အစပထမ တွင် ပြောက်ကျား တိုက်ခိုက်ရေး သမား တဦး၏ မရှိမဖြစ် ထမ်းဆောင်ရမည့် တာဝန်သည် ကိုယ့်ကိုကိုယ် ရန်သူ၏ ချေမှုန်းခြင်း မခံရရေးပင် ဖြစ်သည်။ တဆင့်ပြီး တဆင့် ပြောက်ကျား တော်လှန်ရေး အဖွဲ့ သို့မဟုတ် အဖွဲ့များသည် ၎င်းတို့၏ လက်ရှိ အနေအထား နှင့် ကျင့်သားရလာအောင် နေတတ်ထိုင်တတ်လာပြီး ရန်သူတပ်များနှင့် လွတ်ရာလွတ်ကြောင်း ရှောင်တိမ်းတတ်လာရန် နေ့စဉ်လို လေ့ကျင့်စရာ တခု ဖြစ်လာပေမည်။
ထို့နောက်တွင်တော့ ရန်သူ ရောက်ရှိနိုင်ဖို့ အလွန်တရာမှ ခက်ခဲသည့် နေရာများတွင် အထိုင်ချ နိုင်စွမ်း ရှိလာပေမည်။ သို့မဟုတ်ကလည်း တပ်အင်အား ကို စုစည်းပြီး တိုက်ခိုက်လာမည့် ရန်သူများကို ဟန့်တား ရမည် ဖြစ်သည်။ ထိုမှတဆင့် ရန်သူ သည် တဖြေးဖြေး အင်အားချိနဲ့လာမည်။
နောက်ပိုင်း တွင် ရန်သူ နယ်မြေထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ပြီး ၎င်းတို့၏ ဆက်သွယ်နိုင်မှု လမ်းကြောင်းများကို တိုက်ခိုက်နိုင်လာပေမည်။ တဖြေးဖြေး နှင့် ရန်သူ၏ စစ်ဆင်ရေး အထိုင်ချရာ စခန်းများ၊ ဌာနချုပ် များကို တိုက်ခိုက်ခြင်း၊ အနှောက်အယှက် ပေးခြင်းများ ဖြင့် ရန်သူ အား မိမိတို့၏ စွမ်းအား အကုန်သုံးကာ ဒုက္ခ ပေးနိုင်သမျှ ပေး ရမည် ဖြစ်သည်။
အဆက်မပြတ် ထိုသို့ ဖြစ်နေအောင် လုပ်ထားရမည် ဖြစ်သည်။ စစ်ဆင်ရေး နယ်မြေ အတွင်းရှိ စစ်သား တဦးတလေကိုမျှ အိပ်ခွင့် မပေးရ၊ ၎င်းတို့၏ ကာကင်းများကို စနစ်တကျ တိုက်ခိုက် ချေမှုန်းပစ်ရမည်။ အချိန်တိုင်းလိုလို ၎င်းတို့၏ စိတ်ထဲတွင် အဝိုင်းခံထားရပြီဟု ထင်မြင်လာအောင် အခြေအနေများ ဖန်တီးရမည်။
တောတောင်များ ကြားတွင် နေရောညပါ ထိုသို့ ဖြစ်နေအောင် ကြိုးပမ်းရပေမည်။ အကာအကွယ် မရှိသော နေရာများတွင်မူ ရန်သူ၏ ကင်းလှည့်တပ်ဖွဲ့က အလွယ်တကူ ထိုးဖောက်နိုင်သဖြင့် ညအချိန် တွင် လုပ်ရမည် ဖြစ်သည်။ ထိုသို့ အကောင်အထည် ဖေါ်နိုင်ရန် ဒေသခံများ၏ အကြွင်းမဲ့ ပူးပေါင်းဆောင်ရွက်မှု ရရန် နှင့် နယ်မြေ အနေအထား ပိုင်ပိုင် နိုင်နိုင် သိရှိနားလည်ထားရန် မရှိမဖြစ် လိုအပ်သည်။ ထိုအခြေအနေနှစ်ရပ်သည် ပြောက်ကျား တိုက်ခိုက်ရေးသမား ဖြစ်နေသည့် ကာလ တလျောက်လုံး မိနစ်တိုင်း လိုလို သက်ရောက်မှု ရှိနေမည်သာ ဖြစ်သည်။
လက်ရှိ နှင့် အနာဂတ် တွင် ဆင်နွှဲရမည့် စစ်ဆင်ရေးနယ်မြေများကို လေ့လာရန်အတွက် ဗဟိုဌာနများအပြင်၊ တော်လှန်ရေး၏ ရည်ရွယ်ချက်များ၊ ပန်းတိုင်များကို ရှင်းပြရန်နှင့် ရန်သူသည် ပြည်သူလူထုအပေါ် အဆုံးစွန်၌ အောင်ပွဲခံနိုင်ဖို့ မည်သို့မျှ မဖြစ်နိုင် ဟူသော ဝိဝါဒ ဖြစ်ဖွယ် မရှိသည့် အမှန်တရားကို ဖြန့်ဝေရန်အတွက် ဒေသခံ ပြည်သူများအကြားတွင် အရှိန်အဟုန်မြှင့် လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့ ငြင်းမရသည့် အမှန်တရားကို ခံယူ နိုင်စွမ်း မရှိသူသည် ပြောက်ကျား တိုက်ခိုက်ရေး သမား တဦး ဖြစ်မလာနိုင်။
ပထမဦးဆုံး ပြည်သူလူထု အကြား နှုတ်လုံမှု ရှိရေး သေချာအောင် ပြုလုပ်ရမည်။ စစ်ဆင်ရေး လှုပ်ရှားမှု ပြုလုပ်မည့် ဒေသအတွင်း ရှိ လယ်သမား တဦးစီ၊ နေထိုင်နေသူ တဦးစီ တိုင်းအား ၎င်းတို့ မြင်သမျှ၊ ကြားသမျှ ကို မည်သူ့ကိုမျှ ပြန်မပြောဖို့ မှာထားရမည်၊ တော်လှန်ရေး အပေါ် သစ္စာ စောင့်သိသည့် ဒေသခံများ၏ အကူအညီကိုလည်း ရယူရမည်၊ ထိုလူများသည် နောက်ပိုင်း တဖွဲ့ နှင့် တဖွဲ့ ဆက်သွယ်ပေးရာတွင် ၎င်း၊ ကုန်ပစ္စည်းများ၊ လက်နက်များ သယ်ယူ ပို့ဆောင်ရေး တွင်၎င်း၊ လမ်းပြ အဖြစ်၎င်း သုံးဖို့ ပို၍ စိတ်ချယုံကြည် ရမည့် လူများ လည်း ဖြစ်သည်။
ထိုမှတဆင့် စနစ်တကျ စုစည်းထားသည့် လူများဖြင့် လူထု လှုပ်ရှားမှု အသွင် ဖေါ်ဆောင်နိုင်ပြီး အထွေထွေ သပိတ်ဆိုသည့် အပြီးသတ် ရလဒ် ထွက်ပေါ်လာအောင် လုပ်ဆောင် နိုင်ပေသည်။
သပိတ်ကြီး ပေါ်ပေါက်လာရေးသည် ပြည်တွင်းစစ် တခုတွင် အရေးပါဆုံးသော ဝိသေသ လက္ခဏာ ကြီးလည်း ဖြစ်ပေသည်။ ထိုသို့ ဖြစ်ပေါ်လာရန် အခြေအနေကား အမြဲတမ်း လို ရှိမနေ၊ သူ့အလိုလို ပေါ်ပေါက်လာခြင်းခြင်း လည်း မရှိ၍ ဖြည့်စွက် လုပ်ပေးရမည့် အ ကြောင်းတရား အမျိုး မျိုး ရှိလာသည်။ ထိုသို့သော အကြောင်းတရားများကို မိမိဖက်မှ ဖန်တီးပေးရမည် ဖြစ်သည်။ ပထမဆုံး အနေဖြင့် အခြေခံ အချက် ဖြစ်သည့် တော်လှန်ရေး၏ ရည်ရွယ်ချက် ကို ရှင်းပြရမည်၊ လူထုဖက်က လုပ်ကိုင် နိုင်သော စွမ်းပကား နှင့် အင်အား ကို ပေါ်လွင်အောင် ချပြ နိုင်ရမည်။
ယခင်က မိမိတို့ နှင့် တသွေးတည်း တသားတည်း ရှိခဲ့သော အုပ်စုများထဲမှ အချို့ကို အားကိုး အားထား ပြုနိုင်သည်။ ထိုအဖွဲ့များသည် ယခင်က အန္တရာယ် မများလှသည့် လုပ်ငန်းများတွင် ထိရောက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသူ များ ဖြစ်ရမည်၊ ထိုလူများကို ယခုအခါ ပြောက်ကျားတပ်ဖွဲ့၏ အန္တရာယ် အများဆုံး ဖြစ်သည့် ဖေါက်ခွဲရေး လုပ်ငန်းများတွင် အသုံးပြုနိုင်သည်။
စစ်တပ်တခုလုံး မလှုပ်နိုင် မရှားနိုင် ဖြစ်သွားနိုင်သည်၊ ဒေသတခု၏ စက်မှု လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်သည်။ မြို့တော် နေသူများ စက်ရုံများ မလည်ပတ်နိုင်သည့် အခြေအနေ၊ လျပ်စစ်မီး မရှိ၊ ရေမရှိ၊ ဆက်သွယ်ရေး ပြတ်တောက် ပြီး လူများ သည်လည်း မဖြစ်မနေ အချိန်မျိုးမှ လွဲ၍ ကားလမ်း ဖြင့် ခရီး မသွားရဲ မလာရဲ အခြေအနေမျိုး ကြုံလာရနိုင်သည်။
ထိုသို့သော အခြေအနေမျိုး တကယ်တမ်း ဖြစ်လာမည် ဆိုလျင် ရန်သူ၏ စိတ်ဓါတ် အခြေအနေ ကျဆင်းသွားနိုင်သည်။ ၎င်းတို့ ၏ တိုက်ခိုက်ရေး တပ်ရင်းများ၏ စိတ်ဓါတ် ရေးရာလည်း အားပျော့သွားပေမည်။ ထိုအချိန်မျိုးသည် သစ်သီးကို ခူးဆွတ်စားသုံးရမည် အချိန် အတိအကျ ရောက်လာခြင်း လည်း ဖြစ်သည်။
ထိုသို့ ပြောက်ကျား စစ်ကို တိုးချဲ့လှုပ်ရှား နိုင်မည့် နယ်မြေ တိုးချဲ့ရန် ဖြစ်သော်လည်း အလွန်အကျွံ တိုးချဲ့ လာခြင်းကို ရှောင်ကျဉ် ရမည် ဖြစ်သည်။ စစ်ပွဲကာလ အတွင်း စစ်ဆင်ရေး ဆင်နွဲရန် အားပြုထားရမည့် မိမိတို့၏ အမာခံ စခန်းများကို အမြဲလို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက် ထိန်းသိမ်းသွားရမည် ဖြစ်သည်။
ထိုနယ်မြေများ အတွင်း ဒေသခံ များကို သဘောတရားရေးရာ များ ပို့ချရမည်။ မည်သို့မျှ ရင်ကြားစေ့၍ မရသော တော်လှန်ရေး၏ ရန်သူများကို သီးခြား ခွဲထုတ်ပစ်ရမည်။ ကာကွယ်ရေး အတွက် အလွယ်တကူ လုပ်နိုင်မည့် ကတုတ်ကျဉ်းများ၊ မိုင်းများ၊ ဆက်သွယ်ရေး များကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားရမည်။
ပြောက်ကျား တပ်ဖွဲ့သည့် လေးစားခံရလောက်သည့် လက်နက် နှင့် လူအင်အား ရရှိလာသည့် အခါတွင် စစ်ကြောင်း အသစ်များ စတင် ဖွဲ့စည်း ကြရတော့မည်။ ယင်းသည် အချိန်တခုတွင် ပျားအုံတခုမှ အခြားတနေရာသို့ သွားရန် ပျားစစ်သည်များ နှင့် အတူ ဘုရင်မ တဦး ကို ထုတ်လွှတ်ပေးလိုက်သည့် အဖြစ်နှင့် အလားသဏ္ဍန်တူသည်ဟု ဆိုရမည် ဖြစ်သည်။ (ဆိုလိုသည်က အဖွဲ့အစည်း တခုသည်အချိန်တစ်ခု ရောက်လာသည့် အခါ အင်အားကြီးမားလာပြီး၊ ခေါင်းဆောင်သစ်တစ်ဦး (ဘုရင်မသစ်) နဲ့အတူ မူရင်းအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ကနေ ခွဲထွက်ပြီး အဖွဲ့အစည်းအသစ်တစ်ခုကို တည်ထောင်ဖို့ ထွက်ခွာသွားသည့် ဖြစ်စဉ်နှင့် နှိုင်းယှဉ်ပြထားခြင်း ဖြစ်သည်။)
ထူးချွန်ထက်မြက်သည့် ပြောက်ကျားခေါင်းဆောင်တစ်ဦးနှင့် အတူ မိခင်ပျားအုံသည် အန္တရာယ်နည်းသည့် နေရာများတွင် ဆက်ရှိနေပြီး၊ တစ်ချိန်တည်းမှာပင် တခြားပျားအုပ်စုအသစ်များသည် ရန်သူ့နယ်မြေအသစ်များထဲသို့ ထိုးဖောက်ဝင်ရောက်လာကြမည် ဖြစ်သည်။