ကရင်အမျိုးသား တပ် KNA ဟု အမည်ပြောင်းလာသော စောချစ်သူ ဦးစီးသည့် ကရင် နယ်ခြားစောင့် တပ် BGF တာဝန်ယူ လုပ်ကိုင်နေသည့် ရွှေကုက္ကိုမြို့သစ် ရှိ ငွေလိမ် ဂိုဏ်းများမှ နောက်ထပ် တာဝန်ရှိသူ များ အပါအဝင် လူပုဂ္ဂိုလ် ကိုးဦး နင့် ဆက်စပ် လုပ်ငန်း ကိုးခု အား ပိတ်ဆို့ အရေးယူလိုက်ပြီဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာန လက်အောက်ရှိ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး မှ စက်တင်ဘာ ၈ ရက် တွင် ထုတ်ပြန်ကြေညာလိုက်သည်။
၂၀၂၄ တနှစ်တည်း မှာပင် အမေရိကန် တို့ ဒေါ်လာ ဆယ် ဘီလီယံကျော် အလိမ်ခံခဲ့ရသည်ဟု အဆိုပါ ရုံး က ဆိုသည်။
ထို့အတွက် စောချစ်သူ ၏ ကရင်အမျိုးသား တပ်သည် လူ ပေါင်း သိန်းချီ၍ ကျွန်ပြု စေခိုင်းနေသည့် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းကြီး အဖြစ် အမေရိကန်က သတ်မှတ်လာပြီ ဖြစ်သည်။
ပိတ်ဆို့ အရေးယူ ခံရသည့် လုပ်ငန်းများထဲတွင် KNA ခေါင်းဆောင် စောချစ်သူ ပိုင်ဆိုင်သည့် ချစ်လင်းမြိုင် ကုမ္ပဏီလိမိတက်၊ ချစ်လင်းမြိုင်တိုယိုတာ ကုမ္ပဏီလိမိတက်၊ ချစ်လင်းမြိုင် သတ္တု တူးဖော်ရေးနှင့်စက်မှုလုပ်ငန်း ကုမ္ပဏီလိမိတက်တို့ပါဝင်သည်။
ထို့ပြင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၏ သား ဗိုလ်မှူး စောမင်းမင်းဦး မန်နေဂျင်း ဒါရိုက်တာအဖြစ် ဦးဆောင်ဆောင်ရွက်နေသည့် မြန်မာရထိုက် အပြည်ပြည်ဆိုင်ရာကုမ္ပဏီ လုပ်ငန်းစု၊ ငွေလိမ်ဂိုဏ်းများတည်ရှိရာ ရွှေကုက္ကိုမြို့သစ် စီမံကိန်းကို လျှပ်စစ်မီး ဖြန့်ဖြူးနေသည့် ဗိုလ်မှူး စောတင်ဝင်း ၏ ရွှေမြင့်သောင်ရင်း စက်မှုလုပ်ငန်းနှင့် ထုတ်လုပ်ရေးကုမ္ပဏီလိမိတက်တို့လည်း ပါဝင်သည်။ ရွှေကုက္ကိုမြို့သစ်စီမံကိန်း၏ အဓိက ရင်းနှီးမြှုပ်နှံသူ၊ ရထိုက်အပြည်ပြည်ဆိုင်ရာ ဦးပိုင်လုပ်ငန်းစု တည်ထောင်သူ တရုတ်လူမျိုး ရှီကျင်ကျန်းလည်း ထိုပိတ်ဆို့ အရေးယူမှု စာရင်းတွင် ပါဝင်သည်ဟု မြန်မာနောင်း တွင် ဖေါ်ပြထားသည်။
ရာဇဝတ်မှု လုပ်ငန်းများ ဖြင့် ကြီးပွားလာနေသော ကရင် မိသားစုလေး တစု မှ တကမ္ဘာလုံး အား ပတ်ပြီး ဒုက္ခပေးနေခြင်းကို မည်သူက ကြာရှည် လက်ပိုက်ကြည့်နေနိုင်အံ့ပေမည်နည်း။
စောချစ်သူ သည် ပနားမား စစ်ခေါင်းဆောင် နော်ရီဂါး နောက်သို့ ကောက်ကောက်ပါအောင် လိုက်မသွားနိုင်ဟု မည်သူမျှ အာမ မခံနိုင်၊ အထူးသဖြင့် မရေရာ မသေချာ သော ဒေါ်နယ် ထရမ့် အစိုးရလက်ထက်တွင် ဘာမဆို ဖြစ်လာနိုင်ပေသည်။ လေကြောင်းမှ ချေမှုန်းခံရသည် အထိ ဖြစ်လာနိုင်သည်။
၂၀၂၅ မေလတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် သားနှစ်ဦးဖြစ်သူ ဗိုလ်မှူး စောထူးအယ်မူးနှင့် ဗိုလ်မှူး စောချစ်ချစ်တို့ နှစ် ဦးကို အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူ ပိတ်ဆို့ပြီး သတိပေးလာခဲ့သည်။
အမေရိကန် အစိုးရ၏ မျက်စိစပါးမွှေး စူးစရာ ဖြစ်လာသော ဧက အားဖြင့် ၅၂၀ ခန့်ရှိ KK Park သည် တကြိမ်က ကွင်းပြင်ကြီးသာသာ ရှိခဲ့သည်၊ ယခုအခါတွင် တော့ ဆေးရုံများ၊ ခေတ်မီ စားသောက်ဆိုင်ကြီးများ၊ နင်းရက်စရာ မရှိသည့် မြက်ခင်းပြင်များ နှင့် ဗီလာကြီးများ အစီအရီ ရှိနေ၍ ဆီလီကွန် ချိုင့်ဝှမ်းအလား ထင်ရအောင် တွေ့လာရသည်ဟု လန်ဒန်ထုတ် ဂါဒီယန်း သတင်းစာကြီး မှ စက်တင်ဘာ ၈ ရက်တွင် ဓါတ်ပုံများ ဝေဝေဆာဆာ နှင့် ဆောင်းပါးရှည်ကြီး ရေးသား လာခဲ့သည်။
ထိုသို့ ဖြစ်လာရခြင်းမှာလည်း စစ်အုပ်စု မှ မြေတောင်မြှောက် ပေးခဲ့သော ရာဇဝတ်ဂိုဏ်းများ ၏ လူကုန်ကူး မှု နှင့် အကြမ်းဖက်မှုများ ဖြင့် အားပြုထားသည် ဘီလီယံ ချီ အမြတ်ရနေသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၏ ခြေရာလက်ရာ များ ဖြစ်သည်ဟု ဆိုသည်။
၎င်းတို့ရရှိထားသော ဒရုန်းဖြင့် ရိုက်ကူးထားသည့် ဓါတ်ပုံများအရ စစ်တပ်မှ အာဏာသိမ်းပြီး နောက် နှစ်ဆ ခန့် အထိ ဖြစ်လာသည်ဟုလည်း ဖေါ်ပြထားသည်။ ယခုထိလည်း တိုးချဲ့ဆောက်လုပ်နေဆဲ ဖြစ်သည်။
ဩစတေးလျှ အခြေစိုက် မဟာဗျူဟာ ပေါ်လစီ အင်စတီကျု Aspi ၏ အချက်အလက်များအရ ငွေလိမ်ဂိုဏ်း များ၏ ဌာနချုပ် ဖွင့်ထားသည့် အဆောက်အအုံများသည် ၁၁ ခုမှ ၂၇ ခုအထိ များပြားလာပြီး တလလျင် ၅.၅ ဟက်တာ နှုန်း တိုးချဲ့နေသည်ဟု သိရသည်။
ထိုင်း ဖက်မှ အင်တာနက် ဖြတ်တောက်ထားသော်လည်း အီလွန်မတ်စ် ၏ စတားလင့် အင်တာနက် ကို အသုံးပြုနေကြသည်ဟု ထိုင်းအာဏာပိုင်များက ပြောလာကြသည်။
ယခုနှစ် အစောပိုင်းတွင် လူ ခုနှစ်ထောင်ခန့် ကယ်ထုတ်နိုင်ခဲ့၍ နိုင်ငံတကာ၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ ထို အရည်အတွက်သည် သမုဒ္ဒရာထဲက ရေတစက်လောက်သာ ရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြသည်။ ထိုင်းရဲ အဖွဲ့က မြန်မာနိုင်ငံ အတွင်း လူ ၁၀၀,၀၀၀ ခန့် ရှိနေဆဲဟု ခန့်မှန်းခဲ့ကြသည်။
မြန်မာ စစ်အုပ်စုသည် ၎င်းတို့ ငွေရရာ ရကြောင်း အဖြစ် ငွေလိမ်ဂိုဏ်းများကို နိုင်ငံတွင်း ခွင့်ပြုထားခဲ့၍ မြန်မာသည် ရာဇဝတ်ဂိုဏ်းများ အား ခိုလှုံခွင့် ပေးထားသော နိုင်ငံများ စာရင်းတွင် ထိပ်က ရောက်လာခဲ့သည်။
ယခု အခါတွင် တော့ နည်းလမ်းများစွာဖြင့် ထိုလုပ်ငန်း များသည် ပဋိပက္ခများနှင့် ရင်ဆိုင်နေရသော မြန်မာစစ်တပ်အတွက် ဆက်လက်ရပ်တည် နိုင်ရန် မရှိမဖြစ်သည့် လိုအပ်ချက်တစ်ရပ် ဖြစ်လာနေသည်။ ထို့အတွက်ကြောင့်လည်း KNA သည် ၎င်းတို့ အတွက် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်မလာခဲ့ ခြင်းပင် ဖြစ်သည်။
အမေရိကန် မှ ထပ်မံ ပိတ်ဆို့လာခြင်းသည် ထိုပြဿနာ အပေါ် နိုင်ငံ လုံခြုံရေး အား ခြိမ်း ခြောက်လာမှု အဖြစ် အလေးအနက် စိုးရိမ်မကင်း ဖြစ်လာသည့် လက္ခဏာပင် ဖြစ်သည်။ ထိုအရေးကို ကိုင်တွယ် ဖြေရှင်းခြင်း မရှိက ဆုံးရှူံး မှု သည် ၂၀၂၆ တွင် နှစ်ဆ တိုးလာနိုင်သည်ဟုလည်း ခန့်မှန်းနေကြပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!