လာရီ ဂျေဂင် ရေးသော သမိုင်းတွင်မည့် မြန်မာ ရွေးကောက်ပွဲ

by Hla Soewai - Jul 25 2020

ယနေ့တွင် NLD သည် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမည်စာရင်း ထုတ်ပြန်တော့မည် ဖြစ်သည်။ သို့သော် နိုဝင်ဘာ ရွေးကောက်ပွဲသည်က ကပ်ရောဂါဆိုးကြီးကြောင့် မမျှော်လင့်သော အနေအထားများ ဖြစ်ပေါ်လာပြီး နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာပြန်လည် ရရှိရန် ကြိမ်းသေနေပြီ ဖြစ်သည်။ အများစု ဖြစ်မဖြစ်သာ ကြည့်ရန်လိုပေတော့မည်။

 

ကိုဗစ်-၁၉ သည် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းပြည်နှင့် လူမျိုး ကို ကယ်တင်နိုင်ခဲ့သူအဖြစ် ပြတ်သားစွာ ဖေါ်ဆောင်ပေးခဲ့သည်။ ယင်းနှင့် အတူ ဖေ့စ်ဘုတ်ကို သုံးလာခြင်းသည်ကလည်း လူထု ၏ ထောက်ခံမှု တောင်ပြို ကမ်းပြို ရရှိလာပြီး ရွေးကောက်ပွဲ၏ ရလဒ်ကို နိဂုံးချုပ်ပေးလိုက်ပြီ ဖြစ်သည်။ လူချင်း ခွာနေဖို့နှင့် အခြား ကန့်သတ်ချက်များကလည်း မည်သို့မျှ ပြောင်းလဲပေးနိုင်တော့မည် မဟုတ်။

 

ကော်ရိုနာဗိုင်းရပ်စ် ဖြစ်ပွားလာမှုသည် နိုင်ငံတော် အတိုင်ပင်ခံ ၏ ခေါင်းဆောင်မှု အရည်အသွေးကို ပြတ်သားစွာ ထုတ်ဖေါ်ခွင့် ရလိုက်ခြင်းလည်း ဖြစ်သည်။ ထို့အပြင် တတိုင်းပြည်လုံးက အမေစု ဟု ချစ်မြတ်နိုးစွာ အခေါ်ခံရသော သူမသည်လည်း နိုင်ငံ၏ မိခင် အဖြစ် သူမ၏ ပုံရိပ်ကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့သည့် အပြင် အရပ်ဖက် အုပ်ချုပ်မှုကိုလည်း ထိထိရောက်ရောက် သွတ်သွင်းပေးနိုင်ခဲ့သည့် အခွင့်အရေး ရလာခဲ့ပြန်သည်။

 

ဖေ့စ်ဘုတ် ပေါ်မှ သူမ၏ ဆွေးနွေး လမ်းညွှန်ချက်များသည် တိုင်းပြည်၏ ပကတိ ဖြစ်ရပ်မှန်များကို မည်မျှအထိ သိထားသူ အဖြစ် သူမ နှင့် အစိုးရအား ပုံဖေါ်ပေးနိုင်ခဲ့သည်။ သူမ၏ အခြေအနေ အချိန်အခါနှင့် ထိရောက်စွာ ဆွေးနွေးဆော်ဩခဲ့မှုများကြောင့် အတိုက်အခံ ပါတီများ ဇဝေဇဝါနှင့် ဘာလုပ်၍ လုပ်ရမှန်း မသိ ဖြစ်ကုန်ကြသည်။ (ဗိုလ်ချုပ်ပုံ မသုံးရ ပါတီ၊ ဖြူဖြူထွေးထက် ဖေါ်လိုဝါ များအောင် လုပ်မည်ပါတီ၊ တွေ့ရာလူများ ဆွဲသွင်း ပါတီ အစရှိသည်ဖြင့် သွေးရူးသွေးတန်း ဖြစ်ကုန်ကြသည်၊ … ဤသည်ကား မိမိ၏ စကားချပ်)၊ ထိုမျှမကသေး တိုင်းပြည် အာဏာ တည်ဆောက်ရေး တွင် အဓိက တစိတ်တပိုင်း အဖြစ် လိုက်လံ ပတ်သက်နေသည့် စစ်တပ်ကိုပင် ဘေးဖယ်ထုတ်နိုင်ခဲ့သည်။

 

လူထု၏ သဘောထားများကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲသည် မည်သို့မျှ စိတ်လှုပ်ရှားစရာ မဖြစ်တော့မည့် (non-event) ပုံစံ ပြောင်းသွားခဲ့ရပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကြိမ်းသေပေါက် NLD အနိုင်ရရှိမည့် အရေးသည် လည်း အမှန်တရား အဖြစ် ထွက်ပေါ်လာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ နိုင်ငံ၏ အတောင်ပေါက်စ ဒီမိုကရေစီ အတွက် သမိုင်းတွင်ကျန်ခဲ့မည့် ရွေးကောက်ပွဲကြီး အဖြစ်သာ ပြောင်းလဲသွားပေတော့မည်။ ဒီထက်ပိုအရေးကြီးသည်မှာ နိုင်ငံ အနေဖြင့် အစစ်အမှန် ခေတ်မှီ တိုးတက်ပြီး နိုင်ငံရေး အရ မည်မျှ အထိ ရင့်ကျက်လာသည် ဆိုသည်ကို အစမ်းသပ်ခံမည့် ပွဲလည်း ဖြစ်လာနေသည်။

 

NLD ဖက်က အလေးသာနေသော်လည်း ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို စေ့ငုစွာ စောင့်ကြည့်ကြမည် လည်း ဖြစ်သည်။ NLD ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ရွေးကောက်ပွဲ ဗျူဟာများသည် နောင်ငါးနှစ်တွင် အစိုးရကောင်း ပေါ်ထွန်းရေးအတွက် အခြေခံ အုတ်မြစ်ကြီး သဖွယ် လွန်စွာ အရေးပါလာနေသည်။ စစ်မှန်သော ဒီမိုကရေစီသို့ ဖော်ဆောင်ရာ တိုးတက်မှုများကိုလည်း ထင်ဟပ်စေမည် ဖြစ်သည်။

 

NLD ၏ ရွေးကောက်ပွဲ ကတိသည် အောက်ခြေ မဲဆန္ဒရှင်များ ကို စုစည်းနိုင်ရေးအတွက် လွန်စွာ အရေးပါ လှသည်။ ရွေးကောက်ပွဲ ကြေငြာစာတမ်းကို မဲဆွယ် စည်းရုံးရေး မစမီ နောက်လ အတွင်း ထုတ်ပြန်မည်ဟုလည်း သိရသည်။ အဓိက အားဖြင့် ကိုဗစ်-၁၉ အလွန်တွင် စီးပွားရေး နာလန်ထူလာအောင် မည်သို့မည်ပုံ ပြုလုပ်သွားမည်၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဖေါ်ဆောင်ပေးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင် အစရှိသည့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး ဆိုသည်များကို ဦးစားပေး ချပြသွားမည်၊ ဟု ဆိုသည်။

 

ဖွဲ့စည်းပုံ ပြောင်းလဲရေး နှင့် ငြိမ်းချမ်းရေး ပိုင်းကို မှေးမှိန်ထားမည်ဟု ယုံကြည်ရသည်။ တနိုင်ငံလုံး ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး နှင့် ပညာရေး ပိုင်း အစရှိသည်တို့ကို တွန်းတွန်းတိုက်တိုက် လုပ်သွားမည်ဟု NLD နှင့် နီးစပ်သော သတင်းရပ်ကွက် က ဆိုသည်။

 

သို့သော် NLD ဖက်မှ မိမိကိုယ်မိမိ သာမန်ထက် လွန်ကဲသော ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုခြင်းမျိုးကို ရှောင်ကျဉ်ရမည် ဖြစ်သည်။ သို့မဟုတ်က နိုင်မှာ ကြိမ်းသေသိထားလျှင် မည်သူမျှ ဒုက္ခခံပြီး မဲလာထည့်ရန် ကြိုးစားကြတော့မည် မဟုတ်ပေ။ မဲလာပေးသူ အရည်အတွက် နည်းသွားပါက NLD အတွက် တပန်းရှုံးသွားနိုင်သည်။ စစ်တပ်၏ သေချာပေါက် ၂၅% ကို ဖယ်ထုတ်ထားရမည်လည်း ဖြစ်သဖြင့် ၇၅% သော နေရာများကိုသာ ယှဉ်ပြိုင်ရမည် ဖြစ်ရာ ၇၀% ခန့် ရထားဖို့ လိုအပ်နေသည်။ သို့မှသာ အခြားပါတီများနှင့် ပူးပေါင်းစရာ မလိုပဲ မိမိတို့ ပါတီ တခုတည်းဖြင့် အစိုးရ ဖွဲ့နိုင်မည်လည်း ဖြစ်ပေသည်။

 

လက်ရှိ NLD အတွက် အကြီးမားဆုံး အန္တရာယ်သည်ကား မဲဆန္ဒရှင်များမှ တုံဏှိဘာဝေ နှင့် စိတ်မပါ လက်မပါ ရှိလာမည့် အရေးပင် ဖြစ်သည်။ ထို့အတွက် NLD အနေဖြင့် ၎င်းတို့အား ထောက်ခံသူများ ကို မဲရုံများသို့ မရမက ခေါ်ထုတ်ကြရမည် ဖြစ်ပေတော့သည်။

 

(၂၀၂၀ ဇူလိုင် ၂၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ ပါ လာရီဂျေဂင် ၏ “Suu Kyi readies to win ‘Covid election’ ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်)