တရုတ် နှင့် အိန္ဒိယတို့ ရင်တမမ ဖြစ်လာ‌ နေသော ရခိုင် စစ်ရေး အခြေအနေ

by Hla Soewai - Sep 01 2025

အာရက္ခ တပ်တော်သည် ကျန်ရှိနေသော မြို့သုံးမြို့ကို တိုက်ခိုက် သိမ်းယူ ရန် တဖြေးဖြေး ချဉ်းကပ် လာနေပြီ ဖြစ်၍ လွန်စွာ အရေးပါသော အချိန် ရောက်ရှိလာပြီ ဖြစ်သည်။ ယင်းသည် မြန်မာ၏ ပြည်တွင်းစစ် နှင့် ဒေသတွင်း ဘူမိနိုင်ငံရေး အခြေအနေကို ပြန်လည် ပုံဖေါ် လာနိုင်သည်ဟု အယ်ဂျာဇီယား သတင်းက ရေးသားလာသည်။

 

စစ်အုပ်စု သည် နိုင်ငံ၏ အခြားနေရာများ တွင် ထိုးစစ်များ ဆင်နွှဲပြီး လက်လွှတ်ခဲ့ရသော နယ်မြေများ ပြန်လည် သိမ်းယူရန် လုံးပမ်းနေသော်လည်း ရခိုင်တွင်မူ လူထု ကို စားနပ်ရိက္ခာများ ဖြတ်တောက် ပိတ်ဆို့ထားသည်မှ လွဲ၍ ခံစစ် အသွင်သာ ရှိနေသေးသည်။ ကုလ ခန့်မှန်းချက်အရ လူ နှစ်သန်း ခန့် ငတ်မွတ် ခေါင်းပါးလာတော့မည့် အန္တရာယ် နှင့် ရင်ဆိုင်နေကြရပြီ ဟု ဆိုသည်။ ရခိုင်ပြည်နယ် အလယ်ပိုင်းတွင်လည်း မိသားစု ၅၇ ရာခိုင်နှုန်းသည် အခြေခံ စားနပ်ရိက္ခာ ပြည့်မီခြင်း မရှိ ဖြစ်‌ နေသည်ဟု ကုလ စားနပ်ရိက္ခာ အဖွဲ့ကြီး က သတိပေးထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက ထက် ၃၃ ရာခိုင်နှုန်းကနေ တိုးလာနေသည်ဟု ပြောဆိုထားသည်။

 

စစ်ရေး လေ့လာသုံးသပ်သူ များက ယခုအခါ ကျန် သုံး မြို့ကို သိမ်းနိုင်ရန် အခြေအနေများ ပေးလာနေပြီဟု ဆိုသည်။

 

ယင်းနှင့် အတူ ရိုဟင်ဂျာ များ အပေါ် အာရက္ခ တပ်တော်၏ ပြင်းပြင်းထန်ထန် အနိုင်ကျင့် ဆက်ဆံ‌ နေသည် ဆိုသော သတင်းများ တိုး များ လာနေမှု ကိုကြည့်၍ လူသား ချင်း စာနာထောက်ထားရမည့် အကျပ်အတည်း သည် ပိုမို နက်ရှိုင်း လာနေပြီ ဖြစ်သည်။ အာရက္ခ မှ အ‌‌ဆိုပါ သတင်းများကို ငြင်းဆိုထားသည်။ စစ်အုပ်စုသည် အာရက္ခ တပ်များအား တိုက်ခိုက်ရန် မူဆလင် ဒေသခံများ အား လက်နက်တပ်ဆင် ပေးလာ၍ အခြေအနေများ ပိုမို ရှုပ်ထွေးလာရပြီး ရိုဟင်ဂျာ ဆန့်ကျင်ရေး အယူအဆ များ မြင့်တက်လာခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်သည် အာရက္ခ တပ်တော်နှင့် ဆက်ဆံရေး တင်းမာလာနေသည်။ ရိုဟင်ဂျာ များ အတွက် နယ်မြေဖဲ့ယူ နိုင်ရန် ထောက်ခံမှု ပေးလာနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

 

ထောင်ပေါင်းများစွာ သော လူများသည် စစ်တွေ တွင် ပိတ်မိနေပြီး လေကြောင်း နှင့် ရေကြောင်း မှသာ အဝင်အထွက် လုပ်နိုင်သည်။

 

ဈေးနှုန်းများက မိုးထိအောင် မြင့်တက်လာနေပြီဟု ဒေသခံများက ပြောလာကြသည်။ ယခင်က ရှစ်ထောင် ခန့်သာ ပေးရသော ဝက်သား တပိသာ သည် ယခုအခါ ငါးသောင်းကျော်သွားပြီဟု သိရသည်။ ကိုယ့်ကို ကိုယ် သတ်သေကြ၊ တောင်းရမ်းစားသောက်ကြ၊ ‌ပြည့်တန်ဆာ လုပ်သူ လုပ်ကြ ဖြစ်လာနေပြီဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ထုတ်ပြောလာကြသည်၊ တရားဥပ‌ဒေ စိုးမိုးမှု ပြိုလဲသွားပြီ ဖြစ်၍ နေ့ခင်းကြောင်တောင်ပင် ခိုးယူ လုယက်မှု များ ဖြစ်ပွားလာနေသည်။ အိမ်ထဲဝင်ပြီး ပရိဘောဂများပင် သယ်ထုတ်သွားကြသည်ဟု ဆိုသည်။

 

စစ်တပ် နှင့် ဆက်နွယ်နေသော အာရကန် လွတ်မြောက်ရေး တပ်သည် လူထု အကြား တိုးဝင် သတင်းယူနေပြီး အိမ်များကို ဝင်ရောက် ရှာဖွေခြင်း၊ စစ်ဆေးရေး ဂိတ်များ တွင် အာရက္ခ တပ်အား ထောက်ခံသည့် ဆေးမှင်ကြောင်များ ရှိမရှိ စစ်ဆေး နေကြသည်။

 

ထိုလုပ်ရပ်များသည် စစ်တပ်မှ ရခိုင်ပြည်နယ်အား သိမ်းပိုက်ထားသည့် နယ်မြေတခုလား ဆက်ဆံနေသည်မှာ အထင်အရှား ပေါ်ထွက်လာရသည်ဟု အာရက္ခ တပ်၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ စည်းလုံးသော ရခိုင် အမျိုးသား များ အသင်းချုပ် (ULA) မှ တာဝန်ရှိသူ တဦးက ထောက်ပြခဲ့သည်။

 

၂၀၂၃ နှစ်ကုန်ပိုင်း ၂၀၂၅ နှစ်လယ်အတွင်း ‌စစ်အုပ်စု၏ လေကြောင်းမှ တိုး၍ တိုက်ခိုက်လာမှု ကြောင့် ပြည်သူ ၄၀၂ ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။ လေကြောင်းမှ တိုက်ခိုက်မှု ဖြင့် မည်သို့မျှ သိသာ ထင်ရှားသည့် ရလဒ်များ ထွက်‌ပေါ် လာမည် မဟုတ်ဟုလည်း ဆိုသည်။

 

အာရက္ခ တပ်သည်လည်း စစ်အုပ်စု ကဲ့သို့ပင် လူသစ်များ စုဆောင်းနေသည်။ မေလ မှစ၍ အသက် ၁၈ မှ ၄၅ ရှိ အမျိုးသားများ၊ အသက် ၁၈ မှ ၂၅ ရှိ အမျိုးသမီးများအား စစ်ထဲ ခေါ်သွင်းခဲ့ ကြသည်။ စစ်တပ်သည် ၁၆ လ ကာလအတွင်း အင်အား ၇၀,၀၀၀ ခန့် ရလာခဲ့သည်။

 

အခြေအနေများက ရှေ့လျောက် ဘာဖြစ်လာမလဲ ဆိုသည်ကို ခန့်မှန်း၍ မရ ဖြစ်နေကြသည်။

 

သို့သော် အဆုံးအဖြတ် ပေးမည့် ကျောက်ဖြူ တိုက်ပွဲ ကြီးက စတင်လာတော့မည် ဖြစ်သည်။ လေကြောင်းရန် မှ အကာအကွယ်ရရန် မိုးတိမ် များ ထူထပ်လာနိုင်သည့် စက်တင်ဘာ နှင့် အောက်တိုဘာ တွင် ထိုးစစ် စတင်လိမ့်မည်ဟု ဂျိန်း ကာကွယ်ရေး စာစောင် သုတေသီ အန်တိုနီ ဒေးဗီစ် က ခန့်မှန်း‌ နေသည်။ 

 

စစ်အုပ်စုသည် ကျောက်ဖြူတွင် တပ်အင်အား သုံးထောင်ခန့် စုစည်းထားပြီး ဒရုန်းများ၊ တိုက်လေယာဉ်များ၊ စစ်သင်္ဘော များ နှင့် ကာကွယ်သွားမည်ဟု ယူဆရသည်။

 

ယခုအခါ အာရက္ခတပ်တော်သည် နောက်ပိုင်း တွင်မြောက်ပိုင်း မှ လက်နက်များ အလွယ်တကူ မရနိုင်တော့ မှန်း သိလာ၍ အပြီးအပြတ် တိုက်ရန် ပြင်ဆင်လာခြင်းလည်း ဖြစ်သည်။ လက်ရှိ တွင် အာရက္ခ တပ်တော်တွင် လူသစ် စုရုံးထားမှု ကြောင့် အင်အား ၄၀,၀၀၀ ခန့်အထိ ရှိနေပြီး ကျောက်ဖြူ ထိုးစစ် အတွက် ၁၀,၀၀၀ ခန့် သုံးလာဖွယ် ရှိနေသည်။

 

အောင်မြင် နိုင်မည့် အခွင့်အရေး များစွာ ရှိနေပြီး "မြန်မာ ပြည်တွင်းစစ် တွင် အကျိုးဆက် အကြီးမားဆုံး နှင့် အကျအဆုံး အများဆုံး ဖြစ်လာမည့် စစ်ပွဲကြီး" ဟု ဒေဗိစ်က ခန့်မှန်းထားသည်။

 

လက်ရှိ ကျောက်ဖြူတွင် တရုတ် လုံခြုံရေး ဝန်ထမ်း ၅၀ ခန့်သာ ရှိနေ၍ အာရက္ခ တပ်တော်မှ သိမ်းပိုက်တော့မည့် အနေအထားကို ၎င်းတို့ အကျိုးစီးပွား မထိခိုက်ဟု ဆိုက ဘီဂျင်းမှ လက်ခံဖွယ် ရှိသည့် ပုံစံမျိုး တွေ့နေရသည်။

 

အာရက္ခ တပ်တော်၏ ထိုးစစ်ကြောင့် စစ်အုပ်စု နှင့် အိန္ဒိယအကြား ဆက်ဆံရေး ထိခိုက်လာတော့မည် ဖြစ်သည်။ အာရက္ခ တပ်သည် ရခိုင် ကမ်းရိုးတန်း ဆိပ်ကမ်း မြိုများကို ရရှိသွားမည် ဆိုက တရုတ်၊ အိန္ဒိယ ကုန်သွယ်ရေး လမ်းကြောင်းကို ထိန်းချုပ် နိုင်ပြီး အခွန် အကောက်များ ရရှိလာတော့မည် ဖြစ်၍ နိုင်ငံ တွင်း မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမှ မရနိုင်သည့် နိုင်ကွက်များ ရရှိလာပေတော့မည်။ ယင်းနှင့် အတူ ရခိုင် ပြည်သူ့ တော်လှန်ရေး အစိုးရဟု ထွက်ပေါ်လာနိုင်သည်။

 

အာရက္ခ တပ်တော်သည် ရခိုင် ပြည်နယ် အပြင်သို့ပါ တပ်ဖြန့်လာနေပြီး ယခုအခါ ၎င်းတို့သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော လက်နက်ကိုင်အဖွဲ့အစည်းများ မဟာမိတ်အဖွဲ့ကို ဦးဆောင်နေသည်။

 

နောက်ပိုင်းတွင် အာရက္ခ သည် စစ်အုပ်စု နှင့် အပစ်အခတ် ရပ်စဲနိုင်သလို၊ တဦးတည်း ဆက်၍ တိုက်သွားမည့် အလားအလာများလည်း ရှိနေသည်။

 

စစ်ပွဲ ဆိုသည်က ရှေ့ကို တိုး၍ ရသလို နောက်ကိုလည်း ပြန်ဆုပ်ပေးရစမြဲ ဖြစ်သည်၊ ဒီတကြိမ်တွင်တော့ တော်လှန်ရေး တပ်များ အနေဖြင့် အဓိပ္ပါယ် ရှိသော အပြောင်းအလဲများ ဖေါ်ဆောင်နိုင်လိမ့်မည်ဟု မိမိတို့ အပြည့် အဝ ယုံကြည်ထားကြောင်း ULA က ဆိုသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!