နီပေါ အစိုးရ ပြုတ်ကျပြီ

by Hla Soewai - Sep 17 2025

နီပေါ သည် ၂၀၀၈ ခုနှစ် တွင် ဘုရင်စနစ် ကို ပယ်ဖျက်ခဲ့ပြီး နောက် အစိုးရ အပြောင်းအလဲ ၁၄ ကြိမ် ရှိလာခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုအခါ ခတ္တမန္ဒူ နှင့် မြို့ကြီးများတွင် ဖြစ်ပွားလာခဲ့သော ဆန္ဒပြပွဲများက အစိုးရ နဖူးတည့်တည့်သို့ မိုးကြိုး ပစ်ခံလိုက်ရသည့် အလား ဖြစ်သွားခဲ့သည်။

 

အစိုးရ အဖွဲ့ အတွင်း အကျင့်ပျက် ခြစားမှု များ နှင့် တာဝန်ခံမှု မရှိဘဲ ထင်ရာလုပ်ခွင့် ရနေခြင်းအား လူငယ်များ ဦးဆောင် ကန့်ကွက် ဆန္ဒပြလာမှု များကို အကြမ်းဖက် နှိမ်နှင်းခဲ့၍ ၁၉ ဦး သေဆုဲးခဲ့ပြီး နောက်တနေ့ စက်တင်ဘာ ၉ ရက်‌ နေ့တွင် ဝန်ကြီးချုပ် ကေပီ ရှားမား အိုလီ ရာထူး မှ နှုတ်ထွက် ပေးလိုက်ရသည်။

 

သို့သော်လည်း ဆန္ဒပြမှု များက ရပ်တန့်မသွားဘဲ ပါလီမန် အဆောက်အအုံများ၊ အစိုးရ ရုံးများ၊ နိုင်ငံရေး သမားများ၏ အိမ်များ မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။ စစ်တပ်ဖက်က တရားဥပဒေ စိုးမိုးရေး ထိန်းသိမ်းပေးရမည့် တာဝန် ကို ယူမည်ဟု ပြောလာခဲ့သည်။

 

ထိုသို့ ဆန္ဒပြပွဲများ ဖြစ်လာရခြင်း၏ လတ်တလော အကြောင်းရင်းသည် အစိုးရမှ စက်တင်ဘာ ၄ ရက်နေ့တွင် ဆိုရှယ် မီဒီယာ ဆ်ိုက် ၂၆ ခု အား အသုံးပြုနေမှု ကို ပိတ်ပင်လိုက်ခြင်းကြောင့်ဖြစ်သည်။ အစိုးရမှ ထိုကုမ္ပဏီ များသည် စည်းမျဉ်း အသစ်များအရ အာဏာပိုင်များထံတွင် မှတ်ပုံတင်ရန်အတွက် ကြေညာထားသော သတ်မှတ်ရက်ကို လိုက်နာရန် ငြင်းဆန်ခဲ့ကြ၍ဟု ဆိုသည်။

 

ထိုသို့ ပြင်းပြင်းထန်ထန် အမှောင်ချခဲ့မှုသည် အခြားနေရာများတွင် ထိုသို့ ဖြစ်လာနိုင်သော်လည်း နိုင်ငံ လူဦးရေ ၏ တဝက်ခန့်သည် အသက် ၂၅ နှစ် အောက် လူငယ်များ ရှိသည့် နီပေါတွင်တော့ ဒေါသ မီး ဟုန်းဟုန်း တောက်လောင်သွားခဲ့ရသည်။ ၎င်းတို့ အဖို့က ဆိုရှယ် မီဒီယာ မှ တဆင့် ပြည်ပတွင် သွားရောက်လုပ်ကိုင်နေကြသည့် ဆွေမျိုးသားချင်း မိတ်ဆွေများ နှင့် ဆက်သွယ်နေကြရသည်။ ထိုသို့သွားရောက်လုပ်ကိုင်နေသူများမှ တိုင်းပြည်သို့ လွှဲပြောင်း ငွေများ ကြောင့် အစိုးရအတွက် GDP ၏ လေးပုံတပုံ ကျော် ဝင်ငွေများ ရနေသည်။

 

ဆန္ဒပြမှု များ ဖြစ်လာရခြင်းသည် ထို့ထက် နက်ရှိုင်းသော အကြောင်းများ ရှိနေသည်။ နီပေါသည် ဒေသတွင်းရှိ အခြား နိုင်ငံများ နှင့် ယှဉ်လျင်ပင် ဆင်းရဲနွမ်းပါးနေသော နိုင်ငံ ဖြစ်သည်။ အလုပ်အကိုင်များ ရှားပါး၍ လူငယ် အများအပြား ပြည်ပသို့ သွားရောက်လုပ်ကိုင်ကြရသည်။ အကျင့်ပျက် ခြစားမှု များကလည်း ရောဂါပိုးလို ကူးစက်ပျံ့နှံ့နေသည်။ နိုင်ငံရေး ရေပေါ်ဆီ အသိုက်အဝန်း က ကျယ်ကျယ်ပြန့်ပြန့် မရှိ၊ အများစုက အခွင့်ထူး ခံနေကြသည်။

 

၂၀၂၄ တွင် ဝန်ကြီးချုပ် ဖြစ်လာ‌ သော အိုလီသည် ယခင်က ဝန်ကြီးချုပ် အဖြစ် သုံးကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့ဖူးသူ ဖြစ်သည်။ ယခုအခါ နီပေါတွင် အင်အား အတောင့်တင်းဆုံး နိုင်ငံရေး ပါတီကြီး နှစ်ပါတီ ကို ပေါင်းထားသော ညွှန်ပေါင်း အစိုးရ အဖွဲ့ကို ဦးဆောင်နေခြင်း ဖြစ်၍ အတိုက်အခံ ဆိုသည်က မရှိသလောက် ဖြစ်သွားရသည်။

 

မကြာသေးမီ က နီပေါ လူငယ်များက ဆိုရှယ် မီဒီယာ များ ပေါ်တွင် နိုင်ငံရေး သမားများ၊ ဗျူရိုကရက်များ စည်းစိမ် ယစ်နေကြပုံ၊ ၎င်းတို့ ၏ သားသမီးများ ကမ္ဘာပတ်နေကြပုံများကို မကျေမနပ် ထုတ်ဖေါ်ပြောဆိုလာကြသည်။ ဆိုရှယ် မီဒီယာသည်သာ ၎င်းတို့၏ အသံကို ထုတ်ဖေါ်နိုင်သည့် တခုတည်းသော ပလက်ဖေါင်းဟု ခံယူထားမှု ကို အစိုးရက ပိတ်ပင်လာ၍ မခံမရပ်နိုင် ဖြစ်လာကြခြင်းပင် ဖြစ်သည်။

 

စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် အစိုးရမှ ၎င်းတို့ ပိတ်ပင်ထားမှု ကို ပြန်လည် ရုပ်သိမ်းပေးလာခဲ့သည်။ ဆန္ဒပြသူများက သေဆုံးသွားသူ လူငယ်လေး များကို အကြောင်းပြု၍ တိုက်ပွဲ ဆက်လက် ဆင်နွှဲရန် အရှိန်အဟုန် ရလာခဲ့ကြပြီ ဖြစ်သည်။ နောက်ပိုင်း နာရီ အနည်းငယ် အကြာတွင် အိုလီသည် ၎င်း ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာလာခဲ့သည်။ အခြေအနေများက အနည်းငယ်သာ ငြိမ်သက်သွားခဲ့ပြီး နေ့လည်ပိုင်း အရောက်တွင် ရဟတ်ယာဉ်များဖြင့် အစိုးရ ဝန်ကြီးများအား မီးဟုန်းဟုန်း တောက်‌လောင်နေသော ဝန်ကြီးများရုံး မှ သယ်ထုတ်သွားကြသည်။

 

စစ်တပ် နှင့် အထိမ်းအမှတ် သ‌ ဘော ထားရှိသည့်ဂုဏ်ထူးဆောင် သမ္မတ ဖြစ်သူ တို့ ရှေ့ဘာဆက်လုပ်ရမည်ကို ဆွေးနွေးနေကြသည်ဟု ကောလဟသများ ထွက်ပေါ်လာခဲ့သည်။ စစ်အုပ်ချုပ်ရေး ပေါ်ထွက်လာမည့် အလားအလာ များ ရှိလာနေသည်။ ထိုသို့ မငြိမ်မသက် ဖြစ်လာမှု များသည် ဘုရင်စနစ် လိုလားသူများ ၏ အကြိုက်လည်း ဖြစ်လာခဲ့သည်။ ၎င်းတို့က နီပေါတွင် ဘုရင်စနစ် ပြန်လည်ထားရှိရန် ကာလ အတန်ကြာကပင် ကျယ်ကျယ်လောင်လောင် တောင်းဆို နေခဲ့ကြသည်။

 

စိုးရိမ်လာနေသော နီပေါ သံတမန်ဟောင်းတဦးက ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေသော နီပေါ ပြည်သူများကို ကမ္ဘာတဝှမ်းရှိ ဒီမိုကရေစီ နိုင်ငံများ အားလုံးက ဝိုင်းဝန်း ထောက်ခံပေးကြပါရန် ပန်ကြားလာခဲ့သည်။

 

ဆန္ဒပြသူ အများအပြားက လက်ရှိ နိုင်ငံရေး သမား များ မပါသည့် အိမ်စောင့် အစိုးရမျိုး ဖွဲ့စည်းပေးရန် တောင်းဆိုနေကြသည်။ ၎င်းတို့အားလုံးက ဘင်္ဂလားဒေ့ရှ် တွင် ကျောင်းသားများ ဦးဆောင်ပြီး ရှိတ် ဟာစီနာ ကို ဖြုတ်ချနိုင်ခဲ့မှု ကို အားကျစိတ်ဖြင့် တိုက်ပွဲ ဝင်နေကြသူများ ဖြစ်သည်။ ၂၀၂၂ တွင် သီရိလင်္ကာ ၌ သမ္မတ ရာဂျာပါစကာ နှင့် ၎င်း၏ ညီ ဖြစ်သူ မဟင်ဒါ တို့ကို ဖြုတ်ချ နိုင်လိုက်သည်။

 

အိန္ဒိယ ၏ အဆိုပါ သုံးနိုင်ငံစလုံးတွင် ပြည်တွင်း နိုင်ငံရေး ကို ဝင်ရောက်စွက်ဖက်လေ့ ရှိသည့် အစဉ်အလာကို မကြာသေးခင် နှစ်များ အတွင်း တရုတ် ၏ ပိုမို ပြတ်သားသည့် စိန်ခေါ်မှု များ နှင့် ရင်ဆိုင်လာခဲ့ရသည်။

 

ယခုအခါ အိမ်နီးခြင်း နှစ်နိုင်ငံစလုံးသည် လူဦးရေ သန်း ၃၀ ရှိသော နိုင်ငံတွင် ဖြစ်ပျက်လာနေသည့် မငြိမ်သက်မှုများကို မျက်စေ့ဒေါက်ထောက် စောင့်ကြည့် နေကြတော့မည် ဖြစ်ပြီး ထွက်ပေါ်လာမည့် ရလဒ်သည် ၎င်းတို့ အလိုကျ ဖြစ်ရန်လည်း ကြိုးစားလာကြမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

 

(၂၀၂၅ စက်တင်ဘာ ၉ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "Huge demonstrations bring down Nepal’s government" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)