အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဌာန ၏ လူထုအား အသိပေးချက်

by Hla Soewai - Sep 17 2025

တော်လှန်ရေး၏ အရေးကြီး အလှည့်အပြောင်းအားဖန်တီးနိုင်ရေး ကာကွယ်ရေးဝန်ကြီးဌာနက တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသတိုင်းတွင် ဟန်ချက်ညီ ထိုးစစ်ကြီး ဆင်နွှဲ နိုင်ရန် ပြင်ဆင်နေဟု လူထု အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တည်ထောင်ခြင်း လေးနှစ် မြောက် အဖြစ် အသိပေးချက် ထုတ်ပြန်လာသည်။

 

တနိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ် ဆင်နွှဲနိုင်ရန်အတွက် မိမိတပ်ကို ပြင်ဆင်ခြင်း၊ ဘဏ္ဍာရန်ပုံငွေပြင်ဆင်ခြင်း၊ ခဲယမ်းမီးကျောက် ဖြည့်တင်းခြင်းတို့ကို အခက်အခဲ များစွာ ရှိ‌‌ နေသည့် ကြားမှ လုပ်ဆောင်လျက်ရှိသည်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံသည်။

 

အကျိုးစီးပွား တစ်ဘို့တည်းသာ သိသော နိုင်ငံအချို့က စစ်အုပ်စုဘက်မှ ပြောင်ပြောင်တင်းတင်း ရပ်တည်ထောက်ခံလာချိန်တွင် ပြည်သူ့တော်လှန်ရေး အင်အားစုများ အနေဖြင့် ယခင်ထက် နှစ်ဆတိုး ကြိုးစား တိုက်ပွဲဝင်ကြရမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပေါ် အိမ်နီးချင်းနိုင်ငံ၏ ဖိအားပေးမှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှုများကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထိုးစစ်များ တွန့်ဆုတ်ရပ်တန့် နေချိန်ကို အခွင့်ကောင်းယူလျက် လက်တလောအခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုက ဒေသတချို့တွင် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာသည်ကို တော်လှန်ရေးအင်အားစုများ အနေဖြင့် ပျောက်ကြားစစ်၊ လှုပ်ရှားစစ်၊ နေရာယူစစ် သင့်လျော်သော စစ်နည်းဗျူဟာကို သုံး၍ စစ်ပရိယာယ် ကြွယ်ဝစွာဖြင့် တုံ့ပြန်ချေမှုန်း သွားကြမည်သာ ဖြစ်ကြောင်းလည်း အသိပေးသည်။

 

ယခုနှစ်ကုန်တွင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပရန် ပြင်ဆင်နေသော အတုအယောင် ရွေးကောက်ပွဲ သည် အာဏာသိမ်းအဖွဲ့ထံမှ အာဏာကို စစ်အုပ်စု၏ ကိုယ်ပွားအမာခံဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထံ အမည်ခံလွှဲပြောင်းပေးခြင်းအားဖြင့် နိုင်ငံရေးထွက်ပေါက်နှင့် တရားဝင်မှုရှာဖွေရန် ကြိုးပမ်းမှုသည် အရာထင်လိမ့်မည်မဟုတ်ဘဲ တော်လှန်ရေးအင်အားစုများကို ပိုမိုစုစည်းညီညွတ်စေလျက် ပိုမိုပြင်းထန်သော ပြည်သူ့ခုခံတွန်းလှန်စစ်ဖြင့် တုံ့ပြန်ရန် တွန်းအားဖြစ်စေလိမ့်မည်ဟုလည်း သတိပေးသည်။

 

စနစ်ပြောင်းတော်လှန်ရေးတရပ် ဆင်နွှဲရာတွင် အခက်အခဲပေါင်းများစွာ ရင်ဆိုင် ကြုံတွေ့ရမည်ဟု မျှော်လင့်ပြီးဖြစ်သည့်အားလျော်စွာ အဆိုပါအခက်အခဲများကို မိမိတို့၏ ဉာဏ်ပညာ၊ လုံ့လဝီရိယအားပြုလျက် ဖြေရှင်းကျော်လွှားသွားကြရမည်ဟု ဖော်ပြသည်။

 

၎င်းတို့၏ တန်ပြန်ထိုးစစ်များမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများနှင့် မြေပြန့်ဒေသရှိမဟာဗျူဟာလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ဦးတည်လျက်ရှိသော်လည်း ရန်သူ့ထိုးစစ်သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် အကန့်အသတ်မဲ့စစ်ဆင်နိုင်ခြင်း မဟုတ်ဘဲ နေရာကွက်ပြီး အကန့်အသတ်နှင့်သာ တန်ပြန်ထိုးစစ်ဆင်နေခြင်းဖြစ်ဟု ဖော်ပြသည်။ 

 

ယခုအချိန်တွင် တပ်တည်ဆောက်ရေးကို အထူးအားစိုက်ဆောင်ရွက် နေကြောင်း၊ တော်လှန်ရေးအစပြုစဉ်က အချိန်တိုအတွင်း လေ့ကျင့်စုဖွဲ့တပ်ဆင်၍ ချက်ချင်း တိုက်ပွဲဝင်ခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ယခုအခါ တပ်ပုံစံကျလေ့ကျင့်မှု၊ စုဖွဲ့မှု၊ ကွပ်ကဲမှုအဆင့်ဆင့် တာဝန်ပေးအပ်မှုတို့ကို ဆောင်ရွက်ရင်း တဖက်တွင် ဘဏ္ဍာရန်ပုံငွေနှင့် စစ်လက်နက်ပစ္စည်းစုစည်းမှုကို အားပြုလုပ်ဆောင်နေကြောင်း အသိပေးသည်။

 

စစ်အုပ်စုသည် စစ်တပ်ဗိုလ်ကျကြီးစိုးရေးဝါဒကို လက်ကိုင်ပြုလျက် နိုင်ငံတော် အာဏာကို တရားမဝင်သိမ်းပိုက်ထားပြီးနောက် ပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ အကြမ်းဖက် သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်း နှင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အရပ်ရပ်ကို နင်းချေဖျက်ဆီးလျက် အလုံးစုံပျက်သုဉ်းရေး ဦးတည်နေခြင်းကြောင့် ပြည်သူများက နိုင်ငံတော်၏ရန်သူ (Enemy of the State) ဟု သတ်မှတ်ထားပြီးဖြစ်ဟု ဆိုသည်။

 

“အကြမ်းဖက် စစ်ခေါင်းဆောင်များသည် မျိုးချစ်စိတ်အမှန်ရှိသူများ မဟုတ်ဘဲ စစ်ဝါဒ ကြီးစိုးခွင့်သာ ရမည်ဆိုလျှင် တိုင်းတပါးကျွန်ခံရန် ဝန်မလေးသူများဖြစ်သည်” ဟု အစီရင်ခံစာ၌ ဖော်ပြသည်။ 

 

စစ်အုပ်စု၏ လူမဆန်သော အကြမ်းဖက်ရက်စက်မှုများကြောင့် တော်လှန်ရေးတွင် ပြည်သူ့ပါဝင်မှု နောက်ဆုတ်လျော့ကျသွားမည် မဟုတ်ဘဲ လူထု၏ တော်လှန်စိတ်ဓါတ်ကို ပို၍ ထက်သန်စေမည်ဖြစ်ကြောင်းလည်း အသိပေးသည်။

 

“အကြမ်းဖက်စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာ့စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းအား အဆုံးသတ်ရန်” ဟူသော ဦးတည်ချက်ကို မျက်ခြေပြတ်မခံဘဲ ကြံ့ကြံ့ခံသော ဇွဲသတ္တိဖြင့် ဆက်လက်တိုက်ပွဲဝင်ကြရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ဤသည်ကို ကြည့်မည် ဆိုက ၎င်းတို့၏ ဆရာသမား ဖြစ်သူ တရုတ် ကွန်မြူနစ် ပါတီ တွေးခေါ် ပညာရှင်ကြီး များ မြန်မာ နိုင်ငံတွင် "ရွေးကောက်ပွဲ" လုပ်ယုံ ဖြင့် အဘယ်ကြောင့် ငြိမ်းချမ်းရေး ရနိုင်မည်ဟု ယူဆနေကြရသနည်း၊ ၎င်းတို့ အကျိုးစီးပွား များ အလုပ်ဖြစ်ယုံ အဆင့် ငြိမ်းချမ်းရေး ရဖို့သာ လိုသည် ဆိုသည်က ထင်ရှားနေသည်။

 

မင်းအောင်လှိုင်ကလည်း အင်အား အသာရမှသာ ၎င်းတို့ဖက်က အလျော့ပေးစရာ မလိုမည့် ငြိမ်းချမ်းရေး ရလာနိုင်သည်ဟု ယူဆထားသူ ဖြစ်သည်။

 

သို့သော် တရုတ် ဖြစ်စေချင်သော နိုင်ငံတကာက အထင်ကြီး လောက်မည့် ရွေးကောက်ပွဲမျိုး လုပ်ဖို့ ဆုံးရှုံးသွားသော နယ်မြေ အမြောက်အမြားကို ပြန်ရဖို့ လိုနေသည်။

 

ထိုသို့ ပြန်၍ သိမ်းနိုင်ဖို့ ဆိုသည်က မြေပြင် စစ်အင်အား ကို သုံးနိုင်မှ ဖြစ်မည်၊ ယခု အခါ စစ်ပွဲ အတွေ့အကြုံ ရှိထားသော ၎င်းတို့ တပ်သားများလည်း တဖြေးဖြေး နှင့် ပြုတ်ပြုတ် ပြုန်းလာနေပြီး ကျန်နေသူများလည်း သုံးနှစ်လုံးလုံး တိုက်နေခိုက်နေရ၍ စစ်ပန်းနေပြီ ဖြစ်သည်။ အသစ် ဝင်လာသူများလည်း ထွက်ပြေးဖို့ ချောင်းနေကြသူများ ဖြစ်၍ လူများပြီး ပွဲ မစည်သလို ဖြစ်နေသည်။

 

စစ်ခေါင်းဆောင်များသည် ၎င်းတို့ အာဏာဆုပ်ကိုင်ထားနိုင်ရေး၊ တရုတ်၏ အထင်ကြီးမှု ရဖို့ အတွက် ရှေ့လျောက်လည်းပြည်သူလူထု၏ အသက် နှင့် ခန္ဓာကို စတေးပြီး အရင်းအနှီး ပြုလာမည်သာ ဖြစ်သည်။

 

ထိုအရင်းအနှီး၏ ရလဒ် အဖြစ် လက်ရှိတွင် သင်္ကန်းညီနောင် ဗျူဟာကုန်းကို စစ်အုပ်စု မှ ပြန်ရသွားပြီး မြဝတီ-ကော့ကရိတ် လမ်းကို ထိန်းချုပ် နိုင်လိုက်ပြီ ဖြစ်သည်။ DKBA သည် လည်း လေသံ ပြောင်းသွားပြီး ရွေးကောက်ပွဲ ကို ကူညီ ပေးမည်ဟု ပြောလာသည်။ ဤသည်က ကရင် အမျိုးသား သမဂ္ဂသည် ကရင် အမျိုးသား အချင်းချင်း ဆိုကာ ပဉ္စမံ တပ်များကို လက်ပိုက်ကြည့်နေခဲ့ခြင်း၏ ရလဒ်လည်း ဖြစ်သည်။ ရခိုင် စစ်မျက်နှာ တွင်လည်း ကျောက်ဖြူ နှင့် စစ်တွေကို လက်မလွှတ်နိုင်အောင် အပြင်းအထန် ခုခံနိုင်နေကြဆဲ ဖြစ်သည်။

 

တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ် ၈ ခုထဲမှ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်တစ်ခုတည်းဘဲ ဖွင့်လှစ်နိုင်‌ သေး ကြောင်း တရုတ်နိုင်ငံရောက် အကြမ်းဖက် မင်းအောင်လှိုင်က ထုတ်ဖေါ် ညည်းတွားနေရပြီ ဖြစ်သည်။ ဤသည်ကပင် တရုတ်မှ ၎င်းတို့ကို ဒီထက် တိုးပြီး အကူအညီ ပေးပါရန် မင်းအောင်လှိုင်က လေသံပစ်လိုက်ခြင်းလည်း ဖြစ်သည်။

 

ကေအင်ယူ နှင့် ကိုးကန် တပ်များသည် စစ်အုပ်စု နှင့် ဘတပြန်၊ ကျားတပြန် တိုက်ခိုက်လာနေကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာလာပြီ ဖြစ်သည်၊ သို့သော် အဓိက ရည်မှန်းချက် ကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်မည် က အမျိုးသား ညီညွတ်ရေး အစိုးရ ပြည်သူ ကာကွယ်ရေး တပ်များ၏ ထိုးစစ်ပင် ဖြစ်သည်။

 

ပြည်သူတရပ်လုံးကလည်း အထွေထွေ ထိုးစစ်ကြီးကို စောင့်မျှော်နေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!