အာဏာရှင် စနစ်မှ ထုတ်နှုတ်ယူရမည့် သင်ခန်းစာ နှစ်ဆယ် (၁၅)

by Hla Soewai - Sep 01 2025

 15. CONTRIBUTE TO THE GOOD CAUSES

 

နိုင်ငံရေး နှင့် သက်ဆိုင်သည် ဖြစ်စေ မသက်ဆိုင်သည် ဖြစ်စေ သင်၏ ဘဝ အမြင်၊ ခံယူချက်ကို ဖေါ်ပြ နိုင်စွမ်း ရှိမည့် အဖွဲ့အစည်း တခုတွင် တက်တက်ကြွကြွ ပါဝင်ပါ။ အလှူဒါန ပြုသင့်သည် ပရဟိတ အသင်း တသင်း သို့မဟုတ် နှစ်သင်းလောက်ကို ရွေးပြီး လစဉ် ထည့်ဝင်ပါ၊ 

 

ဤသည်ကပင် အခြားလူများအတွက် ကောင်းကျိုး ဆောင်ပေးနေသည့် အရပ်ဖက် လူ့အဖွဲ့အစည်း တခုကို ပံ့ပိုးပေး နိုင်သည် ဆိုသော သင်၏ လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့် ရှိသည် ကို ဖေါ်ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

 

မည်သို့သော အကြောင်းအရာမျိုး ဖြစ်စေ အခြားသူများ ကောင်းကျိုးဆောင်နိုင်ရန် အကူအညီ ပေးခဲ့မှုသည် တွေးကြည့်လျင် ကျေနပ်ဖွယ်ပင် မဟုတ်ပါလား။ ယခင် သမ္မတဟောင်းတဦး ပြောခဲ့သလို a thousand points of light အလင်းပေါင်းတထောင် ဟု ဆိုကာ အမေရိကန်ပြည်ထောင်စုရှိ အဖွဲ့အစည်းငယ်များနှင့် တစ်ဦးချင်းစေတနာ့ဝန်ထမ်းများ၏ ကျယ်ပြန်စွာ ရှိနေသည့် ပရဟိတ လုပ်ငန်း တခုခု ကို ကျွနုပ်တို့ အတော်များများသည် ကူညီပံ့ပိုးပေးရန် တတ်နိုင်သူ များ ဖြစ်သည်။ အဆိုပါ အလင်းရောင် တန်းများသည် နေဝင်ဆည်းဆာ အချိန် အမှောင်ရိပ် ဖုံးလာနေသော ကောင်းကင်ယံ တွင် လင်းလက်လာမည့် ကြယ်စင်များ အလား ‌တွေ့ကြရမည် ဖြစ်သည်။

 

အမေရိကန်တို့သည် လွတ်လပ်ခြင်း ဆိုသည်ကို တွေးသည့် အခါတိုင်း လူတ‌ဦး နှင့် အစိုးရ တဖွဲ့ အကြား အားစမ်းပွဲ အဖြစ် မြင်ယောင်လာတတ်ကြသည်။ ထိုမှတဆင့် ကောက်ချက်ချလာသည်က တဦးချင်းစီ ကို အင်အား ရှိအောင် စွမ်းရည် မြှင့်တင်ပေးသင့်ပြီးအစိုးရအား ဝေးဝေး မှာ ထားသင့်သည်ဟူ၍ ဖြစ်သည်။ တကယ်လည်း မှန်ကန် ကောင်းမွန်လှသည်။

 

လွတ်လပ်မှု၏ ဝိသေသ လက္ခဏာ တခုသည် မိမိနှစ်သက်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ အဖေါ် အပေါင်းများ နှင့် ပေါင်းသင်းဆက်ဆံဖို့ ရွေးချယ်ခွင့် ရှိခြင်းဖြစ်ပြီး လွတ်လပ်မှု ကို ထိန်းသိမ်း ရာတွင်မူ အဖွဲ့အစည်းများ၏ စုပေါင်းလှုပ်ရှားမှု သည် မရှိမဖြစ် လိုအပ်လာသည်။

 

ထို့အတွက် မိမိတို့ အနေဖြင့် မိမိ၊ မိမိ၏ မိတ်‌ဆွေများ၊ မိသားစုများ စိတ်ဝင်စားသည့် လှုပ်ရှားမှု များတွင် ပါဝင်သင့်သည်။ ဤသည်က နိုင်ငံရေး ကို မဆိုလို၊ ချက် တွေးခေါ်ပညာရှင်ကြီး ဗာ့စ်လာ့ဗ် ဟာဗယ် မှ ဘီယာကောင်းကောင်း ရအောင် ချက်လုပ်ခြင်း နှင့် ဥပမာ ပေးထားသည်။

 

ကျွနုပ်တို့ စိတ်ဝင်တစား ရှိသည်များကို လုပ်နေရသရွေ့ ဂုဏ်ယူ လိုစိတ်များ ရှိလာပြီး မိမိတို့ ကဲ့သို့ပင် လုပ်နေသူများ ရှိသည်ကို သိလာကြသည် အခါတွင်တော့ အရပ်ဖက် လူ့အဖွဲ့အစည်း တခု ဖြစ်ပေါ်လာခဲ့သည်။

 

တာဝန်များကို ဝေမျှ လုပ်ကိုင်လာကြသည့် အခါ ယခင် ရှိထားပြီးသား ကျဉ်းမြောင်းသည့် အသိုက်အဝိုင်း တခု ဖြစ်သည့် မိတ်ဆွေ သူငယ်ချင်းများ၊ မိသားစု များအား ကျော်လွန်ပြီး ယုံကြည်ထိုက်သူများ လည်း ရှိသည်ကို သဘောပေါက်လာကြမည် ဖြစ်သည်။ ယင်းနှင့် အတူ မည်ကဲ့သို့သော ပညာရှင်များ ထံမှ တိကျမှန်ကန်သည့် အချက်အလက်များ၊ အဖိုးတန် ဗဟုသုတ‌ များ သင်ယူလို့ရသည်ဆိုသည်ကိုလည်း သိမြင်လာကြမည် ဖြစ်သည်။

 

လူများသည် တစ်ဦး နှင့် တဦး ယုံကြည်မှုရှိလာသည့်အခါ မလိုလားအပ်သည့် ပဋိပက္ခများ၊ သံသယ များ နည်းပါးလာပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ပိုလွယ်ကူလာသည်။ တစ်ချိန်တည်းမှာပင် သင်ယူနိုင်စွမ်းရှိသည့် အတွက်ကြောင့် မသိနားမလည် သောအရာများကို လေ့လာပြီး နားလည်လာသည့် အခါ ဘဝသည် လျှို့ဝှက်ဆန်းကြယ်မှုများ၊ မရှင်းလင်းသည် များ နည်းပါးလာသည်။ ထိုကြောင့် ယုံကြည်မှုနှင့် သင်ယူမှုသည် ဘဝကို ပိုမိုရိုးရှင်းပြီး လုံခြုံမှုရှိအောင် ကူညီပေးမည် ဖြစ်သည်။

 

ဒီမိုကရေစီစနစ် တွင်လည်း ပြည်သူများသည် ၎င်းတို့ ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင် များ နှင့် အစိုးရအဖွဲ့အပေါ် ယုံကြည်မှုရှိဖို့ လိုအပ်သည့် အတွက် ဒီမိုကရေစီ နိုင်ငံရေးအားလည်း ဆွဲမက် ဖွယ် အဖြစ် ရှုမြင်လာပြီး ပို၍လည်း လက်ခံလာကြမည် ဖြစ်သည်။

 

အရှေ့ဥရောပ ရှိ ကွန်မြူနစ် ဆန့်ကျင်ရေး လှုပ်ရှားနေသူများသည် ကျွနုပ်တို့ထက် ပို၍ အစွန်းရောက်သော အဖြစ်မျိုး နှင့် ကြုံနေရသည့် အတွက် အပြင်ပန်း အားဖြင့် ကြည့်လျင် နိုင်ငံရေး နှင့် မသက်ဆိုင်ဟု ထင်ရသည့် အရပ်ဖက် အဖွဲ့အစည်းများအား ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုနိုင်ခွင်အတွက် အကာအကွယ် အဖြစ် မှတ်ယူလာကြသည်။ သူတို့ ယူဆလာခဲ့သည်ကလည်း အမှန်ပင် ဖြစ်သည်။

 

နှစ်ဆယ်ရာစု နှစ် တလျှောက်လုံး လွတ်လပ်ခွင့် ကို ရှေ့ဆုံးမှ အနှောက်အယှက် ပေးလာသည့် ရန်သူ အားလုံးသည် အစိုးရ နှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းများ၊ ပရဟိတ အသင်းများ အစရှိသည်တို့ကို အမြဲလို ရန်လိုခဲ့ကြသည်ချည်း ဖြစ်သည်။

 

ကွန်မြူနစ် များသည် ထိုသို့သော အဖွဲအစည်းများ အားလုံးကို ၎င်းတို့ထံတွင် တရားဝင် မှတ်ပုံတင်စေပြီး ထိန်းချုပ်ထားလို့ရသည့် အင်စတီကျူးရှင်းများ အဖြစ် ထားလိုရသည်။

 

ဖက်ဆစ်များက ထိုသို့သော အင်စတီကျုးရှင်းများကို "သမဝါယမ" ဟု အမည်ဆန်း ထွင်လာခဲ့ကြသည်။ လူတိုင်း၏ လှုပ်ရှားမှု များအား ၎င်းတို့ သင့်တော်သလို ထားပေးသည့် နေရာမျိုး တွင်သာ ရှိစေချင်သည်။ ပါတီ နှင့် နိုင်ငံတော်၏ လက်အောက်ခံ အဖြစ်သာ ထားလိုသည်။

 

ယခုအခါ အာဏာရှင်များ အုပ်ချုပ်နေကြသည့် အိန္ဒိယ၊ တူရကီ၊ ရုရှား၊ တရုတ်၊ ဘရာဇီး တို့သည် လွတ်လပ်သော အဖွဲ့အစည်းများ နှင့် အစိုးရ နှင့် မသက်ဆိုင်သော အင်ဂျီအို များကို ၎င်းတို့နှင့် ဓါတ်မတည့်ဟု ယူဆလာကြသည်။