အမှောင်ကို ထွန်းညှိမည့် မီးအိမ် နှင့် ပေါ်ပေါက်လာသည့် အမျိုးသားရေး အန္တရာယ်

by Hla Soewai - Jul 25 2020

အမျိုးသား ဒီမိုကရေအဖွဲ့ချုပ် အစိုးရမှ ဒေသတွင်း နိုင်ငံများနှင့် စက်မှု ဖွံ့ဖြိုးရေး တွင် အမှီလိုက်နိုင်ရန် စွမ်းအင် ကဏ္ဍတွင် ကြီးမားသော အလှည့်အပြောင်းကြီး တခု ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်လေသည်။

 

ဤသည်ကား တနှစ်လျှင် ၁၀% မှ ၂၀% အထိ လိုအပ်နေသော လျှပ်စစ်ဓါတ်အား လိုအပ်ချက် ကို အမှီ လိုက်နိုင်ရန် ဒေါ်လာ ၁.၅ မှ ၂ ဘီလီယံ အကြား ကုန်ကျမည့် သဘာဝ ဓါတ်ငွေ့ရည် သုံး ဓါတ်အားပေး စက်ရုံ ကြီး တရုံအား သက္ကရာဇ် ၂၀၂၅ တွင် စတင်လည်ပတ်နိုင်ရန် ဂျပန်ကုမ္ပဏီ ကြီး သုံးခု ဖြစ်သော မာရူဘီနီ၊ ဆူမီတိုမို နှင့် မစ်ဆူအိ တို့မှ တာဝန်ယူ တည်ဆောက်ပေးတော့မည် ဆိုခြင်းပင်။

 

မီဂါဝပ် ၁,၂၅၀ အထိ ထုတ်လုပ်ပေးနိုင်မည့် အဆိုပါ ဓါတ်အားပေး စက်ရုံကြီး တည်ဆောက်ပြီးစီးသွားပါက မြန်မာ၏ လက်ရှိ ထုတ်လုပ် ဖြန့်ဖြူးနေသည့် ပမာဏ၏ ၂၀% ကို ထပ်မံ အားဖြည့်ပေးနိုင်မည်လည်း ဖြစ်သည်။

 

အဆိုပါ စက်ရုံအား ရန်ကုန်မြို့စွန်တွင် တည်ဆောက်သွားမည် ဖြစ်ပြီး ဂျပန်ကုမ္ပဏီကြီး သုံးခုမှ ဖက်စပ်ရင်းနှီးမြုပ်နှံပြီး ပြည်တွင်းရှိ Eden Group နှင့် ပူးတွဲ တည်ဆောက်ပေးသွားမှာ ဖြစ်ပေသည်။

 

နိုင်ငံ၏ တဟုန်ထိုး တိုးတက်လာနေသော စက်မှု လုပ်ငန်းများ ၏ လိုအပ်ချက် ကို ဖြည့်ဆီးပေးရန် နှင့် နိုင်ငံအနှံ့ လျှပ်စစ်ဓါတ်အား ရရှိရေး သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၏ စွမ်းအင် ကဏ္ဍဆိုင်ရာ ရည်မှန်းချက်ကြီးလည်း ဖြစ်သည်။

 

အဆိုပါ စီမံကိန်းများကို ဂျပန်တို့အား ပေးခဲ့ခြင်းသည် နိုင်ငံ၏ အခြေခံ အဆောက်အအုံဆိုင်ရာ ပိုင်းတွင် တရုတ်တို့၏ ယှဉ်ပြိုင်လာနေမှုကို ပြတ်ပြတ်သားသား ဖယ်ထုတ်လိုက်နိုင်ခြင်း ဆိုသည့် နိုင်ငံရေး အနှစ်သာရများ လည်း ပါဝင်နေသည် မဟုတ်ပါလော။

 

စွမ်းအင်ကဏ္ဍတွင်သာ မဟုတ်သေး၊ မည်သို့မျှ ထင်မထားသော တိုးတက်မှု ဖြစ်စဉ်ကြီးတခုအား ပြည်သူများ တအံ့တဩ သိရှိလာခဲ့ကြပြန်ပါသည်။ ဤသည်က မြန်မာမှ ပထမဆုံး ဂြိုလ်တု ကို ကိုယ်ပိုင် လွှတ်တင်ရန် ပြင်ဆင်နေပြီ ဆိုသော သတင်းကြီး ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

 

မြန်မာကဲ့သို့ စီးပွားရေးတွင် ဖွံ့ဖြိုးမှု အနည်းဆုံးဟု သတ်မှတ်ခံထားရသော နိုင်ငံသည် ဒေသတွင်းရှိ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီရှား နိုင်ငံတို့နှင့် အချိန်တိုအတွင်းမှာပင် ဖားခုန်သလို အမှီလိုက်နိုင်လာသည့် အဖြစ်ကို အဘယ်သူသည် မအံ့ဩပဲရှိအံ့မည်နည်း။ ထို့ပြင် အာရှ ကိုးနိုင်ငံမှ အနာဂတ်တွင် စုပေါင်း လွှတ်တင် ထားလာမည့် super constellation ခေါ်သည့် ဂြိုလ်တု အစုအဝေးကြီးထဲသို့ ဂုဏ်သိက္ခာရှိရှိ တန်းတူ ရည်တူ ဝင်ရောက်လာနိုင်တော့မည် ဖြစ်ပြီး ၎င်းတို့ထံမှ ရရှိလာမည့် အချက်အလက်များကို နို့သက်ခံ စို့နေစရာလည်း မလိုတော့ပေ။

 

မြန်မာတို့ လွှတ်တင်မည့် ဂြိုလ်တုကား နာဂစ်လို သဘာဝ ဘေးအန္တရာယ် ဆိုးကြီးများ ဖြစ်သော တိုင်ဖုန်း၊ မြေငလျင်နှင့် မြစ်ရေကြီးမှု အန္တရာယ် များ ကို ကြိုတင်သိရှိ ထောက်လှမ်းရန် အတွက် ပင် ဖြစ်သည်။ ထို့အပြင် သုံးစွဲမှု အပေါ် မူတည်ပြီး မြေပြင် အနေအထား ပြောင်းလဲလာမည့် အရေး၊ သီးနှံများ ထွက်ရှိနိုင်မည့် အလားအလာ နှင့် ရောဂါပိုး ကူးစက်နိုင်မှု များကို ကြိုတင် ထောက်လှမ်းနိုင်မည် လည်း ဖြစ်၍ ကုန်ကျငွေ ထက် များစွာ ကာမိစေသည့် အကျိုးကျေးဇူးများ ရရှိလာနိုင်တော့မည် ဖြစ်သည်ဟု တာဝန်ရှိသူများက အားတက်သရော ပြောဆိုခဲ့ကြသည်။

 

ပညာရေး ကဏ္ဍတွင် တိုးတက်ဖွံ့ဖြိုးလာမည့် ပြယုဒ်အဖြစ် အဆိုပါ ဂြိုလ်တု အား လွှတ်တင်ရန် တီထွင် ကြံဆလာသူများသည် မိတ္ထီလာ မြို့အနီးရှိ မြန်မာ လေကြောင်း အင်ဂျင်နီယာ တက္ကသိုလ်မှ ကျောင်းသားများ ဖြစ်နေသည်ကို တွေ့ကြရပေမည်။ အဆိုပါ ကျောင်းသားများက ဂျပန်တို့၏ အကူအညီဖြင့် မိမိတို့ဖာသာ လွှတ်တင်မည်လည်း ဖြစ်သဖြင့် ရုရှား၊ အမေရိကန် နှင့် တရုတ်တို့၏ ဂြိုလ်တု လွှတ်တင်ခြင်း နှင့် ဆိုင်သော နည်းပညာ ချုပ်ကိုင်ထားမှုကို တစစီခွာချရန် ကြံစည်လိုက်ခြင်း ဖြစ်သည်။

 

၎င်းတို့ လွှတ်တင်မည့် ဒေါ်လာ ၁၆ သန်းတန် ဂြိုလ်တုငါးလုံး၏ တခုစီ အလေးချိန်ကား ကီလို ၁၀၀ မျှ သာ ရှိပြီး ငါးနှစ် တကြိမ် လွှတ်တင်သွားကြမည်လည်း ဖြစ်သည်။

 

အဆိုပါ ဂြိုလ်တုများသည် သဘာဝဘေးအန္တရာယ်များ အပြင် မြို့ပြ ဖွံ့ဖြိုးမှု များ ဖေါ်ဆောင်ခြင်း၊ သစ်တောများ ပြုန်းတီးလာခြင်း နှင် တရားမဝင် သတ္တု တူးဖေါ်နေမှု များကို ခြေရာခံနိုင်မည်လည်း ဖြစ်သည်။

 

နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး နယ်ပယ်များတွင် ကိုယ့်အား ကိုယ်ကိုး နိုင်ရန် တဆင့်တက်လာသော ရုန်းကန်လှုပ်ရှားလာမှုကြီး၏ တစိတ်တပိုင်း အဖြစ် ထင်ဟပ်စေခဲ့ပြန်သည်။

 

တိုက်ဆိုင်လှစွာ ထိုနေ့မှာပင် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆီးရန် မြန်မာတမျိုးသားလုံး တူးတူးခါးခါး ဆန့်ကျင်နေသည့် မြစ်ဆုံဆည် တည်ဆောက်ရေး အား နှစ်နိုင်ငံ အစိုးရ အချင်းချင်း ပြန်လည်ညှိနှိုင်းပြီး စတင်ကြပါရန် တရုတ်အစိုးရ၏ ထောက်ခံမှု ရလိုရငြား ပြည်ခိုင်ဖြိုး ပါတီမှ ၎င်းတို့၏ သဘောထား အဖြစ် လွှတ်တော်တွင် အဆိုတင်သွင်းလာသည့် မယုံနိုင်စရာ သတင်းဆိုးကြီးအား ပြည်သူများ သိရှိခဲ့ကြရပြန်သည်။

 

အဆိုပါ ဆည်ကြီးသာ တည်ဆောက်ပြီးစီးသွားပါက ဧရာဝတီ မြစ်ကြီး၏ ရေစီးဆင်းမှုကို တရုတ်တို့ လုံးဝထိန်းချုပ်သွားနိုင်ပြီ ဖြစ်၍ နိုင်ငံ လုံခြုံရေး အား ကြီးမားစွာ ခြိမ်းခြောက်လာမည့် အရေးကိုပင် ထည့်သွင်းစဉ်းစားနိုင်ခြင်း မရှိအောင် ဖြစ်လာနေသည့် အဆိုပါ ပါတီကြီး သာ အာဏာရသွားမည် ဆိုလျှင် တိုင်းပြည်အတွက် မတွေးဝံ့စရာ ပင် ဖြစ်သည်။

 

၎င်းတို့အဖို့ က ဟောင်ကောင်အပေါ် တရုတ်၏ လုပ်ရပ်ကို အထင်တကြီး ရှိလာကြသည်နှင့်အမျှ မိမိတို့ အာဏာ တည်မြဲရေး နှင့် တိုင်းရင်းသား ပြည်သူများကို ထင်သလို ဖိနှိပ် ချုပ်ချယ်သွားနိုင်ရေး တွင် တရုတ်ဩဇာခံပြီး အကာအကွယ် ယူသွားနိုင်ဖို့ လုံးပမ်းလာခြင်းပင် ဖြစ်သည်။

 

သို့သော် တိုင်းပြည်ကို ချစ်မြတ်နိုးသော မြန်မာ ပြည်သူတိုင်းက အဆိုပါ အရေးအား ကာကွယ်ရန် မိမိတို့ အခွင့်အရေးကို လာမည့် နိုဝင်ဘာလ တွင် အပြည့်အဝ အသုံးချကြတော့မည်လည်း ဖြစ်သည်။