟု Observer Research Foundation ဝက်ဆိုဒ် တွင် ယခုလို သုံးသပ်လာခဲ့သည်။
ထရမ့်သည် ၂၀၂၅ ဇန်နဝါရီ လ တွင် အိမ်ဖြူတော်သို့ တကျော့ပြန် ခြေချ ခဲ့ပြီး နောက် ၎င်း၏ မူဝါဒ များသည် ယခင်လို ရုတ်တရက် ဆောင်ရွက်သည့် ပုံစံမျိုး မတွေ့ရတော့ဘဲ ပို၍ ခန့်မှန်းရ ခက်လာပြီး လူမျိုးကြီး ဝါဒ စကားများ၊ နိုင်ငံတကာတွင် မဟာဗျူဟာ မြောက်ဆိုကာ တဖက်သတ် ဝါဒ ကျင့်သုံးခြင်း များ နှင့် အသစ်တဖန် ပြန်ပေါ်ပေါက်လာသည်။
ကမ္ဘာ အရေးအခင်းများ တခုပြီး တခု ဖြစ်ပေါ်လာမှု များကြားတွင် ၎င်း၏ အုပ်ချုပ်ရေး သက်တမ်း အသစ်တွင် မြန်မာ တွင် ဖြစ်ပွားနေသော ပဋိပက္ခ အား မည်သို့ ကိုင်တွယ် မည်ဆိုသည်ကို အနီးကပ် စီစစ် သုံးသပ်သွားဖို့ လိုအပ်လာသည်။
ထရမ့်၏ ပထမ သက်တမ်း (၂၀၁၇-၂၀၂၁) တွင် မြန်မာ သည် အမေရိကန်၏ မဟာဗျူဟာမြောက် အကျိုးစီးပွား အတွက် အရေးမပါလှသော နိုင်ငံ အဖြစ်သာ ရှိနေခဲ့သည်။ ရိုဟင်ဂျာ များ အား လူမျိုး တုံး သတ်ဖြတ်မှု နှင့် ဒီမိုကရေစီ ပိုင်း တွင် နောက်ပြန် ဆုတ်လာမှု များ အပေါ် တုန့်ပြန်မှု များသည်လည်း အားပျော့ပြီး အခြေအနေ အချိန် အခါ နှင့် ကိုက်ညီမှု မရှိခဲ့။
သမ္မတ ဂျိုးဘိုင်ဒင်သည် တန်ဖိုးအခြေခံသည့် ချဉ်းကပ်မှုပုံစံနှင့် တစ်ခါတစ်ရံတွင် လက်ရှောင်နေသည့် ချဉ်းကပ်ပုံကို ကျင့်သုံးခဲ့သည်။ ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံခဲ့သလို စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် ကော်ပိုရေးရှင်းများကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုများ လုပ်လာခဲ့သည်။ ဒေသတွင်း ဒီမိုကရေစီနိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ခဲ့ပြီး အာဆီယံ အပေါ် ပို၍ အားကိုးအားထား ပြုလာခဲ့သည်။
ထရမ့်၏ ဒုတိယ သက်တမ်းတွင်တော့ ဘူမိနိုင်ငံရေး အနေအထားသည် အပြောင်းလဲကြီး ပြောင်းလဲလာသည့် အဖြစ်နှင့် ကြုံလာခဲ့ရသည်။ မြန်မာတွင် တရုတ်၏ ဩဇာအာဏာ ပိုမို ကြီးထွားလာနေပြီး၊ အာဆီယံသည်လည်း ဘုံသဘောတူညီချက် အတိုင်း ရပ်တည်သွားနိုင်ရေး အတွက် မနိုင်ရင်ကာ ရုန်းကန်နေကြရသည်။ အနောက်တိုင်း၏ ပိတ်ဆို့ဒဏ်ခတ်မှု များသည်လည်း စစ်အုပ်စုအား ၎င်းတို့လိုလားသည့် ရလဒ် ထွက်ပေါ်လာအောင် မစွမ်းဆောင်နိုင် ဖြစ်နေသည်။
ထိုသို့ ဖြစ်လာနေသည်ကို တွေ့နေရသော်လည်း ထရမ့်၏ မြန်မာ မူဝါဒသည် အပြောင်းအလဲ မရှိဘဲ ယခင်အတိုင်း ဆက်သွားနေသည်၊ ထိုအပြင် ၎င်း၏ မူဝါဒ တွင် မှန်းဆရခက်သော လက္ခဏာများ၊ ရောင်းဝယ်ဖောက်ကားလိုသည့် စိတ်ဆန္ဒများ၊ ဒဏ်ခတ် ပိတ်ဆို့မှု များ အား ဖိအားပေးသည့် နည်းလမ်း အဖြစ် အသုံးချရန် စိတ်မပါ လက်မပါ ဖြစ်လာမှု များ ပြသလာခဲ့သည်။
ထရမ့်မှ အခွန်တိုးမြှင့်ရန် လုပ်ထုံးလုပ်နည်းအရ အကြောင်းကြားလာသည်ကို နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များက ၎င်းတို့အား အသိအမှတ် ပြုလာခြေပြီ ဟု ပုံဖေါ် ပြောဆိုလာခဲ့ကြသည်။
လက်ရှိ ထရမ့် ၂.၀ မူဝါဒ၏ လားရာ ကို နားလည် နိုင်ရန် ၎င်း၏ ပထမ သက်တမ်း အတွင်း လုပ်ခဲ့သည်များကို အရင်ဦးဆုံး ပြန်လည် သုံးသပ်ရန် လိုအပ်လာသည်။ ၂၀၁၇ အတွင်း ရိုဟင်ဂျာ အရေးအခင်းကြီး ဖြစ်ပွားလာစဉ် တွင် ထရမ့်အစိုးရ၏ တုန့်ပြန်ခဲ့မှု သည် နှေးကွေးပြီး ကမ္ဘာလုံး ဆိုင်ရာ မက်နစ်စ်ကီ အက်ဥပဒေအရ ဒဏ်ခတ်ပိတ်ဆို့မှု များကိုလည်း အကန့်အသတ်နှင့်သာ လုပ်လာခဲ့သည်။ မြန်မာ စစ်တပ် ကျူးလွန်ခဲ့သည့် အတိုင်းအတာ ကို သိနားလည်သည့် လက္ခဏာ မပြပဲ ဂျီနိုဆိုက် အဖြစ် သတ်မှတ်ခဲ့ခြင်းလည်း မရှိပေ၊ နောက်ပိုင်း ဘိုင်ဒင် အစိုးရ လက်ထက်ကျမှသာ ထိုသို့ သတ်မှတ်လာခဲ့ခြင်း ဖြစ်သည်။
လူသားချင်း စာနာ ထောက်ထား ကူညီရန် ထက် အမေရိကန်-တရုတ် ယှဉ်ပြိုင်မှု ဆိုသည့် ဘူမိ နိုင်ငံရေး အတွက် အချက်ကို ဦးစားပေးလာခဲ့သည်။ ထရမ့်သည် ၂၀၂၁ အာဏာသိမ်းချိန်တွင် ရာထူး လက်လွတ် ဖြစ်နေသော်လည်း ထိုအရေးနှင့် စပ်လျှင်း၍ သော်၎င်း၊ ထွက်ပေါ်လာသော ဒီမိုကရေစီ တော်လှန်ရေး ကိုသော် ၎င်း လူသိရှင်ကြား တစုံတရာ ပြောဆိုခဲ့ခြင်း မျိုး မရှိပေ။ မဟာဗျူဟာ အရ တိုက်ရိုက် အကျိုး အမြတ် မရှိသည့် ပဋိပက္ခမျိုးဟု ဆိုကာ တုံဏှိဘာဝေ နေခဲ့ခြင်းသာ ဖြစ်သည်။
၂၀၂၅ တွင် ဘဲဥပုံ ရုံးခန်းထဲ ပြန်ရောက်လာချိန်တွင်တော့ ထရမ့်သည် ယူကရိန်း-ရုရှား၊ အီရန်-အစ္စရေး ပဋိပက္ခများ တွင် တက်တက်ကြွကြွ လှုပ်ရှားလာခဲ့သော်လည်း မြန်မာကဲ့သို့ ပဋိပက္ခမျိုး တွင်မူ ဝေးဝေး ရှောင်နေခဲ့သည်။ မြန်မာ၏ ပြည်တွင်းစစ်သည် ပိုမို ပြင်းထန်လာသည် နှင့် အမျှ ၎င်း၏ နှုတ်ဆိတ်နေမှု သည် ပို၍ သိသာလာခဲ့သည်။
ဇူလိုင် ၁၁ ရက်တွင် မင်းအောင်လှိုင်က အခွန် သက်သာ အောင် အယူခံဝင်သည့် စာထဲတွင် ထရမ့်အား ခိုင်မာသော ခေါင်းဆောင်မှု ပေးနိုင်သည်ဆိုကာ ချီးကြူး ပြောဆိုခဲ့ပြီး ၂၀၂၀ မြန်မာ ရွေးကောက်ပွဲတွင် ၎င်း စွပ်စွဲခဲ့သည့် လိမ်လည်မှု နှင့် ထရမ့် ရှုံးနိမ့်သွားခဲ့ရမှု ကို နှိုင်းယှဉ် ပြောဆိုလာခဲ့သည်။ နောက်ပိုင်း နှစ်ပတ် အကြာတွင်တော့ မြန်မာ စစ်အုပ်စု နှင့် ဆက်နွယ်နေသော လူပုဂ္ဂိုလ် အချို့ နှင့် ၎င်းတို့ပိုင် ကုမ္ပဏီ များကို ဒဏ်ခတ်ပိတ်ဆို့ထားမှု မှ မသိမသာ ဖယ်ရှားပေးလာခဲ့သည်။ အမေရိကန် အစိုးရ ဖက်က ထိုလုပ်ရပ်သည် ပုံမှန် အစိုးရဖက်က စီစစ်မှု ကြောင့် ဖြစ်ပြီး မင်းအောင်လှိုင်၏ မြှောက်ပင့် ရေးသားထားသော စာနှင့် မသက်ဆိုင်ဟု ငြင်းဆိုခဲ့ကြသည်။
လူထု၏ ထောက်ခံမှု ရထားသော အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ထိတွေ့မှု ကို လျော့ချလာခဲ့ခြင်းသည်ကပင် အမေရိကန်၏ ရပ်တည်ချက်ကို မသိမသာ ပြန်လည် ထိန်းညှိလာခဲ့ခြင်း ဖြစ်သည်။
ပိုမို ရှုပ်ထွေး စရာ ဖြစ်လာရသည်က မြေရှားသတ္ထုတွင် မြန်မာ သည် ကမ္ဘာတွင် တတိယ အများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်လာနေသည့် အရေးပင် ဖြစ်သည်။ အမေရိကန်သည် ဒုတိယ အများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ် နေသော်လည်း လိုအပ်နေသည့် ပမာဏ၏ လေးပုံသုံးပုံခန့်ကို တရုတ်ပြည်မှ တင်သွင်းနေရဆဲ ဖြစ်သည်။
တရုတ်သည် ကမ္ဘာတဝှမ်း သန့်စင်ပြီး မြေရှားသတ္ထု၏ ၈၅ ရာနှုန်းကို ထိန်းချုပ်ထားနိုင်သည်။ အမေရိကန်သည် ၎င်းတို့ အနေအထား မလုံခြုံမှု များကြောင့် မြန်မာအား အာရုံစိုက်လာသည်။ ကျွမ်းကျင်သူ များက မြေရှား သတ္ထု ရရာ ရကြောင်း အဖြစ် စစ်အုပ်စု နှင့် တိုက်ရိုက် ဆက်ဆံမည်လော၊ သတ္ထုတွင်းများ ထိန်းချုပ်ထားသည့် ကချင် လွတ်လပ်ရေး တပ်တော်နှင့် ဆက်ဆံမည်လော ဆိုသည့် အကြံပေးချက် နှစ်ရပ်ကို အိမ်ဖြူတော်တွင် တရားဝင် ချပြ ဆွေးနွေး လာခဲ့ကြသည်။
ဝါရှင်တန် အတွက် မြန်မာ၏ မြေအောက် တွင်းထွက်များသည် မဟာဗျူဟာ အရ ပြိုင်ဖက်လည်း ဖြစ်နေသည့် တရုတ်၏ ကုန်သွယ်ရေး ကွင်းဆက်များ လွှမ်းမိုးထားမှု ကို တန်ပြန်နိုင်ရေး အတွက် ဆွဲဆောင်စရာ ဖြစ်လာခဲ့သည်။ သို့သော် အလွယ်တကူ ထုတ်ယူ နိုင်စွမ်း မရှိမှုကြောင့် မျှော်လင့်ချက်များ လျော့ပါးလာခဲ့ရသည်။
ထို့အတွက် စစ်အုပ်စုအား ပိတ်ဆို့ဒဏ်ခတ်မှု များ အလျော့ပေးပြီး ထုတ်ယူနိုင်ရန် ကြိုးပမ်းမည်ဆိုက အောင်မြင်နိုင်မည် မဟုတ်သည့် အပြင် အမေရိကန်၏ ရေရှည် အကျိုးစီးပွားကို ထိခိုက်လာမည်ဟု ကျွမ်းကျင်သူများက သတိပေးလာခဲ့ကြသည်။
တရုတ် နှင့် ရုရှား အပေါ် အလွန်အကျွံ မှီခိုနေရသော စစ်အုပ်စု ထက် စာလျင် လူထု၏ ထောက်ခံမှုလည်း ရနေပြီး တရုတ်၏ လွှမ်းမိုးလာမှု အပေါ် စိန်ခေါ်နိုင်စွမ်း ရှိနေသည့် တော်လှန်ရေး အဖွဲ့များ နှင့် ဆက်ဆံခြင်းသည် ရေရှည် အတွက် အကျိုးများမည် ဖြစ်သည်။ ဝါရှင်တန်၏ ချည်းကပ်မှု သည် ရှင်းလင်းပြတ်သားမှု မရှိသလို ထွက်ပေါ်လာသည့် အချက်ပြမှု များသည် ရောထွေးနေပြန်သဖြင့် စစ်အုပ်စု၏ မျှော်လင့်ချက်များ မြင့်တက်လာနိုင်သလို ဒေသတွင်း မဟာမိတ်များ အကြား သံသယများ ပိုမို နက်ရှိုင်းလာစေမည် ဖြစ်သည်။
စစ်အုပ်စုသည် ၎င်းတို့ အပေါ် အမေရိကန် ၏ ဆောင်ရွက်လာမှု များသည် အားနည်းသွားစေသည်ထက် အားပိုရှိလာသည်ဟု ယူဆပြီး ၎င်းတို့၏ တရားဝင်မှု ကို ပြသနိုင်မည့် အခွင့်အရေး အဖြစ် ပုံဖေါ်ခဲ့ကြသည်။ ထရမ့်၏ ၄၀ ရာနှုန်း အခွန် တိုးမြှင့်မည် ဆိုသည်ကို ပင် စီးပွားရေးအရ ဖိအားပေးခံရခြင်းဟု ရှုမြင်ရမည့် အစား ၎င်းတို့အား အနောက် အုပ်စုမှ အသိအမှတ် ပြုလာချေပြီ ဟု ပြောဆိုလာခဲ့ကြသည်။ ဝါရှင်တန် သို့ပင် အခွန် ကိစ္စ ဆွေးနွေးရန် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့စေလွှတ်ပါရစေဟု ပင် အဆိုပြုလာခဲ့သည်။
၎င်းတို့၏ ပုံရိပ်ကို ဝါရှင်တန် တွင် အရောင်တင်နိုင်ရန် ကြိုးပမ်းလာပြီး ယခင် ထရမ့် လက်ထက် အစိုးရ အရာရှိများ လုပ်ခဲ့သည့် DCI Group အား တနှစ် ဒေါ်လာ သုံးသန်း ဖြင့် ငှားရမ်းလာခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များမှ ထရမ့် အစိုးရသည် ယခင် အစိုးရများထက် စာလျင် ငွေကြေး နှင့် အကျိုးစီးပွားကို အခြေခံပြီး ဆောင်ရွက်လိုသည့် သဘောထား ရှိပြီး ၎င်းတို့ စီးပွားရေး အကျိုးစီးပွားကို အဓိကထားပြီး ပုံဖော် ပေးမည် ဆိုက ထိတွေ့ဆက်ဆံဖို့ အခွင့်အလန်း ထွက်ပေါ်လာမည်ဟု ယူဆလာသည်ကို တွေ့လာရသည်။ ၎င်းတို့အား ဒဏ်ခတ်သည်ကိုပင် ပြန်လည် ဆက်ဆံ နိုင်မည့်အခွင့်အရေး တရပ် အဖြစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းလာခဲ့ခြင်းပင် ဖြစ်သည်။
တချိန်တည်းမှာပင် ထရမ့်၏ ဒီမိုကရေစီ အရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာ ကဏ္ဍ များ အတွက် USAID ၏ ဒေါ်လာ သန်း ၁၅၀ ဖိုး အကူအညီများ ပေးနေခြင်းအား ရပ်ဆိုင်းပစ်ခဲ့သည်ကိုပင် ပြည်ပစွက်ဖက်မှု လျော့ကျသွားမှု၊အချုပ်အခြာ အာဏာကို လေးစားသမှု ရှိသည် အသွင် ပြောဆိုလာခဲ့ကြသည်။ သို့မဟုတ်ကလည်း တရုတ်၊ အိန္ဒိယ၊ အာဆီယံ တို့ နှင့် ဆက်ဆံရေး ပိုမို နက်ရှိုင်းစွာ တည်ဆောက်သွားမည်ဟု ဆိုသည်။ ဝါရှင်တန်ကို လော်ဘီ လုပ်ပြီး ဆွဲဆောင်၊ တဖက်တွင်လည်း ဒေသတွင်း နိုင်ငံများကို အားပြုမည် ဟု ပြောလာခြင်းကို ကြည့်မည်ဆိုက ပြည်ပ ဖိအားများကို နိုင်ငံရေး အရင်းအနှီး အဖြစ် အသွင် ပြောင်းနိုင်ရန် စစ်အုပ်စုက ကြိုးပမ်းလာခြင်း ဖြစ်သည်။
ဝါရှင်တန်တွင် ၎င်းတို့အချင်းချင်း နိုင်ငံရေးအရ အကွဲအပြဲများ ရှိနေသော်လည်း မြန်မာ ပဋိပက္ခတွင်မူ ကွန်ဂရက်ရှိ ပါတီကြီး နှစ်ခုစလုံးက တသဘောတည်း ရှိနေကြသည်။ BURMA ACT ကဲ့သို့ ဥပဒေများ၊ လူသားချင်း စာနာမှု အကူအညီ အတွက် နှစ်စဉ် ရံပုံငွေ ချပေးနေခြင်း သည် ၎င်းတို့၏ ကြီးကြပ်ကွပ်ကဲမှု နှင့် အရေးယူ ဆောင်ရွက်နိုင်မှု များ အတွက် အားကောင်းသည့် မောင်းတံများ အဖြစ် ဆက်ရှိနေဆဲပင် ဖြစ်သည်။
ထရမ့် အစိုးရမှ စစ်အုပ်စု နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းလာမည့် မည်သို့သော လှုပ်ရှားမှု ကို မဆို ဆန့်ကျင်ကန့်ကွက်ကြောင်း ပါတီကြီး နှစ်ပါတီ စလုံးမှ ဥပဒေပြု အမတ်များက ထုတ်ဖေါ် ပြောဆိုခဲ့ကြပြီး ဖြစ်သည်။
နောက်ထပ် တသဘောတည်း ရှိလာသည်က ဆိုက်ဘာ ရာဇဝတ်မှုများ တိုက်ဖျက်ရေးပင် ဖြစ်သည်။ မြန်မာ၊ လာအို နှင့် ကမ္ဘောဒီယား နိုင်ငံတွင်း အခြေစိုက်နေသော ရာဇဝတ်ဂိုဏ်းများက အမေရိကန် အပါအဝင် ကမ္ဘာတဝှမ်းမှ လူများကို အွန်လိုင်းမှ တဆင့် ငွေကြေး လိမ်လည်ယူနေကြသည်။
အမေရိကန် ဥပဒေပြု အမတ်များက ကြီးထွားလာနေသည့် အန္တရာယ် ကြီးကို နှိမ်နှင်းနိုင်ရေး အတွက် ၎င်းတို့၏ မူဝါဒ ရေးရာ ဆွေးနွေးပွဲများတွင် ထိပ်ဆုံးမှ ပြောဆိုလာကြသည်။ အဆိုပါ ဂိုဏ်းများ နှင့် ဆက်နွယ်နေသော လက်နက်ကိုင် အဖွဲ့များကိုလည်း ပိုမိုပြင်းထန်စွာ ဒဏ်ခတ် အရေးယူရေး နှင့်အရေးယူ ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ ချမှတ်ရန် လှုံ့ဆော်လာကြသည်။
တချိန်တည်းမှာပင် အမေရိကန်ရှိ အရပ်ဖက် အဖွဲ့အစည်းများ နှင့် မြန်မာ နိုင်ငံသားများက မြန်မာ အရေးကို အာရုံစိုက်လာရန် အမြဲမပြတ် လှုံ့ ဆော် ပေးနေကြသည်။ ၎င်းတို့၏ တက်ကြွ လှုပ်ရှားမှုများ သည် အုပ်ချုပ်ရေး အသိုက်အဝန်း၏ ဦးစားပေးမှုများကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်သည့် အကြောင်းတခုလည်း ဖြစ်သည်။
ထို့ပြင် ဝါရှင်တန်၏ အာရုံစိုက်မှုသည် ပြည်တွင်း နိုင်ငံရေး နှင့် ကမ္ဘာ အကျပ်အတည်းများအကြား အတက်အကျ ရှိနေသဖြင့် မြန်မာ အရေးအား ၎င်းတို့၏ မူဝါဒ ရေဒါ မှ လွတ်ထွက် မသွားစေရန် အရေးပါသော ကွန်ယက်များလည်း ဖြစ်ပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!