ထောင်ချောက်

by Hla Soewai - Sep 17 2025

မင်းအောင်လှိုင်သည် ၎င်း ပြုလုပ်မည့် ရွေးကောက်ပွဲအား တကမ္ဘာလုံးက ကလိန်စေ့ငြမ်းဆင်လာမှု အဖြစ် လက်ခံထားကြသော်လည်း ယခုလို ကြွေးကြော်လာခဲ့သည်။

 

"ရွေးကောက်ပွဲ ကျင်းပပြီးသည့် အခါ ဥပ‌ဒေ နှင့် အညီ ထွက်ပေါ်လာမည့် လွှတ်တော်သည် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများ နှင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖေါ်သွားလိမ့်မည်" ဟု ဆိုလာသည်။

 

၎င်းပြောသည့် အတိုင်း မျက်စိမှိတ် လက်ခံကြမည့် လူများက တရုတ်၊ ကု-လား နှင့် ရုရှားတို့သာ ရှိပေလိမ့်မည်၊ ထိုနိုင်ငံများသည် လက်ရှိ ကမ္ဘာ စနစ်ကြီးတွင် ၎င်းတို့နှင့် ထိုက်တန်သည့် နေရာမရ၍ ဆိုကာ အုပ်စု ဖွဲ့ကာ အာဏာရှင် ပေါက်စများကို မြေတောင် မြှောက်‌ ပေးပြီး ဖျက်လိုဖျက်စီး လုပ်နေကြသူများ သာ ဖြစ်၍ ကျန်နိုင်ငံများက ၎င်းတို့ နောက်လိုက်၍ လိုလိုလားလား လက်ခံကြဖို့တော့ မရှိ။ အမေရိကန် မှ မည်သို့ သဘောထားမည် ဆိုသည်ကသာ အခရာ ကျနေသည်။

 

လက်ရှိ ရွေးကောက်ပွဲသည် မြန်မာ ပြည်သူ တရပ်လုံး လိုလားသည့် စစ်မှန်သော ဒီမိုကရေစီ အကောင်အထည် ပေါ်လာမည် မဟုတ်မှန်း တရုတ်က ကောင်းစွာ သိရှိထားပြီး ဖြစ်၍သာ ထောက်ခံ နေခြင်း ဆိုသည်က လယ်ပြင်တွင် ဆင်သွားသလို ရှင်းလင်းလှပေသည်။

 

မင်းအောင်လှိုင်သည် လျပ်စစ် ကားရထားများ ထုတ်တော့မည် ဟု စိတ်ကူးယဉ်သလို မျိုး ပြောဆိုနေခြင်း သာ ဖြစ်သည်။ ၎င်း၏ ရွေးကောက်ပွဲသည် နတ်သိကြား များ ဖန်ဆင်းပေးမည့် လိုတရ ဆေးကြိမ်လုံး မဟုတ်ဆိုသည်ကို သိထားပြီး ဖြစ်သည်။ လတ်တလော စိတ်ခွန်အား များ တက်ကြွစေရန် ပြောပေးနေခြင်းသာ ဖြစ်သည်။

 

မင်းအောင်လှိုင် တကယ်တမ်း ကြံရွယ်နေသည်က ရွေးကောက်ပွဲ ပြီးလျင် သမ္မတ နေရာလည်း ယူမည်မဟုတ်၊ ကာကွယ်ရေး ဦးစီးချုပ် အဖြစ်လည်း ဆက်ရှိနေမည် မဟုတ်၊ လက်ရှိ ဖွဲ့စည်းထားသော "နိုင်ငံတော် လုံခြုံရေး နှင့် ငြိမ်းချမ်းရေး ကော်မရှင်" အဖွဲ အား ဆက်လက်ထားရှိပြီး ၎င်းက ဥက္ကဌ ရာထူး ဖြင့် ဆက်ရှိနေရန်သာ ဖြစ်သည်။

 

ထိုနောက်တွင်တော့ ၁၉၃၃ မတ်လ တွင် ဟစ်တလာ လုပ်ခဲ့သည့် နည်းလမ်း ဖြစ်သည့် "ပြည်သူ နှင့် နိုင်ငံ‌ တော်၏ ဆင်းရဲဒုက္ခများအား ကုစားရန်" ဆိုကာ ၎င်းတဦးတည်း သဘောဖြင့် ဥပဒေ အမိန့်အာဏာများ ထုတ်ပြန်နိုင်သည့် "Enabling Act" ဆိုသည့် ဥပဒေ မျိုးကို အသစ် ထွက်ပေါ်လာသည့် စိတ်တော်သိ ဗောင်းတော်ငြိမ့် လွှတ်တော်မှ ပြဋ္ဌာန်းပေးကြပေလိမ့်မည်။

 

အဘယ့်ကြောင့် ဆိုသော် ပြည်သူတရပ်လုံးက ၎င်းတို့အား နည်းအမျိုးမျိုး ဖြင် ဖိနှိပ်အုပ်ချုပ်‌ နေသောစစ်ဖိနပ်အောက်မှ လွတ်မြောက်ရန် အပူတပြင်း တောင့်တနေချိန်တွင် ရွေးကောက်ပွဲ ဝင်မည့် ပါတီများသည် စစ်အာဏာရှင် များ နှင့် ၎င်းတို့၏ အပေါင်းအပါများ လက်အောက်မှ ကယ်တင်ပေးမည်ဟု လေသံမျှပင် မဟခဲ့ကြယုံမက ပြည်သူများဖက်မှ ရပ်တည် ခုခံ ကာကွယ်ပေးရန် ရှိသမျှ ခွန်အားဖြင့် တွန်းထိုး ရုန်းကန် တိုက်ခိုက်‌ နေမှု များကိုပင် ဝိုင်းဝန်း ရှုတ်ချ ပြောဆိုနေကြသည့် အတွေးအခေါ် အဆင့် မျိုးသာ ရှိနေကြသောကြောင့် ဖြစ်သည်။

 

၎င်းတို့ အားလုံးသည် ပြည်သူတို့ ရွံရှာ မုန်းတီးနေသော စစ်အာဏာရှင် စနစ်ကိုပင် ပြန်လည် ခေါင်းထောင်လာအောင် အားမွေးပေးရန် အသင့်ရှိ‌ နေကြသူ များ ဖြစ်သည်။ မိမိတို့အား အနိုင်ကျင့် ခံရမည့် အရေးမှ ကယ်တင်ပေးပါရန်ပင် သွားရောက် သံတော်ဦး တင် ခယ ခဲ့ကြသူများ ဖြစ်သည်။

 

လက်ရှိတွင် စစ်အုပ်စုသည် တရုတ် နှင့် ရုရှားတို့၏ ခြွင်းချက်မရှိ ထောက်ခံမှု ရထားပြီ ဖြစ်၍ အာဏာလွန်ဆွဲပွဲ တွင် အထက်စီး သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ သို့သော် စီးပွားရေး ဖက်တွင်မူ ဒုံရင်း ဒုံရင်းသာ ရှိနေပြီး ၎င်းတို့တွင် ရေရှည် စီမံချက် မျိုး ဟူ၍ မရှိ၊ ဖြစ်လာသမျှကို ဆေးမြီးတို ဖြင့် ကုစားနေသည့် ညွှန်ကြားချက်များ ဆက်တိုက်ဆိုသလို ထုတ်ပြန်လာနေ၍ တရုတ် ကုမ္ပဏီ များပင် လာရောက် ရင်းနှီး မြုပ်နှံရဲခြင်း မရှိကြ၊ ဆောက်ဖြစ်မှ ကျောင်းဒကာ လုပ်မည် ဆိုကာ နားလည်မှု စာချွန်လွှာများ လက်မှတ်ထိုး ပြီး ပြန်လာရသည်။

 

စစ်တပ်မှ ၂၅ ရာနှုန်း ရထားပြီး ဖြစ်၍ ဖွဲ့စည်းပုံကိုလည်း သဘောရှိ ပြင်ဆင် နိုင်ဦးမည် ဖြစ်သည်။

 

လွှတ်တော်က လုပ်ထုံးလုပ်နည်း အတိုင်း လွှဲပြောင်းပေးလာမည့် အခွင့်အာဏာ ကို မည်သူ လွန်ဆန် ဝံ့ပေမည်နည်း။ လွှတ်တော်သည်လည်း ၎င်း၏ အတည်ပြုချက် ရယူ နိုင်ရန် လမ်းတံတား တည်ဆောက်ရေး ကဲ့သို့ သော ကိစ္စများ ဆွေးနွေး ငြင်းခုံကြရာ နေရာကြီး အဖြစ် ရပ်တည်သွားရ ပေတော့မည်။။

 

ထိုသို့ ဖြစ်မလာနိုင်ဟု မည်သူ မျှ တထစ်ချ ငြင်းဆိုဝန့် မည် မဟုတ်၊ တရုတ်လည်း ပက်လက်လန်မည့် ကိန်း ဆိုက်သွား ပေတော့မည်။

 

လူထု မိခင်ကြီး ကိုတော့ ၎င်းတို့ ကြံစည်ထားသည်များ ပျက်ပြားသွားမည် စိုး၍ ပစ္စလက်ခတ် လုပ်မည် မဟုတ်ဟု ယူဆရသည်။ 

 

ဤသည်က ကျွန်တော်၏ အယူအဆ သက်သက်သာ ဖြစ်သည်။

 

ပြည်ပ နိုင်ငံကြီး အချို့က ၎င်းတို့ ဝင်ရောက်ပတ်သက်လျှင် ဒီထက်မက ပျက်စီးပေတော့မည် ဆိုကာ တွန့်ဆုတ်နေကြသော်လည်း ပြည်သူများ အားလုံးကမူ ထိုသို့ လက်နက် မစွဲကိုင်က သားမြေး များ လက်ထက်ထိ လူမွှေးပြောင်အောင် နေကြရတော့မည် မဟုတ် ဆိုသည့် အချက်ကို ကောင်းစွာ လက်ခံထားကြပြီး ဖြစ်၍ မည်သူမျှ မကူညီလည်း မိမိတို့ အရေး ကို မိမိတို့ဖာသာ အရိုးကြေကြေ အရေခမ်းခမ်း ဆက်လက် ဖြေရှင်းသွားကြမည်သာ ဖြစ်သည်။

 

၁၉၆၀ နှစ်များ နောက်ပိုင်းတွင် စစ်အစိုးရသည် နယ်ခြားဒေသများတွင် စစ်မျက်နှာ ပေါင်းစုံ ဖွင့်ကာ တိုင်းရင်းသား လက်နက်ကိုင် များကို စစ်ပွဲကြီးများ ဆင်နွှဲလာခဲ့ကြသည်။ တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်မှုကို ဖြိုခွင်းရန်နှင့် ၎င်းတို့အပေါ် ဒူးထောက် အညံ့ခံလာစေရန် ကာလကြာမြင့်စွာ စစ်ပွဲများ ဆင်နွှဲခဲ့ရသော်လည်း အချည်းနှီးသာ ဖြစ်လာခဲ့သည်။ သို့သော် ထိုသို့သော ရည်ရွယ်ချက်ဖြင့် ပြည်သူတို့၏ ဆန္ဒ သဘောတူညီချက် တလုံး တပါဒ မျှ မပါဘဲ ၎င်းတို့သဘောဖြင့် ၎င်းတို့ဖာသာ စစ်ပွဲများ ဆင်နွဲလာမှု ကို အမှန် အတိုင်း သဘောပေါက်ရမည့် အစား "ဗမာလူမျိုးကြီး ဝါဒ" ဟု အလွယ်တကူ ကင်ပွန်းတပ်ကာ စစ်အုပ်စု ၏ စေစားရာ ဝဲဂယက် ကြီး အတွင်း ယခု တိုင် တဝဲဝဲ တလည်လည် ရှိနေကြဆဲဖြစ်သည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေကြရသည်။

 

အဓိက အချက်သည် တော်လှန်ရေးကြီး အောင်မြင်ဖို့ပင် မဟုတ်ပါလော၊ လွန်စွာ အရေးကြီးသော အချိန် ဖြစ်လာ နေ၍ တော်လှန်‌ရေး အဖွဲ့များသည် ထိုအရေးကို အရင်ဆုံး ဖြေရှင်းနိုင်ရန် ဦးစားပေး စဉ်းစားသင့်သည်။ 

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!