အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ နိုင်ငံ ၆ နိုင်ငံ အား အန္တရာယ် အရှိဆုံး အဖြစ် အဆင့် (၄) "ခရီးသွားလားခြင်း မပြုရန်" သတိပေးချက် ကို ရှင်းလင်းစွာ ထုတ်ပြန်လိုက်သည်။ အဆိုပါ ၆ နိုင်ငံမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ မြောက်ကိုရီယား၊ ဗင်နီဇွဲလား၊ အီရန် နှင့် ရုရှား တို့ ဖြစ်သည်။
မြန်မာ အား ပူးတွဲ ပါဝင်လာသော နိုင်ငံများ နှင့် တတန်းစားတည်း ထားလိုက်သည်ကို ကြည့်မည် ဆိုက မြန်မာ စစ်အုပ်စု အား လည်း ဥပဒေမဲ့ ရမ်းကားနေပြီး အမေရိကန် အား ရန်လိုသော အုပ်ချုပ်ရေး အဖွဲ့ စာရင်း တွင် ထည့်သွင်း လိုက်ခြင်းပင် ဖြစ်သည်။
ထို နိုင်ငံများတွင် အမေရိကန် နိုင်ငံသားများ အကြောင်းမဲ့ ဖမ်းဆီးခံရနိုင်မှု နှင့် အခြား လုံခြုံရေး အရ အန္တရာယ် ရှိလာနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သတိပေးချက်တွင် ပါရှိလာခဲ့သည်။ ယင်း သတိပေးချက်အား ပြည်ပ ရောက် အမေရိကန် နိုင်ငံသားများ အား ကာကွယ်ရန် ဒေါ်နယ် ထရမ့်၏ သမ္မတ အမိန့် နှင့် ဆက်စပ်ပြီး ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။
မြန်မာ နှင့် အာဖဂန်နစ္စတန်တွင် ပြည်တွင်းစစ်၊ လူ့အခွင့်အရေး ချိုးဖောက်နေမှု များနှင့် ပြင်းထန်သည့် ရာဇဝတ်မှု များ ကြောင့် ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ သတိပေးချက် ထုတ်ပြန်လာခြင်းသည် လူပုဂ္ဂိုလ် တဦးချင်းစီ အတွက် ကိုယ်တိုင် ဆုံးဖြတ်ရဖို့ ဖြစ်လာသော်လည်း ထိုနိုင်ငံများသို့ လုပ်ငန်းကိစ္စ နှင့် စေလွှတ်ရမည့် ဝန်ထမ်းများ အတွက် နိုင်ငံတကာကုန်သွယ် ရေး နှင့် ရင်းနှီးမြုပ်နှံမှု လုပ်ကိုင် နေသောကုမ္ပဏီများ အနေဖြင့် လိုအပ်လျင် လေယာဉ် ဖြင့် ခေါ်ထုတ်နိုင် ရေး၊ ဥပဒေ အကျိုး ဆောင် ငှားရမ်း ရေး များ အတွက် အာမခံ က အစ ဝယ်ယူရမည် ဖြစ်ပြီး ဝန်ထမ်းများ လုံခြုံရေး အတွက် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို အထူးဦးစားပေး စီစစ်ရဖို့ ရှိလာ၍ လုပ်ငန်းများ ထိခိုက်လာစရာ ရှိနေသည်။
ဖမ်းဆီးခံရပါက အဆင့် (၄) သတ်မှတ်ခံ နိုင်ငံများရှိ သံရုံးများ၊ ကောင်စစ်ဝန် ရုံးများ အနေဖြင့် ကူညီပေး နိုင်စွမ်း ကန့်သတ်ခံထား၍ လည်း ဖြစ်သည်။
ဤသည်ကို ကြည့်မည် ဆိုက အမေရိကန် နှင့် ပုံမှန် ဆက်ဆံရေး နှင့် ကုန်သွယ်မှု လုပ်နိုင်ရန် ဆိုကာ ဒေါ်လာ သုံးသန်း အကုန်ခံ၍ လော်ဘီများ ငှားရမ်းထားမှု က သဲထဲရေသွန် ဖြစ်သွား တော့မည်လောဟု မေးစရာ ဖြစ်လာသည်။
မင်းအောင်လှိုင်သည်လည်း ၎င်း အမျှော်လင့်ကြီး မျှော်လင့်ထားသော ရွေးကောက်ပွဲ ကို ဖျက်လိုဖျက်စီး လုပ်ခံရမည့် အရေးကို တုန်လှုပ်လာနေပြီး နှောက်ယှက်ဖျက်စီးသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု သောကြာနေ့က ပြုလုပ်သော ခြုံငြိမ်း ကော်မရှင် အစည်းအဝေး တွင် ခြိမ်းခြောက်ပြောဆိုသွားသည်။ နောက်တကြောင်းကလည်း ခိုင်းစေခံထားရသည့် ဝန်ထမ်းများ အကြား အကြောက်တရား ကြီးစိုးလာနေသည်ကို ရိပ်စားမိ၍ "ရဲရဲသာလုပ်" ဟု မြှောက်ပေးနေခြင်းလည်း ဖြစ်သည်။
စံပြ အဖြစ် တောင်ကြီး ရှိ ကိုနေသွေး အား ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ကွန်မန့် ရေးသားခဲ့သည် ဆိုကာ နေ့ချင်းပြီး ထောင် ခုနှစ် နှစ် ချမှတ်လိုက်သည်။ စစ်တပ်လိုလားသူများက ၎င်း၏ ကိုယ်ရေး အချက်အလက်များကို ဆိုရှယ် မီဒီယာတွင် ဖေါ်ထုတ်လာခဲ့ပြီး နှစ်ရက်အကြာတွင် အဖမ်းခံရခြင်း ဖြစ်သည်ဟု DVB သတင်းတွင် ဖေါ်ပြထားသည်။
ရွေးကော်မှ အမျိုးသား ဒီမိုကရက် အင်အားစု NDF အား ပါတီဝင် အင်အား မရှိမှု၊ အမျိုးသား နိုင်ငံရေး ပါတီ DNP၊ အမျိုးသမီး ပါတီ (မွန်) နှင့် ပြည်ထောင်စု လယ်သမား-အလုပ်သမား အင်အားစု ပါတီ တို့အား ရုံးခန်း ဖွင့်နိုင်မှု တွင် သတ်မှတ် အရည် အတွက် မပြည့်မီ မှု များဖြင့် ဖျက်သိမ်းလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ NDF မှ ၎င်းတို့အား အယူခံ ဝင်ရန်ပင် အချိန်မပေးဘဲ ဖျက်သိမ်းခံလိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ စာရွက် လေး တရွက် ဖြင့် ပါတီဝင် ၇၅,၀၀၀ ရှိပါသည် ဆိုသော ပါတီကြီး တခန်းရပ်သွားခဲ့ရပြီ ဖြစ်သည်။
ပြည်သူများအဖို့ ရွေးကောက်ပွဲ ပြီးသွားလည်း စီးပွားရေး အခြေအနေက ဒုံရင်း ဒုံရင်းသာ ရှိမည် ဆိုသည် နှင့် ထပ်မံ ဆိုးဝါးလာမည့် အရေး မည်သို့ ရင်ဆိုင်ရမည် ဆိုသည်ကို ရင်တမမ ဖြစ် နေသော်လည်း ၎င်းတို့အဖို့က နေပြည်တော်ရှိ ဝင်းခြံကြီးများထဲတွင် အပူပင် ကြောင့်ကြကင်းစွာ ဆက်၍ နေသွားကြဦးမည် ဖြစ်သည်။
နောက်ထပ် ရရှိသော သတင်းအရ ကုလ ၏ လွတ်လပ်သော စုံစမ်းရေး ကော်မရှင်သည် လူထု အပေါ် တရားလက်လွတ် စိတ်ထင်တိုင်း ဗုံးကြဲ တိုက်ခိုက်နေမှု များ အတွက် မည်သူက မည်သူ့ကို အမိန့်ပေး နေသည်ဆိုသော ကွပ်ကဲမှု အဆင့်ဆင့် ကွင်းဆက်ကို ဖေါ်ထုတ်ရန် သက်သေ အချက်အလက်များ စုဆောင်းနေသည်ဟု အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကွမ်ဂျီယန်က ကုလသမဂ္ဂ သို့ အသိပေး လိုက်သည်။
နိုင်ငံတကာ ဒီမိုကရေစီ နေ့ ဖြစ်သော စက်တင်ဘာ ၁၅ ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂ များ ဖက်ဒရေး ရှင်းမှ စစ်အုပ်စု၏ လူထုအား အကြောက်တရား သွတ်သွင်း ကာ ပြုလုပ်မည့် ရွေးကောက်ပွဲ သည် ဒီမိုကရေစီ အား လှောင်ပြောင်သရော်သည့် လုပ်ရပ် ရှုပ်ချလိုက်သည်။ အစိုးရများအားလည်း အသိအမှတ် မပြုကြရန်လည်း တိုက်တွန်း နှိုးဆော်လိုက်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!