ကျွနုပ်တို့သည် ပြောက်ကျား စစ်၏ နည်းဗျူဟာ များကို အတွင်းကျကျ လေ့လာကြည့်သည့် အခါ ပြောက်ကျား စစ်သည်များသည် ကျေးလက်ဒေသ ပတ်ဝန်းကျင် နယ်မြေ အခြေအနေများ ဖြစ်သည့် အဝင်အထွက် လုပ်ရမည့် လမ်းများကို ကောင်းစွာ သိရှိထားကြသည်။ ထိုသို့ ဝင်နိုင် ထွက်နိုင် ရှောင်တိမ်း နိုင် အောင်လည်း ၎င်းတို့ကိုယ်တိုင် အမြဲလို ရှာဖွေ တည်ဆောက်ထားကြခြင်း ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။
ထို့ပြင် အလျင်အမြန် ရွေ့ရှားနိုင်မှု၊ ပုန်းကွယ်ရမည့် နေရာကောင်းများ ရှာ ဖွေထားကြရာတွင် ၊ ဒေသခံလူထု၏ ပံ့ပိုး ကူညီမှုများ အပေါ် အားကိုးကြရသည်။
ထိုနည်းဗျူဟာ များကို ကြည့်မည်ဆိုက ပြောက်ကျား တော်လှန်ရေးသည် ပတ်ဝန်းကျင် မြေအနေအထား ကြမ်းတမ်းပြီး လူနေ ကျဲသည့် ဒေသများတွင် သာ တိုက်ခိုက်ကြသည်ကို ပြဆိုနေပေသည်။
ထိုနယ်မြေများတွင် ပြည်သူလူထူသည် မြေပိုင်ဆိုင်မှုပုံစံကို ပြောင်းလဲရန် ရည်ရွယ်ကြသည် ဖြစ်၍ ပြောက်ကျား တိုက်ခိုက်ရေးသမားများ သည် လယ်သမားထုကြီး၏ မြေပိုင်ရှင်များဖြစ်လိုသော၊ ၎င်းတို့၏ ထုတ်လုပ်မှုနည်းလမ်းများ၊ ၎င်းတို့၏တိရစ္ဆာန်များ၊ ၎င်းတို့ရှင်သန်နေထိုင်ရာ အရာအားလုံး၏ ပိုင်ရှင်များဖြစ်လိုသော ဆန္ဒများကို ဘာသာပြန်ပေးသည့် လယ်ယာမြေတော်လှန်ရေးသမား များ ဖြစ်လာသည်။ ထိုပိုင်ဆိုင်မှုများသည် နောင်တွင် ၎င်းတို့၏ ခေါင်းချရာ နေရာများ လည်း ဖြစ်လာပေလိမ့်မည်။
ထိုသို့ ဘာသာပြန်ပေး နိုင်ဖို့ ဆင်နွှဲလာသော ပြောက်ကျား စစ်ပွဲ များ တွင် ကွဲပြားသော ပုံစံ နှစ်မျိူးကို တွေ့လာရသည်။ ဒုတိယ ကမ္ဘာစစ် အတွင်းဆိုဗီယက်ပြည်ထောင်စု တွင် အမြဲတမ်း စစ်တပ်ကို ပံ့ပိုးပေးနေသည့် ယူကရိန်း ပြောက်ကျားများ၏ စစ်ဆင်ရေး မျိုး ဖြစ်သည်။ ထိုကဲ့သို့သော ပြောက်ကျား စစ်မျိုး ကို ယခု ဆန်းစစ်ပြမည့် အကြောင်းအရာထဲ ထည့်သွင်းသွားမည် မဟုတ်ပေ။
အခြား ပုံစံ တမျိုးကိုသာ ကျွနုပ်အနေဖြင့် စိတ်ဝင်တစား ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ လက်နက် ကိုင်ဆောင်ပြီး တရားဝင်ဟု သတ်မှတ်ထားသည့် အာဏာပိုင် အဖွဲ့အစည်း၊ ကိုလိုနီ အစိုးရ သို့မဟုတ် အခြား ပုံစံ တမျိုးမျိုး နှင့် အုပ်ချုပ်နေသူများကို ဆန့်ကျင် တော်လှန်သည့် ဖြစ်စဉ်မျိုး ကို ဆိုလိုသည်။ ထိုသို့ တော်လှန်ရာတွင်လည်း တနေရာတည်းကို အခြေစိုက်ပြီး ကျေးလက်ဒေသများတွင် အင်အား တည်ဆောက်ခြင်းမျိုး ဖြစ်သည်။
တော်လှန်ရေး ဖြစ်ပေါ်လာဖို့ မည်သို့သော ခံယူချက်များ၊ သဘောတရားများက လှုံ့ဆော် ပေးလာစေကာမူ မြေယာပိုင်ဆိုင်လိုသည့် စီးပွားရေး ရည်မှန်းချက်က အဓိက ကျ နေသည်။
မော်သည် တရုတ်ပြည်တွင် တောင်ပိုင်းမှ အလုပ်သမား များကို စည်းရုံး၍ ပုန်ကန်မှု ကို စတင်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိသည့်အပြင် လုံးဝ နီးပါး ချေမှုန်းခံလိုက်ရသည်။ ယီနန်မှ ခရီးရှည် ချီတက်ပွဲ ကြီး နောက်ပိုင်းမှသာ ပြန်လည် စုရုံးလာနိုင်ခဲ့သည်။ ထိုအခါတွင်တော့ ကျေးလက်ဒေသများကို အခြေပြု၍ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး ကို အခြေခံ ရည်မှန်းချက် အဖြစ် ထားလာခဲ့သည်။
ဟိုချီမင်း ဆင်နွှဲခဲ့သော ရုန်းကန် လှုပ်ရှားမှု သည်လည်း ပြင်သစ် ကိုလိုနီ နယ်ချဲ့များ၏ နဖားကြိုး အထိုး ခံနေရသော စပါးစိုက် တောင်သူ များကို အခြေပြုခဲ့သည်။ ထိုမှတဆင့် တစ တစ ဖြင့် နောက်ဆုံးတွင် ကိုလိုနီ ကျွန်ပြုလိုသူများ အရှူံး နှင့် ရင်ဆိုင်ခဲ့ကြရသည်။
ထို ဖြစ်စဉ် နှစ်ရပ် စလုံး တွင် ဂျပန် ကျူးကျော်သူများကို တွန်းလှန်ခဲ့ကြသည့် မျိုးချစ် တော်လှန်ရေး စစ်ပွဲ မှ အစပြုခဲ့သော်လည်း မြေယာ အတွက် တိုက်ပွဲ ဝင်သည် ဆိုသော စီးပွားရေး အရ အခြေခံခဲ့မှု သည် တိမ်မြုပ်သွားခြင်း မရှိခဲ့ပေ။
အယ်လ်ဂျီရီယား ပြဿနာ တွင် အာရပ် အမျိုးသားရေး ဝါဒ သည် ပြင်သစ် လူမျိုး အခြေချ နေထိုင်သူတသန်း နီးပါးသည် စိုက်ပျိုး နိုင်သည့် မြေယာအားလုံး နီးပါးကို လက်ဝါးကြီး အုပ်ထားမှု ဆက်စပ်နေသည့် စီးပွားရေး ဆိုင်ရာ အကျိုးဆက်မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ပြူတိုရီကို ကဲ့သို့ အချို့နိုင်ငံများတွင် ကျွန်း၏ အတည်ရှိနေသည့် အနေအထား များကြောင့် ပြောက်ကျား တော်လှန်ရေး ဖြစ်ပေါ်ရန် အခြေအနေ မပေးခဲ့၊ ကျွန်းသားတို့၏ အမျိုးသားရေး စိတ်ဓါတ်များသည် နေ့စဉ်လို ခွဲခြား ဆက်ဆံခံနေရခြင်း၊ ယန်းကီး ကျူးကျော်ရေးသမား များ ဝင်ရောက်လုပ်ကိုင်နေကြသည့် ၎င်းတို့၏ လယ်မြေများကို ပြန်လည်ရယူ လို့ ဆန္ဒ များ တဖွားဖွား ပေါ်ပေါက်နေခြင်းတို့ကြောင့် ၎င်းတို့၏ ကျော တွင် ဆူးတောင်ကြီး ပေါက်လာနေသလို အခံရခက်နေကြသည်။
ထိုသို့ အဓိက ကျသော အယူအဆသည် ပုံစံ အမျိုးမျိုး နှင့် ထွက်ပေါ်လာလင့်ကစား ကျူးဘား အရှေ့ပိုင်းတွင်မူ သူရင်းငှားများ၊ တောင်သူ များ နှင့် ကျွန် များအချင်းချင်း ကျောချင်းကပ် ရင်ချင်းကပ် ဖြစ်လာကြပြီး နှစ် သုံးဆယ်ကြာ လွတ်မြောက်ရေး စစ်ပွဲ အတွင်း ၎င်းတို့၏ မြေယာ ပိုင်ဆိုင်ခွင့် ကို ခုခံ ကာကွယ်လာခဲ့ကြသည်။
ပြောက်ကျား တပ်ဖွဲ့များ၏ စွမ်းဆောင်ရည် မြင့်တက်လာသည် နှင့် အမျှ ပြောက်ကျားစစ်မှ သမာရိုးကျ စစ်ပွဲ ဆီသို့ ကူးပြောင်းနိုင်မည့် ဖြစ်နိုင်ခြေများကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာသည်။ ပြောက်ကျားစစ်သည် တမူထူးခြား သော ပုံစံ ရှိ၍ အခြားစစ်ပွဲများ၏ သန္ဓေသား၊ ခြေဆင်းဟု ယူဆ၍ရသည်။
ပြောက်ကျား တပ်ဖွဲ့တဖွဲ့ အင်အား ကောင်းလာဖို့ နှင့် သမာရိုးကျ စစ်ပွဲ ဖြစ်လာသည် အထိ တိုက်ခိုက်ပုံ အသွင် ပြောင်းလဲလာနိုင်ခြေသည် ဖြစ်ပွားသည့် ထိတွေ့မှုများ၊ တိုက်ပွဲများ နှင့် တိုက်ပွဲငယ်လေးများ မကျန် တခုစီ တိုင်းတွင် ရန်သူ ကို အနိုင်ယူ နိုင်သည့် ဖြစ်နိုင် ခြေ နှင့် တိုက်ရိုက် ဆက်စပ်နေသည်။
ပြောက်ကျား တပ်သားသည် စစ်ပွဲ၏ ဂျက်ဇူးအစ် (Jesuit) တဦး ဖြစ်သည်ဟု နှိမ့်ချ ပြောဆိုမှု များလည်း ရှိနေသည်။ ထိုစကား၏ ဆိုလိုရင်းမှာ ပြောက်ကျား များသည် ဂျက်ဇူးအစ်များ ကဲ့သို့ လှည့်စားမှု၊ ရန်သူ အငိုက်ဖမ်းနိုင်မှု၊ နှင့် လျို့ဝှက် တပ်မှု များ တွင် အတူတူပင် ဖြစ်သည်။ ဤသည်ကလည်း အင်အားသုံး တိုက်ခိုက်သည်ထက် စိတ်ဓါတ်ပိုင်း ဆိုင်ရာ နှင့် နည်းဗျူဟာ ပိုင်းတွင် အသာရဖို့ ဖြစ်သည်။ (ရှင်းလင်းချက် - ဂျက်ဇူးအစ် (Jesuit) သည် ရိုမန်ကက်သလစ်အသင်းတော်၏ အဖွဲ့တစ်ခုဖြစ်ပြီး ပညာရေးနှင့် သာသနာပြုလုပ်ငန်းများတွင် ထူးချွန်ကြသည်။ သို့သော် သမိုင်းကြောင်းအရ ၎င်းတို့၏ ဉာဏ်ရည်ထက်မြက်မှု၊ သိမ်မွေ့နက်နဲသည့် နည်းလမ်းများအသုံးပြုပြီး ရည်မှန်းချက်ကို ရယူတတ်သည့်အတွက် အပြစ်တင်သည့်သဘော ပြောဆိုမှုတွေ ရှိခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။)
ဤသည်ကလည် အခြေအနေအရ လိုအပ်လာ၍ ဖြစ်လာရ သော ထူးခြားသည့် ဂျက်ဇူးအစ် ဝါဒ တမျိုးသာ ဖြစ်သည်။ စစ်ပွဲအား ကျွနုပ်တို့ လေ့လာသင်ယူခဲ့ကြသည့် စိတ်ကူးယဉ် ဆန်ဆန်၊ အားကစား ဆန်ဆန် နည်းလမ်းမျိုး နှင့် တိုက်ခိုက်ခြင်း မဟုတ်ဘဲ သီးခြား အခြေအနေများတွင် ကွဲပြားသည့် နည်းလမ်းများ နှင့် လုပ်ဆောင်သွားဖို့ လိုအပ်လာစေသည်။
စစ်ပွဲ ဆိုသည်က တဖက် နှင့် တဖက် အမြစ်ဖြတ် ချေမှုန်း နိုင်ရန် ရုန်းကန် လှုပ်ရှားနေကြခြင်းမျိုးသာ ဖြစ်သည်။ ထိုရည်မှန်းချက်ကို အထမြောက်စေရန် စစ်အင်အား အပြင် လှည့်စားမှု များ၊ ပရိယာယ် မာယာ များပါ သုံးကြရသည်။ စစ်ရေး မဟာဗျူဟာ နှင့် နည်းဗျူဟာများသည် ကား ရည်မှန်းချက် များ အောင်မြင် ရေးနည်းလမ်းများ အဖြစ် ရန်သူ၏ အားနည်းချက်များကို အခွင့်အရေး တရပ် အဖြစ် အသုံးချနိုင်ခြင်း တို့ကို ကိုယ်စား ပြုပေသည်။
ပုံမှန် စစ်တပ် တတပ်တွင် ရှိနေသော တပ်စုတိုင်းသည် စစ်မြေပြင်တွင် ရင်ဆိုင်တိုက်ခိုက်ရသည့် အခါသစ္စာမဲ့မှု၊ လျို့ဝှက် သိုသိပ်ထားမှု၊ အလစ်အငိုက် တိုက်ခိုက် မှု အစရှိသည် ပြောက်ကျား စစ်သား တို့၏ တိုက်ခိုက်ရေး စရိုက်လက္ခဏာမျကိုပင် ပြသလာကြသည်။ ထိုသို့သော လကွဏာများ ကင်းမဲ့နေသည်ဆိုက တဖက်က သတိဝိရိယ ကြီး စွာ ဖြင့် အလစ်အငိုက် အတိုက်မခံရအောင် စီမံထားသော ကြောင့် သာ ဖြစ်ပေမည်။
သို့သော် ပြောက်ကျား အဖွဲ့သည် ရန်သူ ထိန်းချုပ် နိုင်စွမ်း မရှိသည့် ကျယ်ပြန့်သော နယ်မြေများ အတွင်း လှုပ်ရှားနေသူများ ဖြစ်၍ ရန်သူ အငိုက်မိအောင် အမြဲတမ်း ပြုလုပ်နိုင်စွမ်း ရှိနေသည်၊ ဤသည်က ပြောက်ကျား တိုက်ခိုက်ရေး သမားများ လုပ်သင့်သည့် အရာလည်း ဖြစ်ပေသည်။
"Hit and Run" ဟု အချို့က အထင်သေး အမြင်သေး သည့် သဘောဖြင့် ပြောဆိုတတ်သော်လည်း တကယ်တမ်းတွင် လွန်စွာ တိကျသည့် စကားရပ်လည်း ဖြစ်သည်။ တိုက်ပြီးပြေး၊ အချိန် ကောင်းကို ခြုံခိုစောင့်၊ ရပြီ ဆိုသည် နှင့် ထပ် တိုက်ပြီး ပြေး၊ ဤနည်းဖြင့် ရန်သူကို အနားမပေးနှင့်။
ထိုသို့သော နည်းဗျူဟာသည် တိုက်ရည် ခိုက်ရည်တွင် အနှုတ်လက္ခဏာ ဆောင်သည့် နောက်ဆုတ်ခြင်း၊ ရန်သူကို တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ခြင်းအား ရှောင်ရှားခြင်း သဘောမျိုး ဖြစ်နေသည်ဟု ယူဆစရာ ရှိသည်။
သို့သော်လည်း ဤအရာသည် ပြောက်ကျား စစ်ပွဲ၏ ယေဘုယျ နည်းဗျူဟာ ပိုင်း အကျိုးဆက် တခုလည်း ဖြစ်သည်။ ယင်း၏ အဓိက ပန်းတိုင်သည် မည်သည့် စစ်ပွဲ မျိုး နှင့် မဆို အတူတူပင် ဖြစ်သည်။ အနိုင်ရရန် နှင့် ရန်သူကို ချေမှုန်း ရန် အတွက် ပင် မဟုတ်ပါလား။