တောင်ငူ ဘုရားကျောင်းကန်များ အရေး

by Hla Soewai - Sep 01 2025

စစ်အုပ်စု မှ ရှေးဟောင်းသုတေသန လုပ်ငန်း များ တိုးချဲ့ရန် ဆိုကာ သတ်မှတ်လာသည့် နေရာ ၁၉ နေရာရှိ ဗုဒ္ဓဘာသာ ‌အဆောက်အဦး များကို ဖြိုချရန် အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

 

ထိုအထဲတွင် ဘုန်းကြီးကျောင်းများ၊ သီလရှင် ကျောင်း တကျောင်း၊ ကမ္မဠာန်း ရိပ်သာ နှင့် ဘုရား တဆူ ပါဝင်နေသည်ဟု သိရသည်။ ထိုသို့ ဗုဒ္ဓဘာသာ အဆောက်အဦး အများအပြား အား ပစ်မှတ်ထား ဖြိုဖျက်ခိုင်းခြင်းကြောင့် ဗုဒ္ဓဘာသာဝင် ၈၅ ရာနှုန်း ရှိ နိုင်ငံ ပြည်သူများ ၏ စိတ်နှလုံးကို ထိုးနှက်လိုက်ခြင်း ဖြစ်သည်ဟု Buddhist door ဝက်ဆို‌ဒ် တွင် ဆောင်းပါးရှင် ဂျပ်စတင် ဝစ်တိတ်ကာ က ရေးသားထားသည်။

 

စစ်အုပ်စုသည် ဖျက်သိမ်းရမည်ဟု သတ်မှတ်ထားသော ‌နေရာ များ ကို "ယဉ်ကျေးမှု ဇုံ" အဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ဒေသခံများကမူ တကယ်တမ်း ရှေးဟောင်း သုတေသန လုပ်ငန်း များ အတွက် မဟုတ်ဘဲ စစ်အုပ်စု မှ အာဏာသိမ်းပြီး ကတည်းက ၎င်းတို့၏ မိရိုးဖလာ ဗုဒ္ဓဘာသာ ကိုးကွယ်မှု အား အနှောက်အယှက်ပေး ခြိမ်းခြောက်နေသည့် ကမ်ပိန်း၏ တစိတ်တပိုင်းသာ ဖြစ်သည်ဟု ပြောဆိုနေကြသည်။

 

ပြင်ပ ပုဂ္ဂလိက လေ့လာစောင့်ကြည့်သူများ၏ မှတ်တမ်းများ အရ နိုင်ငံတဝှမ်း ဘာသာရေး အဆောက်အအုံ ပေါင်း ၃၀၀ ကျော်ကို ဖျက်ဆီးခဲ့ပြီးဟု သိရသည်။ ယင်းသည် စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ဝင်ရောက်စီးနင်းခြင်း နှင့် ၎င်းတို့အား ဆန့်ကျင်နေသည်ဟု သံသယ ရှိသည့် ဒေသများရှိ လူထု အား ခြိမ်းခြောက် ခြင်း မျိုး ဖြင့် ဖျက်ဆီးခံခဲ့ရခြင်း မျိုး ဖြစ်သည်။

 

ဘာသာရေး ခေါင်းဆောင်များက ၎င်းတို့ ‌ဒေသများ အကြီးအကျယ် ထိခိုက်မှု များ ရှိလာသည့် အကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့ကြပြီးလည်း ဖြစ်သည်။ အချို့နေရာများတွင် ဘုန်းကြီးကျောင်း တကျောင်းလုံး အုတ်ကျိုး အုတ်ပဲ့များသာ ကျန်တော့ပြီး ကျောင်းနေ သံဃာများလည်း လွတ်ရာ ကျွတ်ရာ ပုန်းအောင်းနေကြရပြီး အချို့ အသတ်ခံခဲ့ရသည်ဟု ဆိုသည်။

 

စစ်ကိုင်း နှင့် ကရင်နီ ဒေသများမှ လာသော သတင်းများအရ စစ်သားများသည် ဘုန်းကြီးကျောင်းများကို မီးတင်ရှို့ခြင်း၊ ဘုရားပုထိုး များတွင် တပ်စခန်းချပြီး စစ်ဖိနပ်များ နှင့် သွားလာ နေကြသည်ဟု သိရသည်။ ထိုဒေသများသည် စစ်အုပ်စု အား အပြင်းအထန် တွန်းလှန် တိုက်ထုတ်နေသည့် ဒေသများလည်း ဖြစ်သည်။

 

ခြုံငြိမ်း အဖွဲ့မှ တောင်ငူရှိ ကျောင်းစေတီများအား ဖြို့ချခြင်းကို ဆယ့်ခြောက်ရာစု နှစ် တောင်ငူ မင်းဆက် စိုးစံရာ ကေတုမတီ မြို့ဟောင်းအား တူးဖေါ်ရန် ဟု ဆိုသော်လည်း ဘာသာရေး အဆောက်အအုံများ ဖျက်ဆီးပစ်ရေးသည်သာ နောက်ကွယ်က အကြောင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ ဗုဒ္ဓဘာသာ သာမက ခရစ်ယာန် အဆောက်အဦးများလည်း ပါရှိနေသည်။

 

ဘုန်းကြီး ကျောင်းများ ဖြိုချပစ်ခြင်းကြောင့် အဆောက်အ‌ဦး သာမက ဘုန်းကြီးကျောင်း ပညာရေး၊ လူမှုရေး နှင့် ပရဟိတ လုပ်ငန်းများ၊ သီတင်းသီလ ဆောက်တည်ခြင်း အစရှိသည် တို့ပါ ကွယ်ပျောက်သွားခဲ့ခြင်းလည်း ဖြစ်ပေသည်ဟု ဆောင်းပါးတွင် ရေးသားထားသည်။

 

လက်ရှိ ပဋိပက္ခကြီးအား အမျိုးဘာသာ သာသနာ နှင့် အချုပ်အခြာ အာဏာကို ခြိမ်းခြောက်လာမှု အဖြစ် ဝါဒဖြန့် နေသော်လည်း တာလီဘန် တို့၂၀၀၁ မတ်လ အတွင်း ဘာမီယန် တောင်ကြားရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခဲ့မှုကို လူထု က ပြန်လည် အမှတ်ရမိကြမည်သာ ဖြစ်သည်။

 

ယဉ်ကျေးမှု သည် စစ်ပွဲ၏ ပထမဆုံးသားကောင် ဖြစ်လာခဲ့သည်။ မြန်မာ သည် ရှည်လျားသော သမိုင်းနှင့် ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်ရှိသည်။ ဘာသာစကားမျိုးစုံ၊ ရိုးရာဓလေ့များ၊ ဂီတ၊ အနုပညာ၊ ကဗျာလင်္ကာနှင့် လက်မှုပညာများသည် လူမျိုးစုများကွဲပြားသော်လည်း တိုင်းရင်းသား လူမျိုးအားလုံးကို ချည်နှောင်ထားသော အခိုင်မာဆုံး အင်အားတစ်ရပ်ဖြစ်သည်။ ယဉ်ကျေးမှုသည် ၎င်းတို့၏ လက္ခဏာရပ်နှင့် စည်းလုံးမှုကို ကိုယ်စားပြုသည်။

 

လူ့အဖွဲ့အစည်း၏ စည်းလုံးမှု အတွက် အဓိက ခံစစ် ဖြစ်နေသော ယဉ်ကျေးမှုကို ချိုးဖျက်ပစ်ခြင်းဖြင့် မြန်မာတို့၏ မိမိကိုယ်ကို ယုံကြည်မှု၊ ဂုဏ်ယူမှုနှင့် အတူတကွ ရှိမှုစိတ်ဓာတ် ပျက်ပြားသွားနိုင်သည်၊ ထိုအခါတွင် လူ့အဖွဲ့အစည်းသည် အားနည်းသွား‌ပြီး ထိန်းချုပ်ရန် ပိုမိုလွယ်ကူစေမည်ဟု ထင်မြင်ယူဆထား၍လည်း ဖြစ်သည်။

 

လက်ရှိ တွင် ရွေးကောက်ပွဲ မတိုင်မီ ၎င်းတို့ ၏ အဓိက တာဝန် ဖြစ်သော လုံခြုံရေး နှင့် ငြိမ်းချမ်းရေး ကို ထမ်းရွက်မည် ဆိုထားသော်လည်း တရားဝင် အစိုးရ ကသာ ဆုံးဖြတ်ရမည့် လွန်စွာ ထိလွယ် ရှလွယ်မည့် ဘာသာရေး ကိစ္စ ကို အဘယ်ကြောင့် ပတ်သက်လာရသနည်း။ ဘုရား သားတော်ဆိုးများကလည်း ၎င်းတို့ သိမ်းသွင်းထားပြီး ဖြစ်၍ စိုးရိမ်စရာ လည်း မလိုဟု တွက်ချက်ထားပြီးလည်း ဖြစ်သည်။

 

သို့သော် လွန်ခဲ့သော ရှစ်နှစ်က ဘာသာရေး သွေးထိုး လှုံ့ဆော်မှု များ နှင့် စတင်လာခဲ့သည့် စစ်တပ်၏ အကြမ်းဖက် ပြုမူခဲ့မှု များကြောင့် ဘင်္ဂလားဒေ့ရှ် ဖက်သို့ ထွက်ပြေးသွားခဲ့ရသည့် ရိုဟင်ဂျာ အရေး နှစ်ရက်ကြာ နိုင်ငံတကာ ညီလာခံ ကြီးကို ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ ကောက်ဘဇား တွင် ကျင်းပ နေချိန်လည်း ဖြစ်၍ အပြစ်ကျူးလွန်ထားသည့် စစ်ဗိုလ်ချုပ်များ စပ်ဖျင်းဖျင်း ဖြစ်လာနေသည့် အချိန်လည်း ဖြစ်ပေသည်။

 

တက်ရောက်လာကြသည့် ကိုယ်စားလှယ်များသည် နိုင်ငံခြားရေး ဝန်ကြီးများ၊ နိုင်ငံတကာ သံတမန်များ၊ ကုလသမဂ္ဂ အေဂျင်စီ များမှ အကြီးအကဲများ၊ သံအမတ်ကြီးများ ဖြစ်ကြသည်။

 

ထိုကဲ့သို့သော အဆင့်မြင့် ညီလာခံမျိုး ဒီဇင်ဘာလထဲတွင် ကာတာ တွင် ထပ်လုပ်မည်ဟုလည်း သိရသည်။

 

ရိုဟင်ဂျာ ပြဿနာသည် ရှစ်နှစ်ကြာလာသည် နှင့် အမျှ အလျင်အမြန် ‌ဖြေရှင်းပေးရန် ကျယ်လောင်သည်ထက် ကျယ်လောင်စွာ တောင်းဆိုလာနေကြပြီလည်း ဖြစ်သည်။

 

ထိုသို့သော အ‌ခြေအနေများ ကြားတွင် ၎င်းတို့ ပြုလုပ်သည့် ရွေးကောက်ပွဲ ဖြင့် တက်လာမည့် အစိုးရ ကို အသိအမှတ်ပြုဖို့ မျှော်လင့်နေသည်က ရည်မှန်းချက် ကြီးလွန်းရာ ကျမနေဘူးလားဟု စဉ်းစားသင့်ပေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!