ဗြိတိသျှ လူမျိုး တွေးခေါ် ပညာရှင်ကြီး ဂျော့ခ်ျ ဘားနတ် ရှော မှ ဒီမိုကရေစီ ဆိုသည်က ကျွနုပ်တို့ နှင့် ထိုက်တန်သည့် အစိုးရမျိုး ရရှိစေရန် သေချာအောင် ပြုလုပ်ပေးသော ကိရိယာ တခုသာလျှင် ဖြစ်သည်ဟု မိန့်ဆိုခဲ့ဖူးပေသည်။
ယခု မင်းအောင်လှိုင်၏ ဒီမိုကရေစီ ရွေးကောက်ပွဲ ကား မြို့ရွာများကို မီးရှို့လုယက်၊ ဗုံးကြဲ နေမည့် အုပ်ချုပ်ရေး သမား များသာ ထွက်ပေါ်လာဖို့ ရှိနေသည်။
မိမိနိုင်ငံသား များ ကို သတ်နိုင် ဖြတ်နိုင်၊ ဖမ်းဆီးနှိပ်စက် နိုင်မှ သာ အာဏာ တည်မြဲမည့် အစိုးရမျိုး ကို လက်ကမ်းရန် အောင့်အီး စောင့်ဆိုင်းနေသည့် ကိုယ်ကျင့်တရား ကင်းမဲ့နေ သော အစိုးရ ခေါင်းဆောင်များ ရှိနေကြသည်မှာ လွန်စွာ အံ့ဩ ဖို့ကောင်းလှပေသည်။
၎င်းတို့အဖို့ကား ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတ မှု ရှိသည် မရှိသည်က အရေးမကြီး၊ မျက်နှာသစ် ဖြစ်လာလျင်ပင် အခြေအနေကို ထိန်းနိုင်လိမ့်မည် တွက်ဆနေကြသည်။
မင်းအောင်လှိုင်သည် ရှီကျင့်ပင် ကဲ့သို့ပင် စစ်တပ်ကို ဆက်၍ ထိန်းထားနိုင်ရန် နိုင်ငံတော် လုံခြုံရေး နှင့် ငြိမ်းချမ်းရေး ကော်််မရှင် (ခြုံငြိမ်း) ဥက္ကဌ ရာထူး နှင့် ၎င်း အတောင့်တ ဆုံး သမ္မတ ရာထူးများ ပါ စွဲကိုင်သွားတော့မည်ဟု သတင်းများ ထွက်ပေါ်နေပြီ ဖြစ်သည်။
လက်ရှိတွင် စစ်အုပ်ချုပ်ရေး ကို ဖျက်သိမ်းသည် ဆိုသော်လည်း မျက်နှာဖုံး အသစ် တပ်ပြီး ရုပ်ဖျက်လာခြင်း ဖြစ်သည်ဟု ဒေးဗစ် စကော့ မေသီဆန်က ဂျာမန် သတင်းဌာန DW သို့ ပြောပြခဲ့သည်။
ရွေးကောက်ပွဲ လုပ်ခြင်းဖြင့် ၎င်းတို့အား တိုက်ခိုက်နေသည့် လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေး အဖွဲ့အစည်း များ အကြား အကွဲအပြဲများ ဖြစ်လာကာ စစ်ပွဲ အရှိန် လျော့ကျသွားမည်ဟု မျှော်လင့်နေ၍ အကျိုးမယုတ်တန်ဟု ကြိတ်၍ ယူဆနေကြသည်ဟု ဆိုသည်။ တကယ်တမ်း ၎င်းတို့ ပြောသလို နိုင်ငံကို စည်းလုံး ညီညွတ်စေမည် မဟုတ်ဘဲ ပို၍ ကွဲပြားအောင် ရည်ရွယ် ခဲ့ကြခြင်းသာ ဖြစ်သည်။
သို့သော် အားလုံးက ရွေးကောက်ပွဲ အပေါ် ၎င်းတို့ ထင်သလို သဘောမကွဲဘဲ ပိတ်ဆို့ ဆန့်ကျင်သွားမည်ဟု တညီတညွတ် တည်း ပြောဆိုလာကြသည်။
၎င်းတို့အား ပုံစံ တမျိုးမျိုး နှင့် အသိအမှတ် ပြုလာမှသာ နိုင်ငံတကာ ရင်းနှီး မြုပ်နှံမှု များ ရကောင်း ရလာနိုင်သည်၊ ဤသည်ကလည်း မဖြစ်နိုင် လောက်ဟု ဆိုရ လောက်အောင် ခက်ခဲ နေသည်။ လက်ရှိ တွင် အထည်အလိပ်လုပ်ငန်းများ ထွက်ခွာနေမှု၊ ဓါတ်ငွေ့တွင်းများ ခမ်းခြောက်လာနေမှု များကြောင့် စီးပွားရေးသည် လက်တွေ့တွင် ပြိုလဲနေပြီ ဖြစ်သည်ဟု လန်ဒန် အခြေစိုက် Economist Intelligence Unit မှ တရုတ်၊ မြန်မာ သုတေသီ ချင်လီး က ထောက်ပြခဲ့သည်။
လူထု တရပ်လုံး ဆင်းရဲမွဲတေလာသော အဖြစ်ကိုလည်း စစ်တပ်သည် ဂရုစိုက်ခြင်း မရှိ၊ တကယ်တမ်းပြောရလျှင် လုံးဝကို ဂရုမစိုက် ဟု ဆိုရမည်ဖြစ်သည်။ ၎င်းတို့ အဖို့က ဒီမိုကရေစီ အတွက် တိုက်ပွဲ ဝင်နေသူများကို မြေလှန်စနစ် ဖြင့် အမြစ်ပြတ် ချေမှုန်းနိုင်ရေး ကိုသာ အာရုံစိုက်နေကြသည်။
လူထုက တင်မြှောက်ထား၍ တိုင်းပြည်အား အုပ်ချုပ်နေသော အရပ်သား အစိုးရကို ဖြုတ်ချအာဏာသိမ်း ပြီး ဒီမိုကရေစီ အား အကြောင်းမဲ့ ဖျက်လို ဖျက်စီး လုပ်ခဲ့ကြသည်။
တိုင်းပြည် စီးပွားရေးလည်း ဗုံးဗုံးလဲကျ သွားခဲ့ရသည်။ ထိုသို့ ဖြစ်အောင် ကျူးလွန်ခဲ့ကြသည့် လက်သည် တရားခံကား မည်သူလဲ ဆိုသည်ကို သိသိကြီး နှင့် မိမိတို့ အနေအစား ချောင်လျှင် ပြီးရော ဆိုကာ မျက်နှာလို မျက်နှာရ လုပ်နေသူများကိုလည်း အတော်အံ့ဩမိသည်။
ဝ များလည်း ယခုအခါ တရုတ်မှ နည်းလမ်းမျိုးစုံ နှင့် အနှစ် လေးဆယ် အတွင်း အကြီးမားဆုံး ဖိအားပေးခံနေရပြီး ငွေကြေးအရလည်း များစွာ ဆုံးရှုံးနေသည်၊ လူပုဂ္ဂိုလ်များလည်း ထိန်းသိမ်းခံထားရသည်။ စီးပွားရေး ပိတ်ဆို့မှုများလည်း ပြုလုပ်ခံနေရ၍ အတော်ကို အကျပ်အတည်း နှင့် ရင်ဆိုင်နေကြရ၍ နည်းလမ်းရှာ နေကြသည်ဟု ယုံကြည်ရသော သတင်းအရင်းအမြစ်များက ဆိုသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!