ယခုအခါ ကချင်လွတ်မြောက်ရေး တပ် ကေအိုင်အေ သည် ဝါရှင်တန် နှင့် နယူးဒေလီ ရှိ အုပ်ချုပ်ရေး အသိုက်အဝန်း အကြားတွင်း ပါးစပ်ဖျားက မချအောင် ရေပန်းစားလာနေပြီ ဖြစ်သည်။။
ထိုအထဲတွင် သိသိသာသာ ခြေလှမ်းလှမ်းလာသည်က အိန္ဒိယပင် ဖြစ်သည်။ ဝန်ကြီးချုပ် မိုဒီသည် ထျန်ဂျင်း တွင် မင်းအောင်လှိုင် နှင့် လက်ဆွဲ နှုတ်ဆက်ခဲ့သော်လည်း တဖက်တွင် အိန္ဒိယ သတ္တုတွင်း ဝန်ကြီးဌာနသည် အစိုးရ နှင့် ပုဂ္ဂလိက ကုမ္ပဏီများကို ကချင်ပြည်နယ် သို့ စေလွှတ်ပြီး ရှားပါးမြေသား သတ္ထု နမူနာ များ စုဆောင်းပြီး ဓါတ်ခွဲ စမ်းသပ်ရန် ညွှန်ကြားလိုက်ပြီ ဖြစ်သည်ဟု ရိုက်တာ သတင်းဌာန မှ အစိုးရ ပိုင်း နှင့် နီးစပ် သော သတင်းအရင်းအမြစ် လေးခု အား ကိုးကား၍ ရိုက်တာ မှအထူးသတင်း အဖြစ် ရေးသား ဖေါ်ပြလာခဲ့သည်။
မြေရှား သတ္ထုများ အား လျပ်စစ်ကားများ နှင့် အခြားနောက်ဆုံးပေါ် စက်ပစ္စည်း များ တွင် သုံးနိုင်မည့် သံလိုက် အဖြစ် သန့်စင် ယူ၍ ရမရ စမ်းသပ်တော့မည် ဖြစ်သည်။
ထိုတာဝန်ကို အစိုးရပိုင် IREL နှင့် ပုဂ္ဂလိက ပိုင် Midwest Advanced Materials တို့က ယူရမည် ဖြစ်သည်။
ကေအိုင်အေ သည် သတ္ထု နမူနာ များကို စတင် စုဆောင်းပေးနေသည်ဟုလည်း သိရသည်။ ထိုပြင် အိန္ဒိယ သို့ အလုံးအရင်း နှင့် တင်ပို့ နိုင်ရန် ဖြစ်နိုင်ခြေ ရှိမရှိကို လေ့လာဆန်းစစ်နေသည်ဟု ကေအိုင်အေ အရာရှိတဦးအား ကိုးကား၍ ရေးသားထားသည်။
မြေရှား သတ္ထုများသည် အတော်လေး ပေါများသည်ဟု ပြော၍ ရသော်လည်း ပြဿနာ ဖြစ်နေသည်က ယင်းတို့အား သံလိုက် အဖြစ် သန့်စင် ထုတ်ယူနိုင်သည့် နည်းပညာကို တရုတ် တဦးတည်းက မောင်ပိုင် စီးထားနိုင်နေ၍ ဖြစ်သည်။
ဘီဂျင်းသည် ၎င်းတို့ အသာစီး ရနေသည့် အနေအထားကို အခွင့်အရေး တရပ် အဖြစ် အသုံးချကာ ယခု နှစ်အတွင်း အိန္ဒိယ ကဲ့သို့ အဓိက စီးပွားရေး လုပ်ငန်း နိုင်ငံကြီးများသို့ သန့်စင်ပြီး သတ္ထု များ တင်ပို့နေသည့် ပမာဏ ကို သိသိသာသာ လျော့ချ ပစ်လာခဲ့သည်။
ဒေလီသည်လည်း လိုအပ်နေသော သတ္ထုများကို အပြည့်အဝ ဆက်၍ ရနိုင်မည့် နည်းလမ်းများကို ရှာဖွေလာကြသည်၊ ဝန်ကြီးချုပ် မိုဒီသည် ဩဂုတ်လ ၃၁ တွင် မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့စဉ် အတွင်း ထိုကိစ္စ ကို တီးခေါက်ကြည့်ခဲ့သည်ဟု သိရသော်လည်း အသေးစိတ်ကို ထုတ်ဖေါ် ပြောဆိုခဲ့ခြင်း မရှိသည့် အပြင် သဘောတူညီချက် တစုံတရာလည်း ထွက်ပေါ်ခဲ့ခြင်း မရှိပေ။ မင်းအောင်လှိုင် အဖို့က လွတ်သည့် ငါး ကြီးနေသကဲ့သို့ သွားရည် တမြားမြား နှင့် ရှိနေယုံကလွဲ၍ ဘာများ တတ်နိုင်ပေမည်နည်း။
အိန္ဒိယသည် မြေရှားသတ္ထုများကို ပြည်တွင်းတွင် သန့်စင်နိုင်ရန် ဂျပန် နှင့် ကိုရီယား ကုမ္ပဏီ များ နှင့် ပေါင်း၍ နည်းလမ်းရှာ ကြိုးပမ်းလာနေပြီ ဖြစ်သည်။
အိန္ဒိယ အစိုးရကမူ ကေအိုင်အေ နှင့် ဆက်သွယ်နေမှု နှင့် စပ်လျှင်း၍ မိမိတို့ နိုင်ငံ အတွက် မရှိမဖြစ် အရေးပါသော သတ္ထုများကို စိတ်ဝင်စားနေမှု အပေါ် လျို့ဝှက်ထားစရာ အကြောင်းမရှိ၊ မိမိတို့ အနေနှင့် ကမ္ဘာတစ်ဝန်းရှိ ပေးသွင်းနိုင်သူတွေဆီကနေ ရှားပါးမြေရှားသတ္တုတွေကို လုံခြုံစွာ ရရှိနိုင်ဖို့အတွက် လုပ်ငန်းချင်းပူးပေါင်းဆောင်ရွက်မှု (business-to-business) ကို အားပေးနေသည်မှာလည်း သဘာဝ ကျပါတယ် ဟု အမည်နာမ ထုတ်ဖေါ် ပြော ဆိုခြင်း မရှိဘဲ ဆင်ဝှေ့ရန်ရှောင် ဖြေဆိုသွားခဲ့သည်။
IREL အဖွဲ့သည် ဒီဇင်ဘာလ ကတည်းက ကချင်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ဒေါ်နယ် ထရမ့်ကလည်း အိန္ဒိယ ၏ ပူးပေါင်း ဆောင်ရွက်မှု မှ တဆင့် ရနိုင်ခြေ ရှိမရှိကို တီးခေါက် စုံစမ်းလာခဲ့သည်။
တရုတ်ပင်လျင် ကေအိုင်အေ နှင့် ဆက်သွယ်ပြီး ရယူ နေချိန်တွင် အိန္ဒိယ အဖို့ အဘယ် အတွက် နောက်ဆုတ်နေဖို့ ရှိမည်နည်း စင်္ကာပူရှိ လေ့လာသုံးသပ်သူ တဦးက ဆိုသည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရကမူ ကေအိုင်အေ သည် အိန္ဒိယ နှင့် ဆက်သွယ်လာမည့် အလားအလာ များ ရှိနေသည်ကို သတိမထားမိဟု တုန့်ပြန်သွားခဲ့သည်။ မြန်မာ မြောက်ပိုင်းရှိ သက်ဆိုင်သည့် အဖွဲ့အစည်း အားလုံး တရုတ်၏ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု ရရှိရေး အပြုသဘော ကဏ္ဍမှ ဆောင်ရွက်ပေးနေမှု အပေါ် အသိအမှတ်ပြု ကျေးဇူး တင်နေဖို့သာ ရှိသည်ဟုလည်း ပြောသွားခဲ့သည်။
ကေအိုင်အေ သည် တရုတ်အား ရှားပါးမြေသား သတ္ထုများ ပေးသွင်းနေသော်လည်း ၎င်းတို့၏ သားတပည့် အဖြစ် လူသိရှင်ကြား ခံယူလာသည့် စစ်အုပ်စု နှင့် ဗန်းမော်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ ဆက်ဆံရေးသည် အဖုအထစ်များ ရှိလာခဲ့သည်။
တရုတ်သည် ၎င်းတို့ နောက်ဖေးခြံ ဖက် တည်ငြိမ်ရေး အတွက် ကေအိုင်အေ အား အလျော့ပေးရန် ဖိအားပေးလာနေသည့် အတွက် အိန္ဒိယ နှင့် ဆက်ဆံရေး မြှင့်တင်ရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်။
အိန္ဒိယ သည်လည်း ရေရှည် အတွက် ထောက်ပို့ လမ်းကြောင်း ဖွင့်နိုင်ရန် စိတ်ဝင်စားနေသည်၊ သို့သော် သွားလာရေး ခက်ခဲသော တောတောင်များကို ဖြတ်ရမည့် စိန်ခေါ်မှု များ ရှိလာနေသည်။ ထိုကိစ္စကို အိန္ဒိယမှ ၎င်းတို့၏ ပုဂ္ဂလိက ကုမ္ပဏီများကို တာဝန်ယူ စေ ချင်နေသည်။
ထိုကိစ္စ ပြေလည် သွားသည့်တိုင် သတ္ထုများ သန့်စင်နိုင်ဖို့ တရုတ်၏ အကူအညီ လိုအပ်လာပြန်သည်။ သို့မဟုတ်က အချိန်ယူ တည်ဆောက်ရမည် ဖြစ်သည်။
လောလောဆယ် တွင်တော့ ထရမ့်သည် ထိုအရေး အတွက် ဂရင်းလန်၊ ကွန်ဂို နှင့် ယူကရိန်း ဖက်မှ ဖေါက်ထွက် နိုင်ဖို့ အားသန်နေသည်။ သံလိုက်များ အဖြစ် သန့်စင်ရန် အသင့်တော်ဆုံး သတ္ထုများ ဖြစ်သည့် တာဘီယမ် နှင့် ဒိုင်ပရိုစီယမ် တို့သည် ကချင် မြေ မှ အရည်အ သွေး အကောင်းဆုံး ဖြစ်နေသည်။သို့သော်လည်း ပြီးခဲ့သည့် ခြောက်လ အတွင်း အမေရိကန် အရာရှိများ နှင့် ကေအိုင်အေ အကြား သိုသိုသိပ်သိပ် ဆွေးနွေးမှု များ ရှိနေသည်ဟု The Interpreter စာစောင်တွင် ဖေါ်ပြထားသည်။
တိုင်းပြည်သည် စစ်ဘေး၊ သဘာဝ ဘေး၊ လူအများ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရမှု၊ ဆာလောင် မွတ်သိပ်မှု များ နှင့် ရင်ဆိုင်နေရ၍ ကမ္ဘာကြီး အနေနှင့် လူသားချင်း စာနာ ထောက်ထားမှု ဖြင့် ကူညီ ဖြေရှင်း ပေးကြပါရန် မြန်မာ သို့ သုံးရက်ကြာ ခရီး ရောက်ရှိလာသည့် ကုလ ဒုက္ခသည်များ အေဂျင်စီ အကြီးအကဲ ဖိလစ်ပို ဂရမ်ဒီ က ယနေ့ ထုတ်ဖေါ် ပြောဆိုခဲ့သည်။
သို့သော် ထိုသို့ ဖြစ်ပျက် နေမှု များ အား မည်သို့ မည်ပုံ ကူညီကြရကောင်းမှန်း မသိပဲ နိုင်ငံကြီးများသည် ထိုနိုင်ငံ၏ မြေကြီး အောက်က အစိုင်အခဲများ ရယူ ရေးကိုသာ စိတ်ဝင်စားနေကြသည်မှာ ဝမ်းနည်းဖွယ် ကောင်းလှပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!