ငြိမ်းချမ်းရေး နိုဘဲလ် ဆု ရရန် မျှော်မှန်းလာနေသော ထရမ့်

by Hla Soewai - Sep 01 2025

အိမ်ဖြူတော်သို့ ဖိတ်ခေါ်ခံရသော နိုင်ငံခြား ဧည့်သည် တော် တိုင်းက သံတမန် ဘီး ကြီး တဝှီဝှီ လည်ပတ် နိုင်ရေး ချောဆီ ထဲ့နိုင်မည့် လက်ဆောင်မျိုး ပေးနိုင်ရန် အလေးအနက် စ‌‌ဉ်းစားရဖို့ ဖြစ်လာသည်။

 

ယခု အပတ် အတွင်း အိမ်ဖြူတော်သို့ ပြန်ရောက်လာသော ဇလန်စကီးသည် ဘေးကင်းရန်ကင်း ရှိမည့် လမ်းကို ရွေးချယ်သည့် အနေဖြင့် ဂေါက်ရိုက်ခြင်း ကို အရူးအမူး စွဲလမ်းနေသော အိမ်ရှင် အတွက် လက်ဆောင်ပေးရန် ဂေါက်ရိုက်တံကို တပါတည်း ယူလာခဲ့သည်။

 

ထရမ့်သည် ကာတာ နိုင်ငံမှ ပေးသော ကိုယ်ပိုင် ဂျက်လေယာဉ်၊ အန်ဂလာ မာကယ်၏ Mont Blanc ဖောင်တိန် အကောင်းစား တစုံ၊ ဗီယက်နမ် မှ ကျောက်မျက်ရတနာ များ စီခြယ်ထားသည့် ၎င်း၏ ပုံတူ ပန်းချီကား တချပ် တို့ ရရှိထားပြီး ဖြစ်သည်။

 

ဥရောပ ခေါင်းဆောင်များ ဇလန်စကီးအား ထောက်ခံရန် ဝါရှင်တန်သို့ တသီတသန်းကြီး ရောက်လာကြသည့် အခါတွင် ဥရောပ တိုက်မှ မည်သို့သော လက်ဆောင်မျိူးသည် အရာရာ ပြည့်စုံနေပြီး ဖြစ်သည့် သမ္မတတဦး အတွက် အဆင်ပြေမည်နည်း ‌တွေးနေခဲ့ကြသည်။

 

၎င်းတို့ စဉ်းစားရ ကျပ်နေသည့် အဖြေကားထရမ့် တွင် ရှိနှင့်ပြီး ဖြစ်သည်။ လတ်တလော တွင် ဥရောပ ဖက်က ရနိုင်သည့် တန်ဖိုးကြီးကြီး အရာတခု ကို မကြာခဏ ဆိုသလို ရည်ညွန်းပြောဆိုလာခဲ့သည်။ ဤသည်ကား နိုဘဲလ် ငြိမ်းချမ်းရေး ဆုတံဆိပ်ကြီးပင် ဖြစ်သည်။ နော်ဝေး ပါလီမန်မှ ခန့်အပ်ထားသည့် ကော်မတီမှ နှစ်စဉ် ရွေးချယ်ပေးအပ်သည့် အဆိုပါဆုကြီး ကို မျှော်လင့် တောင့်တနေခြင်းပင် ဖြစ်သည်။ ထိုဆု သည် အမေရိကန်၏ သံတမန်ရေး ပိုင်းကို အားဖြည့်ပေးသလို ဖြစ်သွားနိုင်သည့် အပြင် စိုးရိမ် ထိတ်လန့်မှုများလည်း ဖြစ်လာနိုင်သည်။

 

ထိုဆုကို ထရမ့်အား ပေးမည်ဆိုက ယူကရိန်းနှင့် ပတ်သက်ပြီး ၎င်းတို့ဖက်က ရပ်တည်လာနိုင်သည်ဟု ဥရောပ ခေါင်းဆောင်များ မျှော်လင့်ကောင်း မျှော်လင့် နိုင်သည်။ သို့သော် ဆုရွေးချယ်ရေး အဖွဲ့တွင် ပါဝင်သော မထင်မရှား ပုဂ္ဂိုလ်ငါးဦး သည် နိုင်ငံရေး နှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ရွေးချယ်ထားခြင်း ဖြစ်ပြီး ထိုသို့သော လှည့်စားမည့် လုပ်ရပ်မျိုး နှင့် ခပ်ကင်းကင်း နေလိုကြပုံ ရှိသည်။

 

သို့သော် ထရမ့်က ထိုဆုကို ရဖို့ စည်းရုံးမည် မဟုတ်ကြောင်း၊ သူ ရလိမ့်မည်ဟုလည်း မထင်ကြောင်း ထပ်တလဲလဲ ပြောနေခြင်းကပင် အရမ်း ကာရော လိုချင်သည်မှာ ထင်ရှားနေသည်။ မကြာသေးမီကမှ နော်ဝေး ဘဏ္ဍာရေး ဝန်ကြီးအား ဖုန်းဆက်ပြီး အခွန် အကောက် တိုးမြှင့်မည့် ကိစ္စ ပြောရင်းက နိုဘဲလ် ဆု အကြောင်း ပါ ထည့်သွ င်းပြောဆိုသွားခဲ့သည်ဟု သိရသည်။ အော်စလို မှ အသိအမှတ် ပြုခံရဖို့က သူ ရရှိမည့် ရွှေအ‌လေးချိန် ၂၀၀ ဂရမ် ရှိ ဆုတံဆိပ်ထက် များစွာ တန်ဖိုးရှိနေသည်။

 

တယ်ဒီ ရုစ်ဘဲလ်၊ မာသာ ထရီစာ၊ မာတင် လူသာကင်း (ဤနေရာတွင် ဘာရက် အိုဘာမား အမည် မထဲ့မှသာ ဖြစ်မည်) တို့နှင့် တတန်းစားတည်း ဖြစ်လာနိုင်မည့် အရေးကြောင့် ထရမ့်သည် "peacemaker-in-chief" ဖြစ်ရန် စိတ်ပါလာသည်။

 

မကြာမီ လများ အတွင်းက ထရမ့်သည် ၎င်း၏ ကြိုးပမ်းမှု ကြောင့် စစ်ပွဲကြီး ခြောက်ပွဲ (တခါတရံ ခုနှစ်ပွဲဟုလည်း ဆိုသည်) ပြီးဆုံးခဲ့သည်ဟု ယုတ္တိ မတန်လှသည့် ကြွားလုံးများ ထုတ်လာခဲ့သည်။

 

ဒီလို ပုဂ္ဂိုလ်ကြီးက ထိုကဲ့သို့ ဖြစ်လာအောင် အချိန်တွေ ဘယ်လိုများ ရှာဖွေ နိုင်ခဲ့သလဲ၊ အနည်းဆုံး ၎င်း စိတ်ထဲတွင်တော့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ နှင့် ရဝမ်ဒါ တို့အကြား ချစ်ကြည်ရင်းနှီးမှုတွေ ရှိနေပြီ၊ အိန္ဒိယ နှင့် ပါကစ္စတန် တို့သည်လည်း ညီရင်း အကိုသဖွယ် ချစ်ခင်ကုန်ကြပြီ၊ အီရန်-အစ္စရေး၊ ထိုင်း-ကမ္ဘောဒီယား တို့အကြား သေနတ်သံတွေ ထာဝရ တိတ်ဆိတ်သွားခဲ့ပြီ၊ ဘင်ဂျမန် နာသန်ရာအူးလည်း (ဂါဇာ မှ လွဲ၍) နောင်တရပြီး စစ်ကို မလိုလားတော့၍ သူ့ကိုပင် နိုဘဲလ် ဆု ပေးဖို့ အဆိုပြုလာခဲ့သည် ဟူ၍ တွေးကောင်း တွေးနေပေမည်။

 

သေချာအောင် အတွက် ထရမ့်သည် ယူကရိန်း အရေး ကို မဖြစ်မနေ အရင်ဖြေရှင်း ပေးနိုင်မှ ဖြစ်မည်။ တခါက ၎င်း၏ မဟာရန် ဖြစ်ခဲ့သည့် ဟီလာရီ ကလင်တန်ကပင် ယူကရိန်းဖက်က နယ်မြေ စွန့်လွှတ်စရာ မလိုသည့် သ‌ဘောတူညီချက်မျိုး ရခဲ့မည် ဆိုလျင် ထရမ့်အား နိုဘဲလ်ဆု ပေးရန် သူမ ကိုယ်တိုင် အဆိုတင်မည်ဟု ပြောခဲ့သည်။

 

ထရမ့်၏ နိုဘဲလ်ဆု ရဖို့ လိုလားနေခြင်းသည် ဥရောပ အတွက် အခွင့်အလန်းများ ထွက်ပေါ်လာနေသည်။ ၎င်းကိုယ်တိုင်လည်း ယူကရိန်းစစ်ပွဲကို ကြည့်၍ ပျင်းရိငြည်းငွေ့လာပုံရသည်။ "ဘိုင်ဒင် ဖန်တီးသော စစ်ပွဲ" ဆိုကာ အဆုံးသတ် စေချင်နေသည်။

 

နိုဘဲလ် ဆုကို မျှော်မှန်းနေမှုသည် ထရမ့်၏ မာန်မာန ကို အကျိုးရှိရှိ နှင့် ပိုမို ပူးပေါင်းဆောင်ရွက်လာအောင် ပြောင်းလဲပေးနိုင်မည် ဆိုက ကောင်းသည့် လက္ခဏာ ပင် ဖြစ်သည်။ စိတ်အား ထက်သန်လာနေသည့် ထရမ့်သည် လက်‌ တွေ့ကျမည့် သဘောတူညီချက်မျိုး ရရှိဖို့ အရေး ရုရှားသည် အဟန့်အတား လုပ်နေသည်ကို သဘောပေါက်လာလိမ့်မည်ဟု ဥရောပ ခေါင်းဆောင်များ မျှော်လင့်နေကြသည်။ ထိုသို့ သဘောပေါက် မှသာ ထရမ့် အော်စလို ကို သွားဖို့ အဆင်ပြေမည်လည်း ဖြစ်သည်။

 

ထရမ့်၏ နိုဘဲလ် ဆုကို တပ်မက်နေသည့် စိတ်သည် ဆိုးကျိုးများလည်း ဖြစ်လာနိုင်သည်။ အမြန်အဆန် ငြိမ်းချမ်းရေး ရယူလိုသည့် ဇောဖြင့် စစ်ပွဲ ထာဝရ ရပ်စဲဖို့ ပင်ပင်ပန်းပန်း လုပ်ယူရမည့် လုပ်ငန်းစဉ်များကို လျှစ်လျူရှု လာနိုင်သည်။ အသေးစိတ်ကို မည်သည့် အခါမှ ဂရုစိုက်ခြင်း မရှိသည့် ထရမ့် အဖို့ စစ်ပွဲ အဆုံးသတ်သွားပြီ ဆိုသည့် ခေါင်းစီး သတင်းမျိုးသာ အလိုရှိ ပေ လိမ့်မည်။ ထိုခေါင်းစီး အောက်မှာ ပါလာမည့် အသေးစိတ် အချက်အလက်များကို ဗလာဒီမာ ပူတင် လက်ထဲ ဝကွက် အပ်ထားနိုင်သည်။

 

နှင်းဆီ‌ဥယာဉ် မှာ ဓါတ်ပုံ အတူ တွဲရိုက်ခွင့် ရဖို့ လောက်တော့ ဇလန်စကီး အတွက် အလုပ်ဖြစ်မည် မဟုတ်၊ အမေရိကန်ဖက်က ရရှိလာမည့် ငြိမ်းချမ်းရေး အတွက် လုံခြုံရေး အာမခံချက်ကို လိုချင်နေမည်သာ ဖြစ်သည်။ ဆွေးနွေးပွဲများ ရှည်ကြာလာသည်နှင့် အမျှ စိတ်မရှည် ဖြစ်လာမည့် ထရမ့်သည် ဘာပဲဖြစ်ဖြစ် လက်ခံဖို့ ယူကရိန်းအား တွန်းတွန်း တိုက်တိုက်လုပ်လာနိုင်သည်။

 

ထရမ့်သည် အမှန်တကယ် လည်း စစ်ပွဲများကို ရွံ့မုန်း နေပုံရသည်။ မည်သို့ပင် ဆိုစေ ငြိမ်းချမ်းရေး ဗိသုကာ ကြီး ထရမ့် ဆိုသည်က ဆက်ဆံရ ပို အဆင်ပြေ ပေ လိမ့်မည်။ အိမ်ဖြူတော်သို့ ရောက်လာသော ဥရောပ ခေါင်းဆောင် များသည်လည်း ယခင်အခါထက် စာလျင် ထရမ့်၏ ချီးကြူး မြှောက်ပင် ပြောဆိုမှု များ ကြားလာခဲ့ရသည်။

 

ထိုသို့ ချီးကြူးပြောဆိုမှု များသည် ဆုရသူကို ကြေညာမည့် အောက်တိုဘာ ၁၀ ရက် နောက်ပိုင်း အထိ ခံမည်လား ဆိုသည်က စောင့်ကြည့်ရမည် ဖြစ်သည်။

 

အီကောနော်မစ် မဂ္ဂဇင်းကတော့ စိတ်ပုံမှန် အနေအထား ရှိသည့် မည်သည့် နော်ဝေး နိုင်ငံသားကမျှ ထရမ့်အား ငြိမ်းချမ်းရေး ကို ဆုကို အသာထား၊ အခြား မည်သည့်ဆုမျိုးကိုမျှ ပေးအပ်လိမ့်မည် မဟုတ် ဆိုသည်ကို လောင်းကြေးထပ် ပြောရဲသည်ဟု အခိုင်အမာ ရေးသားထားသည်။

 

ထိုပုဂ္ဂိုလ်သည် နိုင်ငံများကို ကျုးကျော် သိမ်းပိုက်ရန် ခြိမ်းခြောက်ခဲ့သူ၊ အမေရိကန်၏ ပြည်ပ အကူအညီများကို ဖြတ်တောက်ခဲ့သူ၊ ၎င်း၏ မြို့တော်ကြီး တွင်ပင် တပ်များကို ဖြန့်ကြက်ချထားခဲ့သူ ဖြစ်သည်ကို မေ့လျော့ထားကြမည် မဟုတ်ပေ။

 

‌ဥရောပ ခေါင်းဆောင်များ ဖက်က အကောင်းဆုံး လုပ်ပြသင့်သည်က ထိုဆု ပေးဖို့ မိမိတို့ အားလုံး ထောက်ခံကြောင်း ကျယ်ကျယ်လောင်လောင် ထုတ်ဖေါ် ပြောဆိုပေးခြင်းပင် ဖြစ်သည်။ ထိုသို့ အဆိုပြုသည်ကလည်း တကယ်တမ်း ဘာမျှ တန်ဖိုး ရှိလှမည် မဟုတ်၊ နိုဘဲလ် ကော်မတီသည် ကမ္ဘာပေါ်ရှိ စတုတ္ထ တန်းစား တက္ကသိုလ်များမှ သမိုင်း ပါမောက္ခများကိုပင် ၎င်းတို့ နှစ်သက်သည့်လူကို အမည်စာရင်း တင်သွင်းခွင့် ပေးထား၍ တင်သွင်းခွင့် ရှိသူ တသိန်းခန့် ရှိနေသည်။ ၎င်းတို့မှ တင်သွင်းလာသူ ရာပေါင်းများစွာ ထဲတွင် အဒေါ့ဖ် ဟစ်တလာပင် တကြိမ် ပါခဲ့ဖူးပေသည်။

 

ဥရောပသည် မား-အ-လာ-ဂို က ပုဂ္ဂိုလ်မှ ဆု နှင့် ပတ်သက်၍ လွဲမှားနေသည့် အယူအဆ များကို ၎င်းတို့အတွက် အကျိုးရှိအောင် အသုံးချနိုင်မည်ဆိုလျင် ယခုလို နိုဘယ်လ်ဆု နှင့် ပတ်သက်ပြီး ဟာသသ‌ ဘော အပြောအဆို လေးများသည်လည်း တန်ဖိုးရှိလာနိုင်ပေသည်။

 

(၂၀၂၅ ဩဂုတ်လ ၂၁ ရက်နေ့ ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "Trump wants a Nobel prize. Europe can exploit that to help Ukraine" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)