ဂေါ်ကီ ၏ အမေ(27)

by Hla Soewai - Sep 17 2025

အနံ့အသက်ဆိုးပြီး လေဝင်လေထွက်မရှိတဲ့ အခန်းထဲတွင် ဖိနပ်ဆိုးဆေးနံ့က ထူးထူးခြားခြား နံနေသည်။ ပုလိပ်သား နှစ်ယောက် နှင့် ရွာ၏ ပုလိပ် ကော်မရှင်နာ ရိုင်စ်ကင်တို့၏ ဖိနပ်သံများ သာ ကြားနေရသည်။ စာအုပ်စင်ပေါ် မှ စာအုပ်များကို ဆွဲထုတ်ပြီး အရာရှိ ရှေ့ရှိ စားပွဲပေါ် လာ ချ ပေး နေသည်။ အခြား နှစ်ယောက် က နံရံများကို လက်နှင့် ခေါက်နေပြီး ကုလားထိုင်များ အောက် ငုံ့ကြည့်ကြပြန်သည်။

 

တယောက်က အခန်းထောင့်ရှိ မီးဖို ပေါ်သို့ မမှီမကမ်း နှင့် တက်ကြည့်နေသည်။ နီကိုလိုင် ၏ ကျောက်ပေါက်မာ များ နှင့် ပြည့်နေသော မျက်နှာတွင် အနီကွက်များ ထွက်လာနေသည်။ သူ၏ ညိုမှောင်သော မျက်လုံး ကျဉ်းကျဉ်း များ နှင့် အရာရှိ ဆိုသူကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ ရုရှားလေးက သူ၏ နှုတ်ခမ်းမွှေးများ ကို လက် နှင့် ကွေး ကောက်နေရင်း အခန်းထဲ အမေ ဝင်လာသည်ကို မြင်လိုက်ရ၍ ပြုံးပြရင်း နှစ်လိုဖွယ် မျက်နှာထား နှင့် ခေါင်းငြိမ့်ပြလိုက်သည်။

 

အမေသည် စိတ်ထဲ ပေါ်လာသော စိုးရိမ်ကြောက်လန့် စိတ်များကို မျိုသိပ်နိုင်အောင် ကြိုးစားနေရင်းက ခန္တာကိုယ်ကို တတ်နိုင်သမျှ မတ်မတ်ထား လျှောက်လာခဲ့သည်။ သို့သော် သူမ လျှောက်ပုံသည် အရေး ပါ အရာရောက်သည့် ပုံစံ မျိုး နှင့် တောင့်တောင့်ကြီး ဖြစ်နေ၍ ရယ်စရာတော့ ကောင်းနေသည်။ ဖိနပ်သံကလည်း ကြမ်းပြင်ပေါ်တွင် တတောက်တောက် မြည်နေပြီး မျက်ခုံးများက တုန်ရီ နေသည်။

 

အရာရှိလုပ်သူသည် သူ၏ လက်တံရှည်ကြီးများ နှင့် စာအုပ်များကို ကောက်သိမ်းပြီး အထဲကို လှန်လှောပြီး လှုပ်ခါကြည့်နေသည်။ ထို့နောက် သူ့ လက်ကောက်ဝတ် နှင့် တအုပ်ပြီး တအုပ် ဘေးသို့ ဖယ်ထားလိုက်ပြန်သည်။ တခါတရံတွင် စာအုပ် ကြမ်းပေါ် လွတ်ကျသွား၍ အသံမြည်သွားသည်လွဲ၍ တအိမ်လုံး တိတ်ဆိတ်နေသည်။

 

ထို့သို့ တိတ်ဆိတ်နေ၍လည်း ချွေး များ စို့လာနေသော ပုလိပ်သား နှစ်ယောက်၏ အသက်ရှုသံ ပြင်းပြင်းကို အတိုင်းသား ကြားနေရသည်။ မြင်းခွာ အချင်း ချင်း ပွတ်တိုက်သံ နှင့် "‌ဒီနေရာကိုကော ကြည့်ပြီးပြီလား" ဟု ခပ်တိုးတိုး မေးသံကိုလည်း ကြားရသည်။

 

အမေသည် နံရံတွင် မှီနေသော ပါဗယ်ဘေး တွင် လက်ကို ပိုက်ထားပြီး ရပ်နေသည်။ သို့သော် ဒူးများ တုန်ရီနေသည်ကို အမေသည် သတိထားမိသည်။ မျက်လုံးများလည်း စိုစွတ်စ ပြုလာနေသည်။ သူတို့ နှစ်ဦးစလုံး အရာရှိ လုပ်သူကို ကြည့်နေကြသည်။ 

 

ထို အချိန်တွင် "ဘာဖြစ်လို့ စာအုပ်တွေကို ကြမ်းပြင်ပေါ် လွှင့်ပစ်နေရတာလဲ" ဟု နီကိုလိုင် ၏ စူးစူးရှရှ အော်ပြောလိုက်သံသည် တိတ်ဆိတ်နေခြင်းကို ဖြိုခွဲပစ်လိုက်သည်။

 

အမေသည် ထိုအသံကြောင့် တကိုယ်လုံး တုန်ရင်သွားသည်။ တီဗ်ရီယာကိုဗ်သည် သူ့ ‌ကို နောက်မှ လှမ်းရိုက်ခံလိုက်ရသည့် အလား ခေါင်းကို ဘယ်ညာ ရမ်းလိုက်သည်။ ရိုင်ဘင်ထံမှ ထူးထူးခြားခြား အသံတမျိုး ထွက်လာပြီး နီကိုလိုင် အား မမှိတ်မသုံ စိုက်ကြည့်နေသည်။

 

အရာရှိသည်လည်း ခေါင်းကိုမော့လိုက်ကာ မျက်လုံးများကို‌ မှေး ထားရင်းက ဝက်ခြံဖုများ၊ အကွက်များထနေပြီး လှုပ်ရှားမှု ကင်းမဲ့နေသော နီကိုလိုင် မျက်နှာကို ခေတ္တမျှစိုက်ကြည့်လိုက်ရင်း စာအုပ်များ ကို ခပ်သွက်သွက် လှန်လှော ကြည့်နေသည်၊ သူ၏ မျက်နှာသည် ဝါဖျော့ဖျော့ နှင့် ဖြစ်သည်။ နှုတ်ခမ်းများက အမြဲလို တွန့်နေဟန်ရှိသည်။ တခါတခါတွင် မခံမရပ် နိုင်အောင် နာကျင်မှု ဝေဒနာ ခံစားနေရသည့်အလား မျက်လုံးများက ပြူးကျယ်လာပြီး ပါးစပ်ကလည်း စူးစူးရှရှ အော်လိုက်တော့မည့် အလား ဖြစ်လာသည်။

 

"ရဲ‌ဘော်တွေ စာအုပ်တွေကို ကောက်တင်ပေးကြပါ" ဟု ဗိုင်ဆော့ချီကော့က နောက်တကြိမ် ထပ်အော်ပြောလိုက်ပြန်သည်။

 

ပုလိပ်များ အားလုံးက သူ့ဖက် ကြည့်လိုက် အရာရှိ ဖက် ကြည့်လိုက် ဖြစ်‌ နေကြသည်။ အရာရှိက မျက်နှာကို မော့လိုက်ပြန်ပြီး နီကိုလိုင်၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကို စူးစမ်းသလို စိုက်ကြည့် လိုက်သည်။

 

"ကဲ..ကဲ စာအုပ်တွေ ပြန် ကောက်ပေးလိုက်ကြ"

 

ပုလိပ်သား တယောက်က စာအုပ်များကို ငုံ့ပြီး ကောက်နေရင်းက ဗိုင်းဆော့ရှီကော့ဗ် ဖက် စောင်းငဲ့ ကြည့်နေသည်။ 

 

"ဘာလို့ နီကို လိုင် က တိတ်တိတ် မနေရတာတုန်း" ဟု အမေ က ပါဗယ်ကို တိုးတိုး ပြောလိုက်သည်။ ပါဗယ်ကတော့ ဘာမှ ပြန်မပြောဘဲ ပုခုံးသာ တွန့်ပြလိုက်သည်။ ရုရှားလေးကတော့ ခေါင်း ငိုက်စိုက်ချထားသည်။

 

"ဘာတွေ တိုးတိုး ပြောနေကြတာလဲ၊ တိတ်တိတ်နေစမ်း၊ ကျမ်းစာအုပ် ကို ဖတ်တာ ဘယ်သူလဲ"

 

"ကျွန်တော်ပါ" ဟု ပါဗယ်က ဖြေလိုက်သည်။

 

အာဟား...ဒါဆိုရင် ဒီစာအုပ်တွေကကော ဘယ်သူ့ဟာတွေလဲ"

 

"ဒါတွေကလည်း ကျွန်တော် စာအုပ်တွေပါ"

 

"ဒီလို ကိုး" ဟု ပြောရင်း အရာရှိက ကုလားထိုင် ပေါ် ကျောမှီ ထိုင်ချလိုက်သည်။ သူ၏ သေးသွယ်သော လက်ချောင်းများကို အသံမြည်အောင် ချိုးလိုက်ပြီး ခြေထောက်ကို စားပွဲ အောက်သို့ ဆန့်ထုတ်လိုက်ပြန်သည်။ နှုတ်ခမ်းမွှေးကို တချက်သပ်လိုက်ပြီး နီကိုလိုင် ဖက် လှည့်ကာ "မင်းက အင်ဒရေ နာခိုဒါလား"

 

"ဟုတ်တယ်" ဟု ပြောရင်း နီကိုလိုင် က ရှေ့သို့ တိုးလာသည်။ ရုရှားလေးက သူ့လက်နှင့် နီကိုလိုင်အား နောက်သို့ ပြန်ဆွဲလိုက်ရင်းက...

 

"သူ မှား ပြောတာ၊ အင်ဒရေ ဆိုဝာာ ကျွန်တော်ပဲ"

 

အရာရှိက လက်ညိုး တရမ်းရမ်း နှင့် "တိတ်စမ်း" ဟု အော်ငေါက်လိုက်သည်။

 

ထို့နောက် သူ၏ စာရွက်စာတမ်းများကို လှန်‌လှော ရှာကုန်ကြသည်။ လရောင်၏ တောက်ပလော အလင်းတန်းသည် လမ်းပေါ်မှ တဆင့် ပြတင်းပေါက် ကို ဖြတ်၍ အိမ်ထဲသို့ လျှံကျနေသည်။ တစုံတယောက်သည် ပြတင်းပေါက် အပြင်ဖက်တွင် ‌ယောင်လည်လည် လုပ်နေ၍ နှင်းများ ပေါ်တွင် ခြေရာများကို တွေ့နေရသည်။

 

' ဪ...နာကိုဒါ ဆိုတာကိုး၊ အရင်တုံးကလည်း မင်း အရှာခံခဲ့ရ ပြီးပြီ မဟုတ်လား"

 

"ကျွန်တော်ကို ရိုစတော့ဗ် နဲ့ ဆာရာတော့ မှာ ရှာခဲ့ကြပြီးပြီ၊ အဲ့ဒီမှာ ပုလိပ်တွေက ကျွန်တော်ကို မစ္စတာ လို့ အမည်ရှေ့ တပ်ပြီး ခေါ်ကြတယ်"

 

အရာရှိ က ညာဖက် မျက်လုံး တဖက် မှိတ်ပြလိုက်ရင်း မျက်လုံးကို ပွတ်ကာ သူ၏ ညီညာသော သွားများ ပေါ်အောင် ပြုံးလိုက်ပြီး ....

 

"ကဲ...ဒီလိုဆိုလည်း မစ္စတာ နာကိုဒါ ပေါ့၊ ကဲ...မစ္စတာ နာကိုဒါ ရယ် စက်ရုံထဲမှာ ရာဇဝတ်မှု နဲ့ မကင်းတဲ့ စာရွက်စာတမ်းတွေ စာအုပ်‌တွေ ကို ဖြန့်နေတဲ့ ကလိမ်ကကျစ် ကောင်တွေက ဘယ်သူတွေ များလဲ ဆိုဝာာ သိ များ နေလား"

 

ရုရှားလေး ၏ မျက်နှာက ပြုံးလာပြီး ခန္ဓာကိုယ်ကလည်း လှုပ်လာ၍ တခုခု ပြောဖို့ အားယူ လိုက်ပုံရသည်။ ထိုအချိန်တွင် နီကိုလိုင် ထံမှ မခံမရပ် နိုင် ဖြစ်လာ၍ ထင်သည်။

 

"ကျုပ် တို့ အဖို့ ကလိမ်ကကျစ် ကောင် တွေ ဆိုဝာာ အခုမှပဲ ‌တွေ့ဖူးတော့တယ်" ဟု အော်သံကြီး ထွက်လာသည်။

 

ထို့နောက်တွင်တော့ တခန်းလုံး အသံဗလံများ တိတ်ဆိတ် သွား တော့သည်။