လူသား ကွန်ယက်(37)

by Hla Soewai - Sep 01 2025

ဗျူရိုကရေစီ

 

သတင်း အချက်အလက် နည်းပညာများ အသစ် အသစ် ပေါ်ထွန်းလာတိုင်း တစ်ဆို့ ကြန့်ကြာမှုများက အမြဲလို ရှိလာတတ်စမြဲ ဖြစ်သည်။ ပြဿနာဟောင်းများကို ဖြေရှင်းခဲ့သည် ဆိုသော်လည်း ပြဿနာ အသစ်များ ဖန်တီးလာခဲ့သည်။

 

ဘီစီ ၁၇၃၀ အစောပိုင်းကာလ တွင် မက်ဆိုပိုတေးမီယား မြို့တော် ဆစ်ပါ ရှိ နာရမ်တာနီး ဆိုသော သူတော်စင် အမျိုးသမီးသည် (ကျောက်ပြားချပ် ဖြင့် ရေးသည်ဟု ယူဆရသော) စာတစောင်ကို ဆွေမျိုး တယောက်ထံ ရေးသားပေးပို့ခဲ့သည်၊ ထိုစာတွင် ၎င်း၏ အိမ်တွင် သိမ်းထားသော ကျောက်ပြားချပ် အနည်းငယ်ကို သူမထံ ပို့ပေးပါဟု တောင်းဆိုထားခဲ့သည်။ ထိုသို့ တောင်းဆိုရခြင်းမှာလည်း သူမ၏ အမွေဆက်ခံပိုင်ခွင့်ကို တရားရုံးတွင် အမှု ဆိုင်နေရ၍ သက်သေ ပြဖို့ ရေးမှတ်ထားသည်များ တင်ပြရန် လိုနေသည်ဟု ရှင်းပြခဲ့သည်။ သူမ၏ စာအဆုံးတွင်လည်း "ကျမ ကို ပစ်မထားပါနဲ့" ဟု တောင်းပန် တိုးလျိုးထားပြန်သည်။

 

နောက်ပိုင်း ဘာတွေ ဆက်ဖြစ်ခဲ့သည် ဆိုသည်က ကျွနုပ်တို့ မသိနိုင်တော့၊ ဖြစ်လာနိုင်ဖွယ် ရှိသည် များကိုတော့ စိတ်ကူး နှင့် မှန်းဆ ကြည့်မည် ဆိုက သူမ၏ ဆွေမျိုးတော်စပ်သူသည် ၎င်း၏ အိမ်ရှိ ကျောက်ပြားချပ် ကို လိုက်လံရှာ‌ ဖွေသော်လည်း မတွေ့ ခဲ့၊ အကယ်၍ လူများသည် မှတ်တမ်းမှတ်ရာ အများအပြား ပြုစုလာသည့် အခါ ရှာရဖွေရသည်မှာ ပို၍ ခက်ခဲလာရသည်။

 

ဤသို့ဖြင့် ဘုရင်များ၊ ဘုန်းတော်ကြီးများ၊ ကုန်သည်များ နှင့် မော်ကွန်းတိုက်ထဲ မှတ်တမ်းမှတ်ရာ အမြောက်အမြား သိုမှီးထားကြသူ များ အတွက် ထူးထူးခြားခြား အခက်တွေ့လာရသည်။ မိမိလိုချင်သည့် အခွန် မှတ်တမ်း၊ ငွေပေးပြည်စာများ၊ စီးပွားရေး နှင့် ဆိုင်သော ကန်ထရိုက် စာချုပ်များ ကို လိုအပ်လာသည့် အခါ အဘယ်နည်းနှင့် ရှာ၍ ရနိုင်ပေမည်နည်း။

 

မှတ်တမ်းမှတ်ရာ များသည် အချို့သော သတင်း အချက်အလက်များကို မှတ်တမ်းတင်ရာ လူသား တို့၏ ဦးနှောက်ထက် များစွာ သာလွန်ပေသည်။ သို့သော်လည်း ပြန်လည် ထုတ်ယူ ဖို့ အရေးတွင်တော့ ပြဿနာများ ရှိလာခဲ့သည်။ ဦးနှောက်အဖို့ကား သူ့တွင်ရှိ နျူထွန် ပေါင်း ထောင်သောင်းမကသော ကွန်ယက်များနှင့် ထရီလီယံချီ ရှိသည့် ဆိုင်းနက်စ် များ ဖြင့် သိုလှောင်ထားသည့် မည်သည့်အချက်အလက်များကို မဆို ပြန်လည် ထုတ်ယူ နိုင်သည်။

 

ကျွနုပ်တို့ ဦးနှောက် မော်ကွန်းတိုက်ကြီးထဲတွင်တော့ ကျွနုပ်တို့၏ ကိုယ်ရေး ကိုယ်တာ နှင့် ဆိုင်သော အကြောင်းအရာများ၊ ကျွနုပ်တို့ နိုင်ငံ၏ သမိုင်း၊ ဘာသာရေး နှင့် နှီးနွယ်‌ နေသည့် ဒဏ္ဍာရီ ပုံဝတ္ထုများ အစရှိသည့် မရေတွက် နိုင်အောင် များပြားသော အကြောင်းခြင်းရာ များကို ကျန်းမာနေသူ တယောက် အဖို့ တစက္ကန့်ပင် မကြာသော အချိန်အတွင်း မှာပင် ထုတ်ယူနိုင်သည်။

 

မနက်စာအတွက် ဘာစားခဲ့သလဲ၊ ပထမဆုံး ရည်စား ဘယ်သူလဲ၊ သင့် နိုင်ငံသည် လွတ်လပ်ရေးကို ဘယ် အချိန်က ရခဲ့သလဲ၊ သမ္မာကျမ်းစာ၏ ပထမဆုံး အပိုဒ် တွင် ဘာတွေ ရေးထားလဲ အစရှိသည့် အချက်အလက် များကို မေးမြန်းလာသည် ဆိုပါစို့။

 

သင့်‌သည် ထိုမေးခွန်းများကို ဖြေဆိုရန် ဦးနှောက်မှ သတင်း အချက်အလက်များ မည်သို့ ထုတ်ယူနိုင်မည်နည်း။ လိုအပ်သည့် သတင်းအချက်အလက်များ အလျင်အမြန် ထုတ်ယူ နိုင်‌ အောင် မည်သည့် ယန္တရားမျိုးက နျူထွန် နှင့် ဆိုင်းနက်စ်ကို အသက်သွင်း ပေးနိုင်မည်နည်း။

 

ဦးနှောက် အာရုံကြော နှင့် ဆိုင်သော သိပ္ပံပညာရှင်များသည် မှတ်ဉာဏ် ကို လေ့လာစူးစမ်းရာတွင် တိုးတက်မှု များ ရရှိလာသည် ဆိုသော်ငြားလည်း မှတ်ဉာဏ် ဆိုသည်ကား အဘယ်နည်း၊ မည်ကဲ့သို့ သိုမှီးပြီး မည်ကဲ့သို့ ထုတ်ယူကြသည်ကို ယခုထိ မည်သူမျှ နားမလည် နိုင်ကြသေးပဲ ဖြစ်နေသည်။

 

ကျွနူပ်တို့ သိထားသည်က နှစ်သန်းနှင့်ချီ ရှိလာနေသော ဆင့်ကဲဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်‌တလျောက် ဦးနှောက်မှ ထုတ်ယူ နိုင်စွမ်း ကို ပြေပြစ် သွက်လက်မှု ရှိအောင် လုပ်ပေးနိုင်ခဲ့သည် ဟူ၍သာ ဖြစ်သည်။ လူသားများသည် မှတ်ဉာဏ်များကို ဇီဝ ဦးနှောက်မှ ဇီဝ မဟုတ်သော စာရွက်စာတမ်းများထံ ပြောင်းရွှေ့လိုက်သည့်အခါ ပြန်လည် ထုတ်ယူရသည့် အခါမျိုး တွင် လျှင်မြန် တိကျသည့် ဇီဝ စနစ်ကို အားကိုးပြုနိုင်စွမ်း မရှိတော့။ လူသားများ နှစ်သန်းပေါင်းများစွာ ကြာအောင် တဖြေးဖြေး တိုးတက် ပြောင်းလဲလာခဲ့သည့် ဦးနှောက်ရှိ မှတ်ဉာဏ် ကို ရှာဖွေ စုဆောင်းနိုင်စွမ်းအားလည်း မှီခို၍ မရနိုင်တော့။

 

ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်သည် လူသားများကို မော်ကွန်း တိုက်ထဲရှိ မှတ်တမ်းမှတ်ရာများ ရှာဖွေနိုင်ရန် အတွက် မဟုတ်ဘဲ တောတောင်ထဲတွင် သစ်သီး၊ သစ်ဉ များ ရှာဖွေ နိုင်ဖို့ အလေ့အကျင့်ကိုသာ ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။

 

အစားအစာ ရှာဖွေသူများ အနေဖြင့် တောတောင်ထဲတွင် သစ်သီးသစ်ဖု များ၊ မှိုများ ရှာဖွေနိုင်ခဲ့ခြင်းသည်လည်း ဆင့်ကဲ ဖြစ်စဉ်အရ သဘာဝ ဖြစ်စဉ်သည် ယင်းတို့အား သူ့နေရာနှင့် သူ ရှိနေအောင် ဖွဲ့စည်းပေးထားခဲ့၍ ဖြစ်သည်။

 

သစ်သီးပင်များသည် photosynthesize ခေါ် အလင်းမှီစု ဖွဲ့မှု ကို လုပ်ရသည့် အတွက် နေရောင်ခြည် လိုအပ်သည်။ မှိုများသည် မြေကြီးထဲတွင်သာ တွေ့ရလေ့ရှိသည့် သေဆုံးနေသော ဩဂဲနစ် ပစ္စည်းများကို စားသုံးသည်။ ထို့အတွက်ကြောင့် မှိုများသည် ပုံမှန်အားဖြင့် မြေကြီး အဆင့်တွင်သာ ရှိတတ်သည်၊ အသီးများကတော့ နေရောင်ခြည် လိုအပ်သည့် အတွက် အမြင့်တွင်သာ ပေါက်ရောက်ကြသည်။ ဆိုလိုသည်က သစ်သီးနဲ့ မှို များသည် ၎င်းတို့၏ ရှင်သန်ကြီးထွားမှု ပုံစံပေါ်မူတည်ပြီး နေရာအမြင့်ချင်း မတူညီသည့် အတွက် ရှာဖွေသူ များအနေဖြင့် ဘယ်နေရာတွင် ဘာကိုရှာရမည် ဆိုသည်ကို သိရှိနားလည်နိုင်ခြင်း ဖြစ်သည်။

 

နောက်ထပ် အများသိရှိသော အခြေခံ သဘောတခုသည်ကား ပန်းသီးများသည် ပန်းသီးပင်များ တွင်သာ ရှိပြီး သဖန်းသီးများသည် သဖန်းပင်များ တွင်သာ ရှိသည်။ ထို့အတွက် ပန်းသီးကို ရှာမည် ဆိုလျင် ပန်းသီးပင် ဘယ်နေရာတွင် ရှိသည် အရင် ရှာရမည်။ ပြီးလျင် အပေါ်သို့ မော့ကြည့်ရမည်။ တောတောင်ထဲတွင် နေရသည့် အခါ အဆိုပါ သဘာဝ အစီအစဉ်ကို လေ့လာသင်ယူကြရမည်သာ ဖြစ်သည်။