လူသား ကွန်ယက်(38)

by Hla Soewai - Sep 01 2025

သဘာဝ ၏ အစီအမံသည် မှတ်တမ်း မော်ကွန်း တိုက်များ နှင့် တော့ ကွဲပြားပေသည်။ မှတ်တမ်းမှတ်ရာ များသည် ဇီဝ အခြေခံ အော်ဂဲနစ်များ မဟုတ်ကြ၍ ဇီဝ ဥပဒေသများကို လိုက်နာစရာ မလိုပေ၊ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်သည်လည်း ကျွနုပ်တို့အတွက် အစီအစဉ် တကျ ဖြစ်အောင် ဆောင်ကျဉ်း မပေးနိုင်ခဲ့။

 

အခွန် အစီရင်ခံစာများသည် ထိုအစီရင်ခံစာများ ထားရန် သတ်မှတ်ထားသော စင်ပေါ်တွင် သူ့အလိုလို ပေါက်ဖွားလာခြင်း မရှိ၊ ထိုနေရာသို့ သွားထားမှသာ ရှိနေမည် ဖြစ်သည်။ ထို့အတွက် စင်များ တွင် မည်သို့သော အချက်အလက်များ ကို အမျိုးအစား အလိုက်၊ အတန်းအစားလိုက် ခွဲခြားထားရှိရမည် ဆိုသည့် အိုင်ဒီယာ ထွက်လာဖို့ ဦးစွာ လိုအပ်သည်။ ထိုသို့ စီစဉ်ပြီး မှသာ မည်သို့သော မှတ်တမ်း မှတ်ရာများအား မည်သည့်စင် တွင် ထားရမည် ကို ဆုံးဖြတ်ရမည် ဖြစ်သည်။

 

တောထဲတွင် နဂိုကတည်းက အစီအစဉ်တကျ ရှိပြီးသား များကို သွားရောက်ရှာဖွေ ကြရသူ များ ကဲ့သို့ မဟုတ်ဘဲ မော်ကွန်းထိန်းများ သည် ကမ္ဘာကြီး အတွက် အစီအစဉ် သစ် တခု ကို တီထွင် ဖန်တီးဖို့ လိုအပ်လာသည်။ ထိုအစီအစဉ် သစ် အား ဗျူရိုကရေစီ ဟု ခေါ်ကြသည်။

 

ဗျူရိုကရေစီသည် ကြီးမား ကျယ်ပြန့်စွာ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ကြီးများအား မှတ်တမ်းမှတ်ရာ များ ထုတ်နှုတ်ရွေးယူနိုင်ရန် ဖြေရှင်းပေးသည့် နည်းလမ်းပင် ဖြစ်သည်။ ထိုမှတဆင့် ပို၍ ကြီးမားပြီး ပို၍ လည်း အစွမ်းထက်သည့် သတင်းအချက်အလက် ကွန်ယက်ကြီးများကို ဖန်တီးလာခဲ့ကြသည်။

 

ဒဏ္ဍာရီ ပုံဝတ္ထုများကဲ့သို့ပင် ‌ဗျူရိုကရေစီသည်လည်း စနစ်တကျ ရှိနေဖို့ ကို ဦးစားပေးပြီး အမှန်တရားကို လျစ်လျူ ရှုထား ခဲ့ကြသည်။ ဗျူရိုကရေစီသည် စနစ်သစ် တခုကို တီထွင်ပြီး ကမ္ဘာပေါ်တွင် အတင်းအကျပ် လိုက်နာစေခြင်းဖြင့် လူတို့၏ ကမ္ဘာကြီး အပေါ် နားလည်မှု ကို ပုံပျက်အောင် တမူ ထူးခြားသော နည်းလမ်းများ ဖြင့် ပြုလုပ်ခဲ့သည်။

 

ကျွနုပ်တို့၏ နှစ်ဆယ့်တစ်ရာစု ခေတ်ကြီး၏ သတင်းအချက် အလက် ကွန်ယက်များထဲတွင် တွေ့လာရသော ပြဿနာ အများအပြား ဖြစ်သည့် လူများကို အမှားမှား အယွင်းယွင်း ပုံဖေါ် တံဆိပ်ကပ်လာတတ်သည့် ဘက်လိုက်သော အယ်လ်ဂိုရစ်သမ်များ၊ လူသားတို့၏ လိုအပ်ချက်၊ ခံစားချက်များကို လျစ်လျူ ရှုထားသည့် တင်းကျပ်သော လုပ်ထုံးလုပ်နည်း နှင့် ကျင့်ဝတ်များ အစရှိသည် တို့သည် ကွန်ပြူတာ ခေတ်ကြီး၏ အသစ်အဆန်း ပြဿနာ များ တော့ မဟုတ်ပေ။ ၎င်းတို့သည် ကျွနုပ်တို့ ကွန်ပြူတာ ဆိုသည်ကို အိမ်မက်ပင် မမက်ကြသေးသော အချိန်ကတည်းက ရှိနေကြသည့် ဗျူရိုကရေစီ ၏ စံထားလောက်သော ပြဿနာ များပင် ဖြစ်သည်။

 

ဗျူရိုကရေစီ နှင့် အမှန်တရားကို ရှာဖွေခြင်း

 

ဗျူရိုကရေစီအား စာစကားပေစကားဖြင့် ပြောရလျင် "စားပွဲတင် စာရေးခြင်းဖြင့် အုပ်ချုပ်ခြင်း" rule by writing desk ဟူ၍ ဖြစ်သည်။ ထိုစကား အား ဆယ်ရှစ်ရာစု နှစ် အတွင်း ပြင်သစ်တို့ မှ စတင် တီထွင်လာခဲ့ခြင်း ဖြစ်သည်။ အရာရှိတဦးသည် ပြင်သစ်လို ဗျူရို ဟု ခေါ်သော အံဆွဲ များ ပါသည့် စာရေးစားပွဲ ကြီး တွင် ထိုင်နေလေ့ရှိသည်။ ထို့အတွက် ဗျူရိုကရေစီ စနစ်၏ နှလုံးသည်းပွတ်သည် အံဆွဲများပင် ဖြစ်သည်။

 

ဗျူရိုကရေစီသည် ကမ္ဘာကြီးအား အံဆွဲများ အဖြစ် ပိုင်းခြားရင်း ဆွဲထုတ်ယူရမည့် ပြဿနာများကို ဖြေရှင်းရန် ကြိုးစားသည်။ မည်သည့် စာရွက်စာတမ်းသည် မည်သည့် အံဆွဲတွင် ထားရမည်ကို သိဖို့ ကြိုးစားခြင်း ဖြစ်သည်။

 

မှတ်တမ်း စာရွက်တရွက်အား အံဆွဲ တခု အတွင်း၊ စင်တခု ပေါ်၊ ခြင်းတခြင်းထဲ၊ ဖန်ပုလင်းတခုထဲ၊ ကွန်ပြူတာ ဖိုင် တခုထဲ သို့မဟုတ်ကလည်း ထည့်လို့ရသည့် တခုခုထဲ ထည့်သွင်း သည် ဖြစ်စေ သဘောတရားအရ အတူတူပင် ဖြစ်သည်၊ မှတ်တမ်း များအား ပိုင်းခြား စီမံထားခြင်းပင် ဖြစ်သည်။ ကမ္ဘာကြီးအားလည်း ကွန်တိန်နာ ပုံး များ သဖွယ် ပိုင်းခြားပြီး ထိုကွန်တိန်နာ ပုံး များအား ခွဲခြားထားခြင်းဖြင့် စာရွက်စာတမ်းများသည် ရောထွေးသွားမည် မဟုတ်တော့။ 

 

သို့သော် ထိုသဘောတရား အတွက် တန်ဖိုးတခုတော့ ပေးဆပ်ရသည်။ ကမ္ဘာကြီးကို အရှိအတိုင်း နားလည်ရန် အာရုံစိုက်ရမည့် အစား ဗျူရိုကရေစီသည် အသစ်အဆန်း နှင့် အတုအယောင် စနစ်များ ကို ကမ္ဘာကြီး အပေါ် ပြဋ္ဌာန်းနိုင်ရန် မကြာခဏ ဆိုသလို အလုပ်များနေတတ်သည်။

 

ဗျုရိုကရက်များက အံဆွဲ အမျိုးမျိုး ကို စတင် တီထွင်လာကြသည်။ ဤသည်ကား လူများ အကြား အပြန်အလှန် လက်ခံထားသော အမှန်တရား ပုံစံမျိုး ဖြစ်၍ ကမ္ဘာ ကြီး တွင် ဓမ္မဓိဋ္ဌာန်ကျကျ ကွဲလွဲနေမှု များ နှင့် ဆက်စပ်ခြင်း မရှိပေ။ ထို့နောက်တွင် ဗျူရိုကရက်များက ၎င်းတို့ တီထွင်ထားသော အံဆွဲများထဲသို့ ကမ္ဘာကြီးအား ထည့်သွင်းရန် အတင်းအကျပ် ကြိုးစားလာကြသည်။ အကယ်၍ မတော်တရော် ဖြစ်လာလျင် အားနှင့် တွန်းထည့်လာကြသည်။ ဤသည်ကို တရားဝင် ‌လျှောက်လွှာ စာရွက်များ ဖြည့်သွင်း ရသူ တိုင်း ကောင်းစွာ သိထားကြပြီး ဖြစ်သည်။

 

အသင်သည် အဆိုပါ ဖေါင်များကို ဖြည့်သွင်းသည့် အခါ ပါဝင်လာသော အချက်အလက် တခုတလေမျှ သင်၏ အခြေအနေ နှင့် ကိုက်ညီခြင်း မရှိသည်ကို တွေ့ရမည် ဖြစ်သည်။ ဖြည့်ရမည့် ဖေါင်က သင့် အတွက် အဆင်‌ ပြေ အောင် လုပ်‌ ပေးထားခြင်း မရှိ၍ သင့်ဖက်ကသာ ဖြည့်လို ရသမျှ အတင်း ကြိုးစား ဖြည့်လာရသည်။

 

လက်တွေ့ဘဝ၏ ရှူပ်ထွေးမှု၊ မရေရာမှု များကို ကန့်သတ်ထားသည့် အံဆွဲများထဲ ဝင်ဆန့်အောင် လျော့ချ ပစ်လိုက်ခြင်း ဖြင့် အရာရှိများ အတွက် လုပ်ရမည့် အလုပ်များ စနစ်တကျ ဖြစ်စေသော်လည်း အမှန်တရားကိုတော့ ထိခိုက်လာခဲ့သည်။

 

အဘယ်ကြောင့် ဆိုသော ပကတိ အဖြစ်မှန်သည် ပိုမို ရှုပ်ထွေးနေသည့် တိုင် ဗျူရိုကရက်များသည် ၎င်းတို့၏ အံဆွဲများကိုသာ အစွဲအလမ်း ထားနေကြသောကြောင့် ဖြစ်သည်။ ထို့အတွက်‌ကြောင့်လည်း ၎င်းတို့၏ ကမ္ဘာကြီး အပေါ် ပုံပျက်ပန်းပျက် နားလည်ထားမှု သည် မကြာခဏ ဆိုသလို ထွက်ပေါ်လာခဲ့ရသည်။