TNLA နှင့် ကူမင်း ဆွေးနွေးပွဲ ပျက်ပြီ

by Hla Soewai - Sep 01 2025

တရုတ်၏ ကြားဝင် မှု ဖြင့် တအာင်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ နှင့် အကြမ်းဖက် စစ်အုပ်စု အကြား ကူမင်း တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသည်သဘောတူညီချက် တစုံတရာ မရပဲ ပျက်ပြားသွားခဲ့ပြီ ဖြစ်သည်ဟု မြန်မာ နောင်း တွင် ရေးသားထားသည်။

 

TNLA ဖက်မှ ကျောက်မဲ နှင့် သီပေါ ကို ပြန်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း သင်းကွဲ ဖြစ်လာနေသော TNLA ၏ အားနည်းချက်ကို သိထားသော စစ်အုပ်စု မှ ရှမ်းမြောက်ဒေသ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ရေး ‌ဒေသ အတွင်းရှိ မိုင်းတုံ နှင့် နမ်းဆန်မှ လွဲ၍ မြို့အားလုံးကို ပြန်ပေးရမည်ဟု အထက်စီး မှ တောင်းဆိုလာခဲ့၍ ပျက်ပြားသွားခြင်း ဖြစ်သည်။

 

အဆိုပါ မြို့နှစ် မြို့အား စစ်အုပ်စု မှ ၎င်းတို့ အင်အား သုံး၍ တိုက်ယူသွားမည်ဟု ကြိမ်းဝါးသွားခဲ့သည်။

 

TNLA သည် ၎င်းတို့ ၏ ကမ္ဘာကျော် ၁၀၂၇ ထိုးစစ်ကြီး အတွင်း ကွတ်ခိုင်၊ နမ္မတူ၊ နမ်းခမ်း၊ နမ်းဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ နှင့် မိုးကုတ်မြို့များ သိမ်းယူနိုင်ခဲ့ပြီး နောင်ချို မှ ဆုတ်ခွာ ပေးခဲ့ရသည်။

 

ပြည်တွင်းစစ်များ တွင် တဖက်မှ စစ်ရှုံးနေ၍ အပစ်အခတ် ရပ်စဲပြီး သိမ်းယူထားသော မြို့များ ပြန်ပေးလိုက်ရသည် မျိုးသာ ရှိပြီး ယခုလို အနေအထား မျိုး တခါမှ မကြားဖူးခဲ့သည်က အမှန်ပင် ဖြစ်သည်။

 

TNLA အနေနှင့် ထိုးစစ် တခုကို ၎င်းတို့ ထင်မထားသည့် တနေရာ တွင် မဖြစ်မနေ ဆင်နွှဲရတော့မည် ဖြစ်သည်။ ခံစစ် အနေအထား အား စစ်အုပ်စု မှ လေကြောင်း၊ လက်နက်ကြီးပစ်ကူ များ၊ အသေခံ ကြရမည့် လူငယ်များ cannon fodder များသုံး၍ ပြိုလဲအောင် လုပ်နိုင်သည်ကို နောင်ချိုက သက်သေခံခဲ့ပြီး ဖြစ်သည်။

 

စစ်အုပ်စုသည် ၎င်းတို့ အုပ်ချုပ်ရေး အား ဝါရှင်တန်မှ အသိအမှတ် ပြုလာရန် နောက်ထပ် လော်ဘီ ကုမ္ပဏီ တခု ကို ငှားရမ်းလာပြန်သည်။ ထိုကုမ္ပဏီ သည် ဗာဂျီနီးယား အခြေစိုက် မက်ကီယွန် ဖြစ်ပြီး ယခင် DCI Group နှင့် လက်တွဲ သွားမည်ဟု သိရသည်။

 

ဝါရှင်တန် ပို့စ် သတင်းစာကြီးက မြန်မာ စစ်အုပ်စု၏ ရွေးကောက်ပွဲ သည် တရုတ် သံစုံ တီးဝိုင်းကြီး နှင့် အသုံးတော်ခံနေသည့် လုပ်ဇာတ်ကြီး ဟူသော ခေါင်းစဉ် ဖြင့် အယ်ဒီတာ အာဘော် တွင် ‌ရေးသားလာခဲ့သည်။

 

တဆက်တည်း မှာပင် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုမှ တရားဝင် ရှုတ်ချရန် ငြင်းဆိုခဲ့ပြီး ပြည်ပရှိ အမေရိကန် သံရုံးများကိုလည်း နိုင်ငံတနိုင်ငံ ၏ ရွေးကောက်ပွဲ တရားမျှတမှု ရှိသည် မရှိသည်ကို ဝေဖန်ခြင်း မပြုရန် ညွှန်ကြားခဲ့မှုကိုလည်း ရှူတ်ချသွားခဲ့သည်။

 

ထိုသို့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ သည် ဘူးလုံး နားမထွင်း ဖြင့် ပင်လယ်ပြင်တွင် ဦးတည်ရာမဲ့ မျောနေသော လှေတစင်းလို ဖြစ်နေချိန်တွင် တရုတ် သည် နိုင်ငံများကို ကောက်သင်းကောက် စုစည်း နိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

 

ဘီဂျင်းသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ထိပ်သီး ဆွေးနွေးပွဲကို ဩဂုတ် ၃၁ တွင် ထျန်ကျင် မြို့၌ ကျင်းပသွားရန် စီစဉ်ထားသည်။

 

ထိုထိပ်သီး ဆွေးနွေးပွဲ သို့ လူထု ကို နိုင်ထက်စီးနင်း အုပ်ချုပ်နေသည့် အကြမ်းဖက် စစ်ခေါင်းဆောင်အားလည်း ဗိုလ်ပုံ အလယ်တွင် သိဒ္ဓိတင်ပေးရန် ဖိတ်ကြားထား၍ သွားဖို့ ရှိနေသည်။

 

ကမ္ဘာတဝှမ်း ရှိ ရိုဟင်ဂျာ များသည်လည်း ၎င်း၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဘင်္ဂလား‌ဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည့် ရှစ်နှစ် မြောက် အခမ်းအနားကိုလည်း နိုင်ငံတကာ မြို့ကြီးများတွင် ပြုလုပ်နေကြချိန်လည်း ဖြစ်သည်။

 

ထိုအချိန်တွင် ဘင်္ဂလား‌ဒေ့ရှ် ရှိ ကောက်ဘဇား တွင် နှစ်ရက်ကြာ ကျင်းပသည့် ရိုဟင်ဂျာ အရေး နိုင်ငံတကာ ညီလာခံ ကြီးတွင် ဘင်္ဂလား‌ဒေ့ရှ် အိမ်စောင့် အစိုးရ ခေါင်းဆောင် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက် ယူနွတ်စ် က နိုင်ငံတကာ အနေဖြင့် မြန်မာ စစ်တပ်၏ လူမျိုးရေး သန့်စင်ရန် ရည်ရွယ်ချက်ဖြင့် ရွံရှာဖွယ် ကောင်းစွာ ကျုးလွန်ခဲ့သည့် ရာဇဝတ်မှု များကို အခိုင်အမာ ဆန့်ကျင် ရပ်တည်သွားပြီး ၎င်းတို့နှင့် ဆက်ဆံရေး ကို ပြန်လည် သုံးသပ်ကြပါရန် ပန်ကြားသွားခဲ့သည်။

 

အိုင်စီစီ နှင့် အိုင်စီဂျေ အားလည်း ၎င်းတို့ တာဝန်ခံမှု ရှိလာရေး ကြိုးပမ်းနေမှုများ အရှိန်မြှင့် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းသွားသည်၊ ဆိုလိုသည်က မင်းအောင်လှိုင်အား ဖမ်းဝရမ်း ထုတ်ရန် ကြန့်ကြာနေမှု ကို ရည် ညွှန်းသွားခြင်းလည်း ဖြစ်သည်။

 

ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဌ မှလည်း ထိုကဲ့သို့ ကွန်ဖရင့်မျိုးကို စက်တင်ဘာ ၃၀ တွင် နယူးယောက်တွင် ပြုလုပ်ရန် သတ်မှတ်ထားပြီး ဖြစ်သည်ဟု သိရသည်။

 

စစ်အုပ်စု ခေါင်းဆောင်သည် ၎င်းအား ထရမ့်မှ ပို့လိုက်သော စာလေး တစောင် ကြောင့် အရမ်း ကာရော အားတက်လာပြီး ငွေများ ဒလဟော သုံးကာ လော်ဘီ ကုမ္ပဏီ တခု ပြီး တခု ငှားရမ်းလာသော်လည်း ၎င်းတို့ ရိုဟင်ဂျာ များ အပေါ် ကျုးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုပ်မှု များက အရိပ်လို ကပ်ပါနေသရွေ့ မည်သို့မျှ အောင်မြင်စရာ အကြောင်း မရှိပေ၊ လက်ရှိတွင်လည်း ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည့် ၁.၅ သန်းရှိ ကမ္ဘာအကြီးမားဆုံး ဒုက္ခသည် စခန်းကြီးက ရှိနေဆဲပင် ဖြစ်သည်။

 

၎င်း၏ လုပ်ရပ်ကား ရပ်ကွက်ထဲတွင် မုဒိမ်းမှု ဖြင့် တရားဆိုင်နေရသူ တဦးက မိန်းကလေး တဦးကို ချစ်ရေး ဆိုရန် ကြံစည်နေခြင်းမျိုး ထက် မပိုပေ။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ပွဲခံရမည်!!!