ဒေါ်အောင်ဆန်းစုကြည် အတွက် လက်ရှိ အချိန်သည် အရေးကြီးဆုံး

by Hla Soewai - Sep 17 2025

သားဖြစ်သူ ကိုထိန်လင်း မှ သူ့အဖို့ မိခင်ကြီး အသက်ရှင်လျက် သား ရှိမရှိ ဆိုသည်ကို အတည်ပြု နိုင်ခြင်း မရှိတော့ဟု ပြောလာသော စကားကို လွန်စွာ အလေးအနက်ထား စဉ်းစား လုပ်ဆောင်ဖို့ အချိန် ရောက်လာပြီ ဖြစ်သည်။

 

သားတစ်ယောက်က ၎င်း၏ မိခင်အသက်ရှင်နေသေးလားဆိုတာ မသေချာဘူး ဆိုသည့် စကား‌ လောက် စစ်အစိုးရ၏ ရက်စက်မှုကို ဘယ်အရာကမှ မယှဉ်နိုင်သည့် စွပ်စွဲချက်တစ်ခုပင် ဖြစ်သည်ကို စဉ်းစားကြည့်ယုံ နှင့် သိနိုင်သည်။ ထို့ထက်ပို၍ မိခင်ဖြစ်သူ လွတ်မြောက်ရေး အတွက် အကူအညီ ပေးကြရန် လိုအပ်လာပြီ ဆိုသည့် အသိစိတ်ကို ကမ်းကုန်‌ အောင် နှိုးဆော်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဩစတေးသျှ မှ မြန်မာ အရေး စာအုပ်ပေါင်းများစွာ ရေးသားခဲ့သူ အဲလန် ကလဲမင့်စ်က အေးရှား တိုင်းမ် တွင် ရေးသားလာခဲ့သည်။

 

စစ်အုပ်စုသည် ၎င်းတို့ လုပ်နေကျ ပုံစံ အတိုင်း သူမ နာမကျန်း ဖြစ်နေသည့် သတင်းကို အပြင်သို့ ပေါက်ကြားအောင် လုပ်လာပြီ ဖြစ်သည်။ ထို့နောက်တွင်တော့ သူတို့ လက်ချက် နှင့် မဟုတ်၊ နှလုံး ရောဂါ ကြောင့် ဟု ပြောလာတော့မည် ဖြစ်သည်။

 

အာဏာရှင် တို့ လုပ်ထုံး လုပ်နည်း အတိုင်း ဆေးဝါးကုသခွင့် ငြင်းပယ်မည်၊ ဝင်ရောက်ကူညီပေးလာမည့် အရေးကို နှောင့်နှေးအောင် အချိန်ဆွဲထားမည်၊ ဖြစ်လာခဲ့လျင်လည်း ပုခုံး‌ လေး တွန့်ပြီး ၎င်းတို့နှင့် ဘာမှ မဆိုင် ဟု ပြောလာမည်၊ ဤသည်ကပင် ရာဇဝတ်မှု မြောက်သည့် လူသတ်မှု ပင် ဖြစ်သည်။

 

သူမအား အကျဉ်းထောင် ဆရာဝန်က လာရောက် ကြည့်ရှူပေးသည် ဆိုသည်က ကုသပေးခြင်းမျိုး မဟုတ်၊ လှောင်ပြောင် သရော် နေခြင်းသာ ဖြစ်သည်။

 

ထိတ်ထိတ်ကျဲ နှလုံးအထူးကု ဆရာဝန်ကြီးများက ချက်ခြင်းလို ကြည့်ရှု့ ကုသခွင့် ပေးရမည်၊ MRI, CT Scan, ECG စက် များ ဖြင့် စစ်ဆေးပေးရမည်။ ထိုသို့ မဟုတ်က သူမ၏ အသက်ရှင်သန်နိုင်မည့် အခွင့်အလန်းသည် လွန်စွာ နည်းပါးလာပေလိမ့်မည်။

 

ယခုအခါ ၎င်းတို့ အညိုးတကြီဖြင့် ကျင့်ကြံလာမှု ကို ပြသလာသည့် အနေဖြင့် သူမအား ပြတင်းပေါက် ပင် တပ် ပေးမထားသည့် အခန်းထဲတွင် ငါးနှစ်နီးပါး ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ကာ ချုပ်နှောင်ထား၍ ကျန်းမာရေး ချို့တဲ့လာမှု နှင့် အတူ ဆင်းရဲဒုက္ခ ကြီးစွာ ခံစားနေရပြီ ဖြစ်သည်။

 

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုအခါ ဒီဇင်ဘာ လကုန် ပိုင်းတွင် ကလိမ်စိ ငြမ်းစင် ထားသည့် "ရွေးကောက်ပွဲ" ကို လုပ်မည်ဟု ကြေညာသည်အထိ ရဲတင်းလာနေပြီ ဖြစ်သည်။

 

အခုလို ဖြစ်‌ နေချိန်တွင် ကမ္ဘာကြီး ဘယ်ရောက်နေပြီလဲ၊ အများအားဖြင့် တိတ်ဆိတ်နေကြသည်။ အများအားဖြင့် လျစ်လျူရှုခဲ့ကြယုံမက ရောယှက်ပတ်သက်လာကြသည်။ အများအားဖြင့် မြန်မာ့၏ နာကျင်မှုမှနေ အကျိုးအမြတ်ရှာနေကြသည်။ လက်နက်ရောင်းဝယ်သူများသည် စစ်အုပ်စု၏ သတ်ဖြတ်ရေး ယန္တရားကြီးကို လောင်စာဖြည့်ပေးနေသည်။ ရေနံ၊ သဘာဝဓာတ်ငွေ့က ရ‌ နေသည့် ဝင်ငွေများဖြင့် ဗိုလ်ချုပ်တွေ ပိုက်ဆံ ပေါပေါလောလော ရလာ‌ နေသည်။ အစိုးရများ ကတော့ "စိုးရိမ်ကြောင်း" ထုတ်ပြန်ကြေညာနေသော်လည်း တဖက်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိတ်တဆိတ် ထိန်းသိမ်းထားနေကြသည်။

 

နိုင်ငံတကာ သတင်းဌာနများသည်လည်း အပြစ်မကင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ခေါင်းစဉ် အမျိုး မျိုး တပ်၍ ထပ်တလဲလဲ စွပ်စွဲကြရာမှ တဖြေးဖြေး နှင့် တရားသေ လက်ခံလာကြသည်။ သူမအား ပစ်ပယ်လာသည် အထိ ဖြစ်လာခဲ့သည်။ ထို့အတွက် စစ်‌ဗိုလ်ချုပ်များ အဖို့ ၎င်းတို့ ကျုးလွန်နေမှု များ အတွက် အကာအကွယ် ရလာခဲ့သည်။ တိတ်ဆိတ် ငြိမ်သက်နေခြင်း ဖြင့် အားလုံးသည် ကြံရာပါ ဘဝ ရောက်လာကြသည်။

 

ယခု အချိန်သည် ထိုအကြောင်းများကို ပြန်‌၍ ငြင်းခုံနေရမည့် အချိန်မဟုတ်၊ သူမ ၏ အသက်ကို ကယ်တင်ရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။

 

သတိကြီးစွာ ထားပြီး ကြေညာချက် ထုတ်ပြန်ခြင်း၊ ဝိုးတိုးဝါးတား ရှုတ်ချခြင်း များ လုပ်ရမည့် အချိန် လွန်လာခဲ့ပြီ ဖြစ်သည်။

 

မြန်မာ ပြည်သူများလည်း အသံတိတ် နေကြတော့မည် မဟုတ်၊ ကမ္ဘာကြီးလည်း ယခုလို သေရေးရှင်ရေး ဖြစ်လာချိန်တွင် ငြိမ်သက်မနေသင့်။

 

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူ သန်း ၆၀ ၏ မျှော်လင့်ချက်များ တစုတဝေး တည်း ရပ်တည် ရာ၊ ကမ္ဘာတဝှမ်းရှိ လူအများ အား အတုယူဖွယ် စိတ်ဓါတ်ခွန်အား ပေးနိုင်ခဲ့သူ အဖြစ် ရပ်တည်ခဲ့သူ ဖြစ် သည်။

 

သူမအား ချက်ခြင်းလက်ငင်း လွှတ်ပေးဖို့သာ ရှိသည်။ နောက်မှ လွှတ်မည် ဆို၍ မဖြစ်၊ ဆွေးနွေးပြီးမှ၊ မရေရာသည့် နိုင်ငံရေး အကူးအပြောင်းကို စောင့်နေရမည့် အချိန်မဟုတ်၊ အခုပင် လွှတ်ပေးရပေမည်။

 

လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာ က ဒလိုင် လားမားက အခုလို သတိပေးခဲ့ဖူးသည်၊ "ကျွနုပ်တို့ တိဘက်ကို အခုနေ မကယ်တင်နိုင်ခဲ့ဘူး ဆိုရင် နောင်တချိန် ကယ်တင်စရာ တိဘက် ရှိတော့ မည် မဟုတ်"

 

ထိုသတိပေးချက်သည် မြန်မာ အတွက်လည်း မှန်ကန်လာနေပြီ ဖြစ်သည်။

 

ကျွန်တော်သည် ဒီအကြောင်းအရာများအား အဝေးကနေ ဝေဖန်သုံးသပ်သူ တစ်ယောက်အနေနှင့် ရေးသား‌ နေခြင်း မဟုတ်။ မြန်မာနိုင်ငံမှာ ဘဝတစ်လျှောက်လုံး နီးပါး နေထိုင်ခဲ့ဖူးသူ တစ်ယောက်အနေနှင့် ရေးနေခြင်း ဖြစ်သည်။ ပထမဆုံး ရန်ကုန်တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး အဖြစ်၎င်း၊ နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်သည့် သတင်းထောက် တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့၍ စစ်အစိုးရ၏ နှင်ထုတ်ခံရပြီး အမည်ပျက် စာရင်းသွင်းခံခဲ့ရသည်။ ‌ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ စာအုပ်ပေါင်းများစွာ အတူ ရေးသားခဲ့ဖူး၍ သူမ၏ ဉာဏ် အမြှော်အမြင် ကြီးစွာ နှင့် "ရှင်တို့ရဲ့ လွတ်လပ်ခွင့် ကို အသုံးချပြီး ကျမတို့ လွတ်လပ်ခွင့်ရအောင် ကူညီပေးကြပါ" ဟု ပြောခဲ့သည့် စကားကို ယခုတိုင် နားထဲက မထွက် အမှတ်ရနေဆဲပင်။

 

ထိုစကားသည် ယခု အခါ ကျယ်လောင်စွာ ပဲ့တင်ထပ်လာနေပြီ ဖြစ်သည်။ ကမ္ဘာခေါင်းဆောင်များ ခင်ဗျား၊ ခင်ဗျားတို့ မှာ ရှိနေတဲ့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင် အသိတရား ကို အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ချက်ခြင်းလက်ငင်း ခြွင်းချက် မရှိ လွတ်ပေးဖို့ တောင်းဆိုပေးကြပါ။

 

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းခန်းထဲတွင် တစ်ယောက်တည်း သေဆုံးသွားစေတာမျိုး မဖြစ်ပါစေနှင့်။ ကမ္ဘာက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တစ်ဦးကို တမင်တကာနဲ့ ရက်စက်ကြမ်းကြုတ်စွာ လျစ်လျူရှုမှုကြောင့် သေဆုံးခဲ့ရတယ်ဆိုပြီး သမိုင်းက မှတ်တမ်းတင်တာမျိုး မဖြစ်ပါစေနှင့်။ ခေါင်းစီးတပ်ပါ။ တောင်းဆိုပါ။ ပြောဆိုပါ။ လုပ်ဆောင်ပါ။

 

ယခုအရေးသည် နိုင်ငံ တနိုင်ငံ၏ အနာဂတ်အကြောင်း တခုတည်း အတွက် မဟုတ်၊ လွတ်လပ်သည့် ကမ္ဘာ၏ ကိုယ်ကျင့်တရား ဆိုင်ရာ ယုံကြည် ကိုးစားခံရမှု နှင့်လည်း သက်ဆိုင်နေသည်။ မြန်မာ နိုင်ငံကိုသာ ကျွန်တော်တို့ စွန့်လွှတ်ခဲ့ကြမည်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပစ်ပယ်ထားမည် ဆိုလျင် အခြားနေရာများတွင် ဒီမိုကရေစီ အတွက် ဘယ်လိုများ မျှော်လင့်စရာ ကျန်ပေဦးမည်နည်း ဟု အဲလန် ကလဲမန့်စ်က ရေးသားထားသည်။

 

လက်လှမ်းမီသူ များ အနေဖြင့် ဆောင်းပါးရှင်၏ မူရင်းစကား ကိုပင်သုံးပြီး ကမ္ဘာခေါင်းဆောင်များ၏ X တွင် ဝင်ရောက် ရေးသား တောင်းဆို ပေးသင့်သည်။

 

Dear President/ Prime Minister 

 

Please use your freedom, exercise your conscience to demand the immediate and unconditional release of Daw Aung San Suu Kyi and every political prisoner in Myanmar.

 

မိမိတို့ အဖို့က ဇော်မဲလုံး၏ စကားကို တခါမျှ ယုံကြည်ဖို့ စိတ်ကူး မရှိကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းကျန်းမာမာရှိကြောင်း၊ မိမိတို့ ခေါင်းဆောင်ကြီး၏ အောင်မြင်ခဲ့သည့် တရုတ်ခရီးစဉ်ကို ပုံပျက်ပန်းပျက် ဖြစ်အောင် ချိန်ကိုက်ထုတ်လွှင့်လာခဲ့ခြင်း ဆိုသည့် အပြောကို ဒီတကြိမ် တွင် မျက်စိမှိတ် ယုံခြင်းသည်သာ အတန်ငယ် စိတ်ချမ်းသာမှု ရနိုင် ပေလိမ့်မည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!