ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(48)

by Hla Soewai - Sep 01 2025

ကျွန်တော် ပြန်ထွက်လာသည့် အခါ ဆိုင်ထဲတွင် လူရှင်းနေပြီး ဘွန်သည် ငွေရှင်း ကောင်တာ ဘေးတွင် ထောင်ထားသော အဖြူအမည်း ရုပ်မြင်သံကြား အသေးလေး မှ လာနေသည့် ဘေ့စ်ဘော ပွဲကို စိတ်ညို့ခံထားရသည့် အလား မမှိတ်မသုံ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ 

 

ကျွန်တော် အိပ်ကပ်ထဲတွင် အမေရိကန် အခွန်ဌာန မှ ပိုငွေ ပြန်ထုတ်ပေးသည့် ချက်လက်မှတ် ကို ထုတ်လာသော ငွေများ ပါလာသည်။ အများကြီး မဟုတ်သော်လည်း ပြန်ပေးသည်ကပင် အ‌ရေးပါလှသည့် အမှတ်သင်္ကေတ တခုဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံတွင် ဦးနှောက်ကြုံလှီသော အစိုးရသည် စိတ်ပျက်လက်ပျက် ဖြစ်နေသော နိုင်ငံသားများထံမှ ဦးစွာ အရင်ယူထားသည်များကို မည်သည့် အခါမျှ ပြန်ပေးသည့် ထုံးစံ မရှိပေ။

 

တွေးခေါ်ပုံ အလုံးစုံကပင် မတော်မတရား ဖြစ်နေသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်း တွင်မူ အမြင့်ဆုံး အဆင့်က အစ ခိုးယူနေကြသည်။ အစိုးရသည် အမေရိကန် တို့ ထံမှ ရသမျှ ခိုးဝှက်နေခဲ့သည်။ သာမန် နိုင်ငံသား တဦးကလည်း အစိုးရထံမှ ခိုးလို့ရသမျှ ခိုးနေသည်။ အဆိုးဆုံးသည်က ကျွန်တော်တို့ တ‌‌ဦး နှင့် တဦး ရနိုင်သမျှ ခိုးနေကြခြင်းပင် ဖြစ်သည်။

 

လက်ရှိ ကျွန်တော်သည် ပြည်ပတွင် ရောက်နေသည့် ကိုယ့်လူမျိုး များ အပေါ် သနားစိတ် ရှိနေသော်လည်း ကျွန်တော်တို့ နိုင်ငံသည် ပြန်လည် မွေးဖွားလာခဲ့ပြီး ပြည်ပ မှ အကျင့်ပျက်မှု များအား တော်လှန်ရေး မီးလျှံများ နှင့် သန့်စင်ခံနေရသည် ကို မတွေးမိဘဲ မနေနိုင်အောင် ဖြစ်လာခဲ့သည်။

 

အခွန် ပို ကောက်ခဲ့မှု များ အား ပြန်ပေးမည့် အစား မတရားနည်း ဖြင့် ရယူထားသူများ၏ ချမ်းသာကြွယ်ဝမှု များကို လူဆင်းရဲများအား ပြန်လည် ဝေငှ ပေးရမည်ဟူသော ဖီလော်ဆိုဖီ ကို လိုက်နာနေကြသည်။ ဆိုရှယ်လစ်များ စောင်မ ကူညီခဲ့သည်များကို ဆင်းရဲသား များ ဘာတွေ လုပ်ပစ်ခဲ့ကြမည် ဆိုသည်က ၎င်းတို့ အပေါ်တွင်သာ မူတည်သည်။

 

ကျွန်တော် အဖို့ကတော့ အရင်းရှင်တို့ ပြန်အမ်းငွေသည် ကျွန်တော် နှင့် ဘွန် တို့ နောက်တပတ်လောက်အထိ ရင်ဆိုင်ရမည့် ပြဿနာ ကို တွေးရင်းလူမှန်းမသိအောင် မူးပစ်လိုက်ဖို့ လုံ‌လောက်သည့် အရက်ဖိုး ဖြစ်သည်။

 

"ဗိုလ်မှုး၊ ဒီ ဗိုလ်မှုးက စပိုင်လို့ မင်းတကယ်ပဲ ထင် နေတာလား" ဟု ပုလင်းများကို ထုတ်ပိုးနေသော ဘွန် ကို မေးလိုက်သည်။

 

"ငါက ဘာသိမှာလဲ၊ ခိုင်းတာ လုပ်ရတဲ့ အောက်ခြေ စစ်သား အဆင့်ပဲ ရှိခဲ့တာလေ"

 

အခု မင်းလည်း ခိုင်းတာ လုပ်ရမှာပဲ၊ မင်းက စမတ် ဖြစ်တော့ မင်းပဲ စီစဉ်၊ နေရာ ဒေသ ဆိုလည်း ငါ့ထက် ပိုကျွမ်းတယ်၊ လုပ်ရဖို့က ငါ့တာဝန်ထား၊ အခု ကောင်တာ နောက် လာကြည့်ဦး၊ ငွေရှင်းကောင်တာ အောက်က စင်ပေါ်မှာ ပြောင်းတို နှစ်လုံးပူး သေနတ်တလက် ရှိတယ်၊ ကြိုက်လား"

 

မင်း ဘယ်လိုရလာတာလဲ။

 

ဒီမှာက မဲပေးဖို့တို့၊ ကားမောင်းရဖို့ သာ ခက်ရင်ခက်မယ်၊ သေနတ်တလက်ရဖို့က အလွယ်လေး၊ အင်္ဂလိပ်လို တောင် တတ်စရာ မလိုဘူး၊ ရယ်စရာ ကောင်းနေတာက ဒီဗိုလ်မှုးကပဲ ဆက်သွယ်ပေးခဲ့တာ၊ သူက တရုတ်လို ပြောတတ်တယ်၊ တရုတ်တန်း မှာလည်း တရုတ် လူဆိုးဂိုဏ်းတွေချည်းပဲ။

 

ပြောင်းတို သေနတ် နဲ့ ဆိုရင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်မယ်။

 

ဟေး...ငါတို့ကလည်း ပြောင်းတို သေနတ် သုံးပါမလား ပညာရှိကြီးရဲ့၊ ဘွန်သည် ကောင်တာ အောက်က စင်ပေါ်ရှိ ဆေးပြင်းလိပ် ဗူးကို ဖွင့်လိုက်သည်။ ဗူးထဲတွင် ပွိုင့် သာတီအိတ် ခေါင်းတို ခြောက်လုံးပြူးကို တွေ့လိုက်ရသည်။ ကျွန်တော် ဟိုမှာ ရှိစဉ် ထုတ်ပေးထားသည့် သေနတ်မျိုး နှင့် အတူတူပင် ဖြစ်သည်။ ဒီလောက်ဆို သိမ်သိမ်မွေ့မွေ့ ရှိမှာပါနော်။

 

အကြောင်းအကြောင်းတွေက ကျွန့်တော်အား ထပ်ပြီး ပိတ်မိလာချေပြီ၊ အခြားလူတယောက်လည်း ဒီလို အခြေအနေမျိုး တွင် ပိတ်မိလာတာကို မကြာခင် တွေ့လာရဦးမည်။ ကျွန်တော့် စိတ်ထဲ ဝမ်းနည်းလာမှု ကို နှစ်သိမ့်ပေးလိုက်သည်က ဘွန်၏ မျက်နှာ အမူအရာပင် ဖြစ်သည်။ ဤသည်ကား တနှစ် အတွင်း ဘွန် ပျော်ရွှင်နေသည်ကို ပထမဆုံး အကြိမ် မြင်လိုက်ရသော ကြောင့်ပင် ဖြစ်သည်။

 

*************

 

အခန်း (၆)

 

ဆိုင်ဖွင့်ပွဲ အခမ်းအနားက ညနေစောင်းတွင် စတင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးက မျက်နှာ တွင် အပြုံးရိပ် ဆင်ကာ လာသမျှ လူများ နှင့် အလ္လာပ သလ္လာပ ပြောရင်း လက်ဆွဲ နှုတ်ဆက်နေသည်။ အသက်ရှင်ရန် အမြဲမပြတ် ကူးခတ်နေရသည့် ငမန်းကောင်လို နိုင်ငံရေး သမား တဖြစ်လဲ ဗိုလ်ချုပ်ကြီးလည်း သူ၏ ပါးစပ်ကို ဒလစပ် လှုပ်ရှားနေရသည်။

 

ယခု ရောက်လာကြသူများက လုပ်ဖေါ်ကိုင်ဖက် ဟောင်းများ၊ နောက်လိုက်နောက်ပါများ၊ စစ်သားများ၊ မိတ်ဆွေများ၊ ဂူအမ် ရောက်သည် အထိ ယူနီဖောင်း မပါဘဲ တွေ့ရခဲသည့် အသက် ၃၀ နှင့် လူလတ် ပိုင်း အရွယ် တပ်စိတ် တစိတ်စာ ရှိ သူ့ လူများကို လည်း တွေ့လာရသည်။ 

 

တစ်နှစ်ကြာပြီးနောက် အရပ်ဝတ်နဲ့ ထိုလူများကို ထပ်တွေ့လိုက် ရသည့်အခါ ရှုံးနိမ့်မှုဆိုသည့် အချက်ကို ပိုပြီးသေချာစေခဲ့သလို အဝတ်အစားလည်း မဝတ်တတ် မစားတတ် ဖြစ်‌ နေကြပြန်သည်။ အရောင်းဆိုင်ထဲမှာ ဈေးပေါပေါနဲ့ရသည့် ဖိနပ်များ၊ တွန့်ကြေနေသည့် ချည်ဘောင်းဘီများ၊ ထိုသို့ မဟုတ်လည်း လက်ကားသမားတွေက တစ်ထည်ဝယ်ရင် တစ်ထည်လက်ဆောင်ပေးသည့် ကြော်ငြာများထဲက မတော်တလျော် ဝတ်စုံများနှင့် လျှောက်သွားနေကြသည်။

 

ပဝါ၊ ခြေအိတ်၊ လည်စီးများလည်း ဝတ်ထားကြသော်လည်း တကယ်တမ်း လိုအပ်နေသည်က ရေ‌မွှေးနံ့ပင် ဖြစ်သည်။ ယောက်ျား ပြည့်တန်ဆာတွေ သုံးသည့် အမျိုးအစား ဖြစ်နေပါစေ အနည်းဆုံးတော့ သမိုင်း၏ မျက်နှာသာပေးမှု ကို မခံရဘဲ ရှူံးနိမ့်သွားခဲ့ရသည့် အနံ့အသက်များကို တော့ ဖုံးကွယ် ပေးထားနိုင်ပေလိမ့်မည်။

 

ကျွန်တော်သည် ထိုလူများထက် ရာထူးအားဖြင့် ငယ်သော်လည်း ပါမောက္ခ ဟမ်မား၏ ပေးကမ်းခဲ့သည့်ကျေးဇူး ကြောင့် ကောင်းစွာ ဝတ်ဆင်လာနိုင်ခဲ့သည်။ အနေတော်ဖြစ်အောင် အနည်းငယ် ပြန်ချုပ်လိုက်ယုံဖြင့် ရွှေကြယ်သီးများပါ အပြာရောင် ဘလေဇာ ကုတ်အင်္ကျီ၊ မီးခိုးရောင် ဖလန်နယ် ဘောင်းဘီရှည်တို့က ကျွန်တော်နှင့် ကွက်တိပင် ဖြစ်သည်။