စစ်အုပ်စု မှ ကရင်အမျိုးသား သမဂ္ဂ အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်၍ ကေအင်ယူ နှင့် ဆက်စပ်နေသည့် မည်သို့သော ဆက်သွယ်ဆောင်ရွက်မှု မျိုး မဆို တရားဝင်မှု ရပ်ဆိုင်းသွားပြီ ဖြစ်သည်။
"အများပြည်သူတို့၏ လုံခြုံရေး၊ အသက် အိုးအိမ်၊ စည်းစိမ်၊ အရေးပါသည့် ပြည်သူပိုင် အဆောက်အအုံများ၊ ပစ္စည်းများ၊ မော်တော်ယာဉ်များကို ဖျက်လိုဖျက်ဆီး လုပ်ခဲ့သည်" ဟု ဖေါ်ပြထားသည်။
ကေအင်ယူ ပြောရေး ဆိုခွင့် ရှိသူ ဖဒို စောတောနီး မှ ၎င်းတို့ မည်သို့ပင် သတ်မှတ်စေကာမူ ဂရုစိုက်မည် မဟုတ်ဟု ထုတ်ဖေါ် ပြောကြားခဲ့သည်။ ၎င်းတို့အား နိုင်ငံတကာ တရားရုံးများမှ စွဲချက်တင်ထားသည့် အမှုများကို ကြည့်မည်ဆိုက မည်သူသည် အကြမ်းဖက်သမား၊ နိုင်ငံတကာ စစ်ရာဇဝတ်ကောင်များ၊ မည်သည့် အဖွဲ့သည် မတရား အသင်း ဖြစ်သည် ဆိုသည်ကို အထူးတလည် သက်သေပြစရာပင် မလိုဟု ဆိုသည်။
ထိုသို့ မကြေညာမီ တပတ်ခန့်အလိုက မြဝတီ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းအားလုံး ကို ပိတ်ပစ်ပြီး ကော့သောင်းဖက်မှ ရေလမ်းကြောင်းကိုသာ ဖွင့်ပေးမည်ဟု ပြောလာသည်။
ကေအင်ယူ မှ ၎င်းတို့ ပြုလုပ်မည့် ဒီဇင်ဘာ ၂၈ ရွေးကောက်ပွဲ ကို ဟန့်တားသွားမည်ဟု ကြုံးဝါးထားခဲ့ပြီး ဖြစ်သည်။
ထိုင်းတွင်လည်း ဖွဲ့စည်းပုံ ခုံရုံးမှ ဝန်ကြီးချုပ် ဖယ်ထောင်တန် ချင်နဝပ် အား ရာထူးမှ အပြီးအပိုင် ဖယ်ရှားလိုက်ပြီ ဖြစ်၍၊ ထိုင်းတွင် နိုင်ငံရေး အပြောင်းအလဲများ ဂယက်ထလာတော့မည် ဖြစ်သည်။ သူမ၏ အာဏာရ ဖူထိုင်း ပါတီ မှ ဝန်ကြီးချုပ် အသစ်ကို ပါလီမန်တွင် တင်သွင်းရဖို့ ရှိနေပြီး လိုအပ်သည့် ထောက်ခံမဲ မရပါက ရွေးကောက်ပွဲ အသစ် ပြုလုပ်ရဖို့ ရှိနေသည်။
ပြည်သူများ ၏ ရွေးကောက်တင်မြှောက်ခြင်း မခံရသည့် တရားသူကြီး ၆ ဦး က ရွေးကောက်တင်မြှောက်ခံ ဝန်ကြီးချုပ်ကို ရာထူးမှ ဖယ်ရှားပိုင်ခွင့် ရှိနေသည်မှာလည်း လွန်စွာ အံ့ဩဖွယ်ပင် ဖြစ်သည်။
မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ အပေါ် ဘာတေး လစ်တနာမှ general election မဟုတ်၊ generals' election အဖြစ် အေးရှားတိုင်းမ် တွင် သရော်ထားသည်။
နိုင်ငံတကာ နှင့် ဒေသတွင်း နိုင်ငံများ အဖို့ မင်းအောင်လှိုင် အဝတ်အစား လဲဝတ်ယုံ နှင့် ပြုပြင်ပြောင်းလဲမှု များ ဖြစ်လာမည်လော ဆိုသည်ကို ဆုံးဖြတ်ရတော့မည် ဖြစ်သည်ဟု ဆိုသည်။
စစ်အာဏာရှင်များက ဘီဂျင်း အပေါ် အလွန်အကျွံ မှီခိုလာရမှူ ကို စိတ်ပျက်လာပြီး နိုင်ငံတကာ နှင့် ဆက်ဆံလိုလာကြသော ကြောင့် တကြောင်း၊ ၎င်းတို့ နောက်ကွယ်မှ အာဏာကို ဆက်၍ ဆုပ်ကိုင်သွားလို၍ တကြောင်း ၂၀၁၁ တွင် နိုင်ငံကို တံခါးဖွင့်ပေးလာခဲ့သည်။
ယင်းနှင့် အတူ ၎င်းတို့ လုံးဝ မမျှော်လင့်ထားသည့် အရပ်ဖက် လူ့အဖွဲ့အစည်းများ နှင့် လွတ်လပ်သော သတင်း စာနယ်ဇင်းများ အလျိုလျို ပေါ်ထွက်လာခဲ့သည်။
စစ်တပ်သည် ၂၀၁၁-၂၀၂၁ အတွင်း အလွန်အကျွံ လွတ်လပ်ခွင့် ပေးခဲ့၍ ယခုလို ပုန်ကန်သည် အထိ ဖြစ်လာရသည် ဆိုသော အမှားများကို ကောင်းစွာ သိမြင်လာခဲ့၍ ၎င်းတို့ အုပ်ချုပ်ရေး ကို စိန်ခေါ်လာမည့် အတိုက်အခံများ အင်အား ကောင်းလာစေနိုင်သည့် အရင်လို ဖါးတပိုင်း ငါးတပိုင်း ဒီမိုကရေစီ အရပ်သား အုပ်ချုပ်ရေး မျိုး လုံးဝ ခွင့်ပြုတော့မည် မဟုတ်ဟု ဘာတေး လစ်တနာက ရေးသားထားသည်။
သမိုင်းတလျောက် လူတစုက လက်နက် အားကိုး တခုတည်းနှင့် တိုင်းပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်၍ ရရိုး အစဉ်အလာ ရှိခဲ့ပါ၏ လော။ သို့သော် သမိုင်းသည် အမှန်တရား ကို မြတ်နိုးသော၊ မတရားမှုကို အသွေးထဲ အသားထဲ က ရွံရှာ မုန်းတီးလေ့ ရှိသည့် ပြည်သူများဖက်က အမြဲလို ရပ်တည်ပေးလေ့ ရှိစမြဲပင်။
စစ်အုပ်စု အဖို့ အမည်သစ် ဖြင့် အလိမ်အညာ ရွေးကောက်ပွဲ ပြုလုပ်ပြီး စစ်ယူနီဖောင်းများ ချွတ်ကာ တိုက်ပုံအင်္ကျီ တကားကား နှင့် တိုင်းပြည်ကို ဆက်၍ အုပ်ချုပ်သွားမည် ဆိုသည့်အပေါ် ကိုယ်လိုရာ ဆွဲပြီး စိတ်ကူးနေ ကြသော်လည်း နိုင်ငံတကာတွင် စစ်ရာဇဝတ်မှု များ နှင့် တရားခံ ဘဝ အချိန်မရွေး ရောက်သွားနိုင်သူများကို မည်သူကမျှ အသိအမှတ်ပြု ဆက်ဆံကြလိမ့်မည် မဟုတ်၊ မည်သည့် အဖွဲ့အစည်းများ မှလည်း ငွေချေးငှား၍ ရမည် မဟုတ်၊ လောင်စာဆီ နှင့် အခြား မရှိမဖြစ် ကုန်စည်များကို လက်ငင်းငွေချေ စနစ်ဖြင့် ယခုလို လက်လီ ဝယ်သုံးနေရသည့် အဆင့် မျိုးသာ ဆက်လက်ရှိနေပေတော့မည်။
မည်သို့ပင် အမည် ပြောင်းစေကာမူ ယမမင်းသည် ယမမင်းသာ ဖြစ်သည်၊ ယခုလည်း ဂန္တလရာဇ် ပြည်ကြီးသား တို့၏ ခြေသလုံးကို ဖက်ကာ ကခုန် မြူတူးနေကြရသည့် ဘဝ ဆိုသည်ကို ပြည်သူ တရပ်လုံးက သိရှိ နားလည်ထားကြပြီး ဖြစ်သည်။
ယ နေ့ ထွက် ပေါ်လာသော သတင်းများအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ PDF တိုင်းစစ်ဌာန ၁၀ ခုမှ တပ်မှူးကြီး များ စုဝေးပြီး ၃ ရက်ကြာအစည်းအဝေးပြုလုပ်ခဲ့သည်ဟု သိရသည်။ (ပုံတွင် ရှု)
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!