ပြည်တွင်းစစ်ကြီး က မင်းအောင်လှိုင် နှင့် အပေါင်းအပါများ၏ အာဏာသိမ်းမှုကြောင့် အရှိန်တညီးညီး တောက်လောင်လာခဲ့ရာ လူ့အသက်ပေါင်း ၈,၂၀၀ ဆုံးရှူံးခဲ့ပြီး ၃.၂ သန်း အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ကို ကြည့်မည် ဆိုက မည်မျှ ပြင်းထန်နေသည်ကို သိနိုင်မည် ဖြစ်သည်။ အစိုးရ ဆိုသည်ကလည်း နိုင်ငံ၏ ငါးပုံတပုံသာ အပြည့်အဝ ထိန်းချုပ် နိုင်တော့သည်။ အချို့ဒေသများ တွင် နိုင်ငံ၏ ငွေကြေးသည်ပင် လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့သည်။
မြန်မာ၏ အနေအထားသည် အကျပ်အတည်းဟု ခေါ်၍ မရတော့ဘဲ နိုင်ငံ ရေး သိပ္ပံ ပညာရှင်များ ပြောသလို ဆိုမာလီယာ နှင့် လစ်ဗျား ကဲ့သို့ "Durable disorder" ရေရှည်သွားမည့် မငြိမ်မသက် ဖြစ်မှု ကြီးဟု ပြောရမည် ဖြစ်သည်ဟု ပါကစ္စတန် နိုင်ငံထုတ် The Nation သတင်းစာတွင် ဆောင်းပါးရှင် M.A . Hossain က ရေးသားလာသည်။
၎င်းက ဆက်လက်ရေးသားရာတွင် ထိုနိုင်ငံများ နှင့် မတူသည်က မြန်မာ ရှိ durable disorder သည်ကား မဟာဗျူဟာ ကျလှသည့် အာရှ ကုန်းမြေကြီး၏ အလယ်ဗဟို တွင် ဖြစ်လာနေသည်။ ထို့အတွက် ထွက်ပေါ်လာမည့် အနေအထားကို မိမိတို့ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာစေရန် တရုတ်၊ အိန္ဒိယ၊ ရုရှား နှင့် အမေရိကန် တို့ ဝင်ရောက်စွက်ဖက်လာအောင် လက်ယပ် ခေါ် လာခဲ့သည်။
မြန်မာ တွင် ပြည်တွင်းစစ်ကြီး သည် သူ့ဖာသာ ဖြစ်ပွားနေခြင်း မဟုတ်တော့ဘဲ နှစ်ဆယ့်တစ်ရာစု၏ အင်အားကြီး နိုင်ငံများအကြား ကြားခံစစ်ပွဲ ကြီး အား မည်သို့မည်ပုံ ဆင်နွှဲရမည် ဆိုသည် အပေါ် စမ်းသပ်ကြမည့် ဓါတ်ခွဲခန်း ကြီး ဖြစ်လာ နေသည်။ မြန်မာ တွင် ဖြစ်ပျက်နေမှု များက မြန်မာတွင်သာ ပြီးသွားမည် မဟုတ်ဆိုသည်ကို သမိုင်း က သက်သေခံနေသည်။
ထိုဖြစ်စဉ် ကြီး၏ အလယ်ဗဟို တည့်တည့်တွင် ရှိနေကြသူများက မင်းအောင်လှိုင် နှင့် ၎င်း၏ ခြုံငြိမ်း အဖွဲ့ပင် ဖြစ်သည်။ ၎င်းတို့ အုပ်ချုပ်နေသည် ဆိုသည်ကလည်း သတင်းစာများ ပေါ်တွင်သာ ရှိနေပြီး လက်တွေ့အားဖြင့်မူ တပ်စခန်းများ အထိုင်ချရာ မြို့များ နှင့် အဝေးပြေးလမ်းမ အချို့တလေ သာ ကျန်တော့သည်။ အခြားနေရာ များတွင် လွှမ်းမိုးနိုင်ခွင့် ရရန် အမြဲလို တိုက်ခိုက်နေရဆဲပင် ဖြစ်သည်။
မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေး အဖွဲ့က ချွင်းချက် မရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရန် တောင်းဆိုနေသည်။ ရခိုင်တွင်လည်း ခွဲထွက်ပြီး သီးခြားနိုင်ငံ ဖြစ်လာရန် နီးစပ်နေသည်။ ချင်းပြည်နယ်တွင်လည်း လူမျိုးစု အချင်းချင်း ပြန်တိုက်နေ၍ စစ်ပွဲကြီး အတွင်း နောက်ထပ် စစ်ပွဲငယ်များ ဖြစ်ပွားနေသည့် ပုံရိပ် ငယ်လေး ကို တွေ့နေရသည်။ ကရင် နှင့် ကရင်နီ တို့သည်လည်း ၎င်းတို့၏ ဆယ်စုနှစ်ပေါင်း များစွာ ပုန်ကန်နေသည့် စစ်ပွဲကိုလည်း ဆက်လက် ဆင်နွှဲနေသည်၊ သမိုင်းတလျောက် အမြဲလို ညီညွတ်မှု မရှိခဲ့သည် ရှမ်းတို့သည်လည်း ဖက်ဒရယ် နှင့် လုံးဝ ခွဲထွက်ရေး အကြား ပို၍ကွဲပြားလာနေသည်။
၎င်းတို့အားလုံး နှင့် ပတ်သက်နေသည်က NUG ၏ ပြည်သူ့ကာကွယ်ရေး တပ်များပင် ဖြစ်သည်။ ၎င်းတို့က စစ်အာဏာရှင်များကို ဖြိုလှဲပြီး ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရန် ဖြစ်သော်လည်း လွတ်လပ်ရေး ကို ပို၍ လိုလားနေသည့် တိုင်းရင်းသား လက်နက်ကိုင် အချို့ နှင့် ရည်မှန်းချက်ခြင်း ပွန်းတိုက်မှု ဖြစ်လာနေသည်။
မြန်မာ တွင် လူတိုင်းသည် ကိုယ့်အကျိုးစီးပွားအတွက် ကိုယ်တိုက်ခိုက်နေကြပြီး ယုံကြည်မှုနဲ့ စည်းကမ်းမရှိသည့် Hobbesian battlefield ဖြစ်လာနေသည်ဟု ဆောင်းပါးရှင်က ရေးသားထားသည်။ (အင်္ဂလိပ် အတွေးအခေါ်ပညာရှင် Thomas Hobbes ရဲ့ အတွေးအခေါ်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ Hobbes က လူသားတွေဟာ အစိုးရမရှိတဲ့ သဘာဝအခြေအနေ (state of nature) မှာ နေမယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာကို တွေးခဲ့ပါတယ်။ အဲ့ဒီအခါ လူတစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်ကြ၊ မယုံသင်္ကာဖြစ်ကြပြီး အာဏာကို လုယူကြတဲ့အတွက် ဘဝဟာ အမြဲတမ်း စစ်ပွဲတွေနဲ့ ပြည့်နေမယ်လို့ ဆိုလိုခြင်း ဖြစ်သည်။)
ယင်း၏ ရလဒ် အဖြစ် တစ်စုတစ်စည်းတည်းသော မဟာမိတ်အဖွဲ့လည်း မရှိ၊ တူညီတဲ့ ရည်မှန်းချက်လည်း မရှိ၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်စိတ်ချရတဲ့ လမ်းပြမြေပုံလည်း မရှိ ဖြစ်နေသည်၊ (ယင်းသည် လက်ရှိ အနေအထားကို ၎င်းသာ မဟုတ် ပြင်ပမှ ထိုကဲ့သို့ပင် တထပ်တည်း ရှု မြင်နေကြသည်ကို သက်ဆိုင်သူများ သတိထားသင့်သည်၊ ရှက်ဖို့လည်း ကောင်းလှသည်။ ခွဲထွက်ရအောင်လည်း မည်သည့် နိုင်ငံကမျှ အသိအမှတ် ပြုမည် မဟုတ်၊ တန်းတူရည်တူလည်း ဆက်ဆံကြမည် မဟုတ်၊ ကုလ သမဂ္ဂပင် ဝင်ခွင့် ရမည် မဟုတ်)
ထို့သို့ သူတလူ ငါတမင်း ဖြစ်နေကြသည့် အတွက်လည်း တရုတ်သည် စိတ်ထင်သလို ဝင်ရောက်စွက်ဖက်လာနိုင်ခြင်း ဖြစ်သည်။ လက်နက်ကို မင်းအောင်လှိုင် နှင့် အဖွဲ့အား ရောင်းပေးနေသလို တရုတ်လုပ် လက်နက်များလည်း ဝ ကဲ့သို့ အဖွဲ့များထံ စီးဝင်လာသည်။
အိန္ဒိယသည် လည်း ၎င်း၏ အရှေ့မြောက်ဒေသ အတွက်သာ စိုးရိမ်ရကောင်းမှန်း သိနေသည်။ စစ်အုပ်စု ကို မျက်နှာသာပေးပြီး နိုင်ငံတွင်း ဝင်ရောက် တိုက်ခိုက်နေသည်။
ဝါရှင်တန်၏ မဟာဗျုဟာ သည် ထုံးစံအတိုင်း သဲသဲကွဲကွဲ မရှိလှ၊ စစ်အုပ်စု ကို ဒဏ်ခတ် ပိတ်ဆို့ထားသလို တဖက်တွင် လူ့အသက် ကို မထိခိုက်နိုင်သော အကူအညီများကို NUG အား ပံ့ပိုးပေးနေသည်၊ ထွက်ပေါ်လာသော သတင်းများအရ ချင်းမိုင်တွင် ဒေါ်လာ ၂၃၈ သန်းခန့် အကုန်အကျ ခံ ဆောက်လုပ်နေသော အမေရိကန် ကောင်စစ်ဝန် ရုံးမှ တဆင့် ထောက်လှန်းရေး နယ်ပယ် ဆန့်ထုတ်လာတော့မည် ဖြစ်သည်၊ တဖန် အာရက္ခ တပ်တော် အား ပံ့ပိုးပေးနိုင်ရန် ကောက်ဘဇား တွင် ထောက်ပို့ စခန်း ဖွင့်ရန် စီစဉ်နေသည် ဟု သိရသည်၊ အဆိုပါ သတင်း အား အမှန်ဟု ယူဆရပါက ဘင်္ဂလား ပင်လယ်အော် သို့ ဝင်ရောက်မည့် တရုတ်၏ လမ်းကြောင်းကို ဖြတ်တောက် နိုင်တော့မည် ဖြစ်သည်။
၂၀၂၁ အာဏာသိမ်းမှု ကြောင့် မြန်မာ သည် တရုတ်၏ စွမ်းအင် ဖူလုံမှု၊ အိန္ဒိယ ၏ နယ်ခြား လုံခြုံမှု၊ ရုရှား၏ လက်နက် ရောင်းချနိုင်မှု၊ အမေရိကန်၏ တရုတ် မဟာဗျူဟာ ခင်းကျင်းလာမှု အစရှိသည် တို့ အတွက် ကပြ အသုံးတော်ခံမည့် ဇာတ်စင်ကြီး ဖြစ်လာနေသည်။ မည်သူကမျှလည်း နိုင်ငံတွင်း တည်ငြိမ်မှု ရှိရေး ကို တကယ်တမ်း စိတ်ဝင်တစား မရှိကြ၊ နောက်ဆုံး မြန်မာ တိုင်းရင်းသားတို့ သာ ထိခိုက် နစ်နာကြဖို့သာ ရှိသည်။
အကယ်၍ တရုတ် ကမကထ ပြုမှု ဖြင့် ငြိမ်းချမ်းရေး ရခဲ့သည့် ဆိုစေဦး နိုင်ငံ မပြိုကွဲသော်လည်း ဘီဂျင်း၏ အစောင့်ရှောက်ခံ နိုင်ငံသဖွယ် ရပ်တည်သွားရ တော့ မည်သာ ဖြစ်သည်။
ထိုသို့ ဖြစ်လာမည်ကို သိထားကြသော အနောက်အုပ်စု အတွက် ကိုယ်ကျင့်သိက္ခာပိုင်း အရ အကျပ် ရိုက်နေရသည်။ ဘာမှ မလုပ်ဘဲ ဒီအတိုင်း ပစ်ထားမည် ဆိုက သန်းပေါင်းများစွာသော လူများအား အာဏာရှင် တို့၏ မင်းမဲ့စရိုက် နွံထဲ တွန်းပို့သလို ဖြစ်သွားမည်၊ ဝင်စွက်မည် ဆိုကလည်း လစ်ဗျား နှင့် အီရတ်လို အဖြစ်မျိုး တကျော့ပြန်လည်လာနိုင်သည်။ ကြားနေမည် ဆိုကလည်း အလိုလိုနေရင်း ကြံရာပါ ဖြစ်သွားနိုင်သည်။ ၎င်းတို့အဖို့ကား ငြိမ်းချမ်းရေး အတွက် တရုတ်က ယခုလို တိုင်းရင်းသား တော်လှန်ရေး တပ်များကို နယ်ရုပ်များ အဖွယ် အသုံးချနေခြင်းကို ချုပ်တီးပြီး အမှန်တကယ် တာဝန် ယူလာပါစေဟု ဆုတောင်းယုံသာ ရှိတော့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!