ပါဗယ်လည်း ခြံထဲ ဆင်းသွားရာမှ ပြန်ရောက်လာပြီး ယုံကြည်မှု အပြည့်ဖြင့်....
"သူတို့ ဘယ်လိုမှ ရှာတွေ့ တော့ မှာ မဟုတ်ဘူး" ဟု ပြောရင်း လက်ကို အကျအန ဆေးကြောလိုက်သည်။ ထို့နောက် ခြောက်အောင် ပွတ်သပ်နေပြန်သည်။ "အမေ ကသာ ကြောက်ရွံနေတဲ့ပုံ မပြ လေနဲ့၊ အဲ့လို ဆို သူတို့ စိတ်ထဲမှာ အိမ်ထဲမှာ တခုခု ရှိနေလို့သာ အဖွားကြီး တုန်လှုပ်နေတာ ဖြစ်မယ်လို့ ထင်သွားကြမှာ၊ အခုထိလည်း ကျွန်တော်တို့ ဘာမှ မလုပ်ရသေးဘူး၊ ကျွန်တော်တို့ ဘာမှ ဆိုးဆိုးရွားရွား ဖြစ်အောင် လုပ်မယ့် လူတွေ မဟုတ်ဘူး။ ကျွန်တော်တို့ ဖက်မှာ အမှန်တရား ဆိုတာ ရှိတယ်၊ ဒီအတွက် ကျွန်တော်တို့ အသက်ရှင်နေသမျှ လုပ်သွားမှာပဲ၊ ကျွန်တော်တို့မှာ အပြစ်တွေ ရှိတယ် ဆိုရင် အဲ့အတွက်ပဲ ရှိမယ်၊ အဲ့တော့ ဘာကို ကြောက်ဖို့ လိုမလဲ"
"အမေ့စိတ်ကို အမေ ထိန်းပါမယ် သားရယ်" ဟု စိတ်အေး အောင် ပြောလိုက်ရသည်။ ပြောသာ ပြောလိုက်ရသည် သူ့စိတ်ထဲ က စိုးရိမ်ကြောင့်ကြနေမှု များကို ဖျောက်မရ ဖြစ်နေသည်။ "မြန်မြန် ရောက်လာကြမှပဲ ပြီးတော့မယ်" ဟု အားမလို အားမရစိတ် ဖြင့် မြည်တမ်းလိုက်မိသည်။
သို့သော် ထိုညက မည်သူမျှ ရောက်မလာကြ၊ မနက်တွင်တော့ အမေသည် သူမ အထိတ်တလန့် ဖြစ်ခဲ့ရမှု များကို ကျီစယ်လာကြတော့မည်ကို သိထား၍ သူမ က စပြီး အရွန်းဖောက် ပြောဆိုခဲ့ရသည်။
အခန်း (၆)
ထိုသို့ ရင်တထိတ်ထိတ် နှင့် စောင့်ခဲ့ရသည့် ည လွန်မြောက်သွားပြီး နောက် သူတို့ လုံးဝ မျှော်လင့် မထားသည့် တလတိတိ အချိန်တွင် ရှာဖွေမည့်သူများ ပေါက်ချလာကြသည်။ ထိုအချိန်တွင် နီကိုလေ ဗိုင်ဆော့ချီကော့ သည် အိမ်တွင် ရှိနေပြီး ပါဗယ်၊ အင်ဒရေ တို့နှင့် သူတို့ သတင်းစာ အကြောင်း ပြောဆိုနေကြသည်။
အချိန်ကား အတော်လေး ညဉ့်နက်နေပြီး သန်းကောင်ယံ ပင် တိုင်တော့မည် ဖြစ်သည်။ အမေသည် အိပ်ယာထဲ ရောက်နေပြီး အိပ်တဝက် နိုးတဝက် နှင့် ဖြစ်နေသည်။ သူမသည် အပြင်မှ အရေးတကြီး တိုးတိုး ပြောဆိုနေသံများကို ကြားလိုက်ရသည်။ အင်ဒရေ သည် ထိုင်နေရာ မှ ထပြီး မီးဖို ချောင်မှ တဆင့် အပြင်သို့ ထွက်သွားသည်၊ တံခါးကိုလည်း အသာအယာ ပြန်ပိတ်သွားသည်ကို တွေ့လိုက်ရသည်။
ဆင်ဝင် အောက်ရှိ သံပုံးသံလည်း ကြားလိုက်ရပြီး နောက် ရုတ်ခြည်း ဆိုသလို တံခါးသည် ဗြုံးကနဲ ပွင့်လာသည်။ ရုရှားလေးသည် မီးဖိုချောင်ထဲ ပြန်ဝင်လာပြီး "လမ်းပေါ်က မြင်းခွာသံ တွေ ကြားနေရတယ်" ဟု ခပ်တိုးတိုး အသိပေးလာသည်။
အမေသည် ထိုစကား ကို ကြားလျင် ကြားချင်း အိပ်ယာမှ ငေါက်ကနဲ ထထိုင်ကာ တုန်ရီသော လက်များ နှင့် အပေါ် အင်္ကျီကို ကောက်ဝတ်လိုက်သည်၊ သို့သော် ပါဗယ် သည် အခန်းတံခါးဝ သို့ ရောက်လာပြီး "အမေ အိပ်ယာထဲမှာပဲ လှဲနေပါ၊ ကောင်းကောင်းလည်း နေကောင်းတာ မဟုတ်ဘူး" ဟု တည်ငြိမ်သော လေသံ ဖြင့် ပြောလာသည်။
အိမ်နားသို့ သတိကြီးစွာ နှင့် ချဉ်းကပ်လာသော အသံများကို ကြားလာရသည်။ ပါဗယ်က အိမ်တံခါးဝ သို့ သွားပြီး တံခါးကို လက်နှင့် ခေါက်ပြီး "ဘယ်သူတွေလဲ" ဟု အထဲကနေ အသံပေးလိုက်သည်။
မီးခိုးရောင် ဝတ်စုံ ဝတ်ထား သော အရပ်မြင့်မြင့် လူတယောက်အား တံခါးဝ တွင် ဗြုန်းစားကြီး တွေ့လိုက်ရသည်။ သူ့ နောက်တွင် ပါလာသော ပုလိပ် နှစ်ယောက်က ပါဗယ်ကို နောက်သို့ ပြန်တွန်း ပြီး တဖက်တချက် တွင် ရပ်နေလိုက်ကြသည်။ သူတို့ထံ မှ လှောင် ပြောင် သရော်သံ ဖြင့် "မင်း မျှော်လင့် မထားတဲ့ လူတွေ မဟုတ်လား"
ထိုစကားအား အရပ်ရှည်ရှည် နှုတ်ခမ်းမွှေးစစ နှင့် လူက ပြောလိုက်ခြင်း ဖြစ်သည်။ ရွာခံ ပုလိပ်သား တဦး ဖြစ်သည့် ဖဲယက်ကင်သည် အမေရှိရာ ကုတင် နားသို့ ရောက်လာသည်။ ခေါင်းပေါ်က ဦးထုတ်ကို လက်တဖက် နှင့် ချွတ်လိုက်ရင်း ကျန် လက်တဖက်က အမေ့မျက်နှာရှိရာ ဖက် ထိုးလိုက်ပြီး ကြောက်စရာ ကောင်းသည့် မျက်လုံးများ နှင့် စိုက်ကြည့်နေသည်။
"ဒီအဖွားကြီးက သူ့အမေပဲ အရာရှိမင်း" ဟု လှမ်းပြောလိုက်ရင်း ပါဗယ်ဖက် လှည့်ကာ "ဒီကောင်က တော့ အရာရှိမင်း အလိုရှိနေတဲ့လူပဲ"
"ပါဗယ် ဗလာဆော့ ဆိုတာလား" ဟု အရာရှိလုပ်သူက မျက်မှောင်ကြုံ့ရင်း မေးလိုက်၍ ပါဗယ်က ခေါင်းငြိမ့်ပြလိုက်သည်။
"ကဲ..အဖွားကြီး ထ၊ ခင်ဗျား အိမ်ကို ကျုပ်တို့ ရှာရမယ်"
ထိုအချိန်တွင် အခန်းထဲမှ အသံကြားလိုက်၍ "အဲ့မှာ ဘယ်သူ ရှိလဲ" ဆိုကာ တံခါးရှိရာသို့ ပြေးသွားသည်။
"မင်း နာမည် ဘယ်လို ခေါ်လဲ" ဟု မေးသံနှင့် ပြန်ဖြေသံကို ကြားလိုက်ရသည်။
နောက်ထပ် လူ နှစ်ယောက် အိမ်ထဲ ဝင်လာပြန်သည်။ တဦးက သံရည်ကြိုသမား တီဗ်ရီယာကိုဗ် ဖြစ်ပြီး၊ နောက်တဦးက သူ့အိမ်တွင် ငှားနေသည့် အသားခပ်မည်းမည်း မီးထိုးသမား ရိုင်ဗင် ဖြစ်သည်။ သူက အသံဩဩ ဖြင့် "ကောင်းသော ညနေခငိးပါ နီလော့ဗ်နာ" ဟု နှုတ်ဆက်လာသည်။
အမေလည်း အဝတ်အစား ကောက်ဝတ်ရင်း သူ့ကိုယ်သူ ရဲဆေး တင်သည့် အနေဖြင့် "ဘယ်လို ဟာပါလိမ့်၊ ညကြီးသန်းကောင် လူတွေ အိပ်မောကျချိန်ကျမှ ရောက်လာကြတယ်" ဟု အသံတိုးတိုး ဖြင့် တကိုယ်တည်း ရေရွတ်လိုက်သည်။