ဆယ်ကိုး ရာစု နှစ် ရုရှား စာရေးဆရာကြီး ဖျော်ဒေါ် ဒိုတိုယက်စကီး မှ ၎င်း၏ နောက်ဆုံး ရေးသားခဲ့သော ကာရာမာဇော့ ညီအကိုများ Brothers Karamazov စာအုပ်တွင် လူသား တယောက်၏ ဝိညာဉ် ရေးရာ နှင့် စိတ်ပိုင်းဆိုင်ရာ ပျက်စီး ယို့ယွင်း နေမှု ကို အစ အလယ် အဆုံး ပုံစံ ဖြင့် အဆင့်ဆင့် ဖေါ်ပြထားသည်။
အစ (အလိမ်အညာများ)
A man who lies to himself, and believes his own lies becomes unable to recognize truth, either in himself or in anyone else,
လူတစ်ဦးသည် မိမိကိုယ်ကိုယ် လိမ်ညာပြီး ထိုလိမ်ညာမှုကိုယ်တိုင်က အမှန်တရားဖြစ်သည်ဟု ယုံကြည်လာသောအခါ အစစ်အမှန်ကို ဆုံးရှုံးသွားသည်။ ထိုအခါ သူသည် မိမိကိုယ်ကိုယ်လည်းကောင်း၊ အခြားသူများကိုလည်းကောင်း အမှန်အတိုင်း မြင်နိုင်စွမ်း မရှိတော့ချေ။
အလယ် (လေးစားမှု ဆုံးရှုံးခြင်း)
he ends up losing respect for himself and for others.
အမှန်တရားကို မမြင်နိုင်တော့သောအခါ သူ့ကိုယ်သူလည်း မလေးစားတော့ဘဲ အခြားသူများကိုလည်း လေးစားမှု မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အရာရာကို လိမ်ညာမှု၏ မှန်ဘီလူးဖြင့်သာ မြင်နေသောကြောင့် ဖြစ်သည်။
အဆုံး (မေတ္တာတရား ကင်းမဲ့ပြီး တိရစ္ဆာန် ဆန်လာခြင်း)
When he has no respect for anyone, he can no longer love, and, in order to divert himself, having no love in him, he yields to his impulses, indulges in the lowest forms of pleasure, and behaves in the end like an animal. And it all comes from lying - lying to others and to yourself."
လေးစားမှုမရှိတော့သည့်အခါ မေတ္တာတရားနှင့် ချစ်ခြင်းမေတ္တာကိုလည်း ဆုံးရှုံးသွားသည်။ သူ့စိတ်ထဲတွင် မေတ္တာတရား မရှိတော့သည့်အတွက် စိတ်ပျော်ရာရှာဖွေရင်း "အနိမ့်ဆုံးသော အပျော်အပါး" များကိုသာ ရှာဖွေလာသည်။ ထိုမှ တဆင့် တိရစ္ဆာန်တစ်ကောင်လို ပြုမူနေထိုင်လာတော့သည်။ ထိုသို့ ဖြစ်လာရခြင်းသည် ကိုယ့်ကိုကိုယ်ရော၊ အခြားသူများကို ပါ လိမ်ညာနေမှု များမှ ဆင်းသက်လာခြင်း ဖြစ်သည်။
စာရေးဆရာကြီး ဒိုတိုယက်စကီးမှ ကိုယ့်ကိုယ်ကိုယ် လိမ်ညာ သော စိတ်သည် စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှု၊ ဂုဏ်သိက္ခာဆုံးရှုံးမှု နှင့် နောက်ဆုံးမှာတော့ လူသားဆန်မှု ကင်းမဲ့သွားတဲ့အထိ ဖြစ်လာပုံကို မီးမောင်းထိုးပြသွားခဲ့ခြင်း ဖြစ်သည်။
ထိုစာ ကို ဖတ်ရှု ရသူ တိုင်း မည်သူ ကို မျက်စိထဲ မြင်လာကြမည်ကိုက အထူးအထွေ ပြောပြနေစရာ မလိုပေ။
တဆက်တည်းတွင် ထိုသို့သော လူမျိုးက တိုင်းပြည်ကို ရာသက်ပန် အုပ်ချုပ်သွားရန် ကြံစည်နေသည်ခြင်း ကြောင့် ဒီမိုကရေစီ အပြီး အပိုင် ပျက်သုံးသွားတော့မည့် အရေးကို အသာထားဘိဦး ပြည်သူများ အဖို့ ရှေ့လျောက် မည်သို့သော အန္တရာယ် မျိုး နှင့် ရင်ဆိုင်ရတော့မည် ဆိုသည်အရေး ကို မတွေးတတ်အောင် ဖြစ်လာရပေသည်။
အဆိုပါ ပုဂ္ရိုလ် သည် လောလောဆယ်တွင် ၎င်းလုပ်ချင်နေသည့် ရွေးကောက်ပွဲ ပုံရိပ် ကောင်းလာစေရန် တမြို့ လောက် ထပ်သိမ်းလို့ ရလည်း မနည်းဟု ဆိုကာ တော်လှန်ရေး နယ်မြေများအား အသက် ပေါင်းများစွာ စတေးခံခိုင်းကာ မရမက သိမ်းယူ ရန် ညွန်ကြားလာခြင်း၊ အတင်းအကျပ် စစ်သား စုဆောင်းလာခြင်း၊ မြို့ရွာ ကာကွယ်ရေး ဆိုကာ အသက် ၃၅ မှ ၆၅ အရွယ် ရှိ ပြည်သူများအား ၎င်း၏ စစ်ယန္တရားကြီးထဲသို့ ထည့်သွင်းလာခြင်း ဆိုသည့် ၎င်း လုပ်၍ ရသမျှ နိုင့်ထက် စီးနင်း ပြုကျင့်လာပြီ ဖြစ်သည်။
စစ်ကောင်စီသည် ပြည်သူများအား အကြောက်တရား ဖြင့် ထမင်းတလုပ် တုတ်တချက် ပုံစံ အုပ်ချုပ်သွားရန်သာ စိတ်ကူးနိုင်တော့ သည့် အခြေအနေ ရောက်နေ၍ အဖမ်းအဆီးများက လျော့ပါးသွားသည် ဟူ၍ မရှိ၊ အလိုရှိသူကို ရှာမတွေ့က အိမ်ရှိ မိသားစု ဝင်များကိုပင် ချမ်းသာမပေး ဖမ်းဆီးနေကြသည့် အဖြစ်က ရက်စက် ကြမ်းကြုပ်လှပါသည် ဆိုသော ဂျာမန် ဂက်စတာပို များပင် အရှုံးပေး ရမည် ဖြစ်သည်။
တိုင်းရင်းသား ပြည်သူတရပ်လုံးသည် ၎င်းတို့၏ အနှိပ်စက်ခံ၊ အညှင်းဆဲခံ ဘဝမှ လွတ်မြောက်မှ ဖြစ်တော့မည်ဟူသော ခံယူချက်များ ခိုင်မာသည်ထက် ခိုင်မာလာနေပြီ ဖြစ်သည်။
ပြည်ပမှ အကူအညီဟူ၍ အပ်တိုတချောင်းပင် မရခဲ့သော ပြည်သူတို့ ၏ တော်လှန်နေမှု ကို လေးနှစ်ကျော်လာသည့် တိုင် နှိမ်နှင်းနိုင်ခြင်း မရှိသေး၊ ပြည်ပ မှ အကူအညီများ မဆိုသလောက်ပင် ရမည်ဆိုက ပွဲ သည် အဆုံးသတ်ဖို့ မြန်ဆန်သွားပေတော့မည်။
အမေရိကန် ဖက်မှ တော်လှန်ရေး အောင်မြင်အောင် ငွေအား၊ လူအား စိုက်ထုတ် ကူညီခြင်းသည် တရုတ် တို့ အတွက် အကျိုးရှိရာ ရှိကြောင်း သာ ဖြစ်လာမည်၊ တရုတ်တို့၏ ပိုးလမ်းမ စီမံကိန်း ကြီး ပြန်လည် သက်ဝင်လာအောင် လုပ်ပေးသလို ဖြစ်သွားလိမ့်မည်ဟု တွက်ဆနေပုံ ရှိသည်။
လက်ရှိ အနေအထား အတိုင်း တော်လှန်ရေး အင်အားစု များ ဖက်က သူ့အလိုလို အနိုင်ရရှိသွားရေး ကိုသာ အမေရိကန် တို့ လိုလားပုံ ရသည်။
တရုတ်တို့ ကလည်း နိုင်ငံတကာ ဖိအားများ အဆမတန် ထွက်ပေါ်လာမည့် အရေးကို နည်းမျိုးစုံ သုံးကာ ဟန့်တားပေးရင်း အခြေ အနေ တည်ငြိမ်လာမည်ကို ရင်တမမ ဖြင့် စောင့်ဆိုင်းနေရချိန်လည်း ဖြစ်သည်။
လက်ရှိတွင် နိုင်ငံ မြောက်ပိုင်း တွင် ကုန်သွယ်ရေးသာ မက သယံဇာတများကို အရင်ကလို ထင်သလို ထုတ်ယူ နိုင်ခွင့် ပါ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ ယင်းနှင့် အတူ မြေရှားသတ္တုများ တင်သွင်းမှုလည်း လေးပုံ သုံးပုံခန့် ဆုံးရှုံးသွားခဲ့ရသည်။
အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ရရေး ကြိုးပမ်းမှူ များ လည်း နှောင့်နှေး ကြန့်ကြာခဲ့ရသည်။
နယ်စပ် ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်လည်း ၎င်းတို့ အကြောင်းကို ကောင်းစွာ သိရှိခွင့် ရသွားခဲ့သည့် အတွက် တော်လှန်ရေး ကြီး အောင်မြင်ပြီးနောက် တက်လာမည့် ပြည်သူ့ အစိုးရကို နယ်စပ်ဒေသတွင် မတည်မငြိမ် ဖြစ်အောင် ဖန်တီးနိုင်ခွင့် လုံးဝ နီးပါး ဆုံး ရှူံးသွားခဲ့ရပြီ ဖြစ်သည်။
မြန်မာသည် တရုတ် နှင့် နယ်နမိတ်ချင်း ထိစပ်နေပြန်သည့် အတွက် တော်လှန်ရေး အပြီး တက်လာ မည့် အစိုးရ သည်လည်း တရုတ် နှင့် ကင်းကင်းပြတ်ပြတ် နေ၍ လုံးဝမရဟု အမေရိကန် တို့ ယူဆထားသလို ဖြစ်လာတော့မည် မဟုတ်၊ ၎င်းတို့ ၏ တိုင်းရင်းသား အဖွဲ့များကို အလွန်အကျွံ နိုင့်ထက် စီးနင်း လုပ် နေ၍ နေချင်သပ ဆိုလျင် နေ၍ ရသွားပြီ ဖြစ်သည်။
ထို့အတွက် အမျိုးသား ညီညွတ်ရေး အစိုးရသည် အမေရိကန် နှင့် ဆက်ဆံဖို လိုလားသည်ဆိုက မိမိတို့၏ နိုင်ငံခြားရေး မူဝါဒ ကို ပြန်လည် သုံးသပ်ရတော့မည် ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များ သည်လည်း တမြို့ပြီး တမြို့ကို အထိခိုက် အကျဆုံးခံ သိမ်းယူ မနေတော့ပဲ စစ်တပ် အလျင်အမြန် ပြိုလဲသွား နိုင်မည့် ၎င်းတို့ အာရုံကြော nerve center များ စုစည်းရာ မန္တလေး၊ နေပြည်တော်သို့ ဦးတည် တိုက်ခိုက်နိုင်ရန် တာစူနေပြီ ဖြစ်သည်။
ယခုအခါ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနသည် အမှတ် (၁) စစ်ဆင်ရေး နယ်မြေရှိ တပ်ရင်းများ၊ ဗျူဟာများ ကို စနစ်တကျ စုစည်းပြီး အထူးတိုင်း စစ်ဌာနကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်။