နှစ်ယောက်စလုံး က ဗိုလ်ချုပ်ကြီး စကား အဆုံး တွင် ကျွန်တော်ဆီက အတည်ပြုချက်ကို တောင်းခံသည့် အလား ကျွန်တော့်ဖက် လှည့်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ကျွန်တော့် ဝမ်းတွင်းရှိ ကလီစာများ သည် နာရီလက်တံ ပြောင်းပြန် အတိုင်း လည်ပတ်နေပြီ ဖြစ်သော်လည်း မျက်နှာ အမူအယာ မပျက်အောင် ထိန်းနေရသည်။
ဗိုလ်ချုပ်ကြီးက ဒလျို ဘယ်သူဘယ်ဝါ ဖြစ်သည်ကို နာမည် တပ် ပြောလာသည့် အခါမှ သူ စွပ်စွဲသူသည် အရက်မူးသမား ဗိုလ်မှုး ဖြစ်နေသည်။ ထိုအခါတွင်တော့ ကျမှ ကလီစာများလည်း နာရီ လက်တံ အတိုင်း ပြန်လည်ပတ်သွားခဲ့သည်။ အဲ့ဒီလူကိုတော့ ကျွန်တော် မသိဘူးဗျ ဟု ကလော့ဒ်က ပြောသည်။
ခင်ဗျား သိရလောက်အောင်လည်း အရေးပါတဲ့ လူမဟုတ်ဘူး၊ သူ ဒီကို ပါလာတာကလည်း ဟော့ဒီက ခင်ဗျား မိတ် ဆွေ ကြီး ခေါ်လာခဲ့လို့ပဲ။
ဟာ...ဗိုလ်ချုပ်ကြီး မေ့သွားပြီ ထင်တယ်။
ငါ မေ့တာ မမေ့တာ အရေးမကြီးတော့ပါဘူး၊ အခု က ငါလည်း ပင်ပန်းနေပြီ၊ မောင်ရင့်ကို အဲ့ဒီလို ရွေးရမယ့် အလုပ် ပေးခဲ့တာကိုက ငါ့အမှား ဖြစ်နေပြီ၊ မောင်ရင့်ကို ငါ အပြစ်မတင်ပါဘူး၊ ငါ့ကိုယ်ငါ ပဲ အပြစ်တင်တယ်။ အဲ့တာတွေ ထားလိုက်တော့၊ အခု မှားခဲ့တာကို ပြန်ပြင်ရမယ့် အချိန်ရောက်ပြီ။
အဲ့ဒီလူကို ဒလျို လို့ ဘာကြောင့် ထင်ရတာလဲ။
နံပတ်တစ် အချက်က သူဟာ တရုတ် ဖြစ်နေလို့ပဲ၊ နံပတ် နှစ်က ဆိုင်ဂုံက ကျုပ် အဆက်အသွယ်တွေ အပြောအရ ကျန်ခဲ့တဲ့ သူ့မိသားစုက အတော်ကို အဆင်ပြေနေကြတယ်လို့ သိရတယ်။ နံပတ် သုံး အချက်က ဒီကောင် က ဝ တယ်၊ ကျုပ်က ဝ တဲ့ လူဆို မကြိုက်ဘူး။
သူက တရုတ် ဖြစ်ယုံ နဲ့တော့ စပိုင်လို တော့ ပြောလို့ မရဘူး ဗိုလ်ချုပ်ကြီး။
ဟုတ်ပါတယ်၊ ကျုပ်က လူမျိုးရေး ခွဲခြားချင်တဲ့ စိတ် နဲ့ ပြောတာ မဟုတ်ပါဘူးလေ၊ ကျုပ် လူတွေ အားလုံးကို တန်းတူရည်တူပဲ ဆက်ဆံခဲ့တာ၊ သူတို့ ဘာတွေပဲ ဖြစ်နေနေ၊ အခု ဒီ ပုဂ္ဂိုလ် လေး ကို ပဲ ကြည့်လေ။ ဒါပေမယ့် အခု ဒီဗိုလ်မှုးရဲ့ မိသားစုက ဆိုင်းဂုံမှ အတော်ကို ပြေလည် နေကြတာကိုက သံသယ ဖြစ်စရာ ကောင်းနေတယ်၊ သူတို့ ဘယ်သူဆီက ရလို့ ချမ်းသာ သွားကြတာလဲ၊ ကွန်မြူနစ်တွေက ကျုပ်တို့ အရာရှိတွေ၊ သူတို့ မိသားစုတွေ ပါ မကျန် အကုန်သိထားကြတယ်၊ အဲ့ဒီမှာ ကျန်ခဲ့တဲ့ ဘယ်အရာရှိရဲ့ မိသားစု မှ အဆင်မပြေကြဘူး၊ ဘာကြောင့် သူ့မိသားစုပဲ ကွက်ပြီး အဆင်ပြေနေကြတာလဲ။
အခု ပြောနေတာတွေက လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ အထောက်အထား မျိုးတွေ ဖြစ်နေတယ် ဗိုလ်ချုပ်ကြီး။
ခင်ဗျား အရင်တုံးကကော လက်ဆုပ်လက်ကိုင် မပြနိုင်ဘူး ဆိုပြီး ရပ်သွားခဲ့ဖူးလို့လား ကလော့ဒ်။
ဒီမှာ အခြေအနေတွေ မတူတော့ဘူးလေ၊ အားလုံးက ဥပဒေ အတိုင်း လုပ်ကြရမှာ။ ဒါပေမယ့် ကွေးအောင် လုပ်လို့တော့ ရနိုင်ပါသေးတယ်။
ကွေးအောင်တွင် မကဘူး၊ ဘယ်လို လုပ်ရမယ် ဆိုတာ သိရင် ချိုးပစ်လို့တောင် ရတယ် မဟုတ်လား။
ကျွန်တော် သိလိုက်ရသည် များကို ဆန်းစစ်လိုက်သည့်အခါ ပထမဆုံး အချက် အဖြစ် အရေးပါသည့် အောင်မြင်မှု တခု ကို မတော်တဆ ရလိုက်သော်လည်း အပြစ်မရှိသူ တဦးကို အပြစ်ပုံချ လိုက်သလို ဖြစ်သွားရသည့် အတွက် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ ဒုတိယ အချက် အဖြစ် ဆိုင်ဂုံတွင် ဗိုလ်ချုပ်ကြီး၏ အဆက်အသွယ် များ ရှိနေပုံ ထောက်လျှင် တော်လှန်မှု များ ရှိနေဆဲဟု ယူဆရသည်။ တတိယ အချက် အဖြစ် ဗိုလ်ချုပ်ကြီးသည် တိုက်ရိုက်ဆက်သွယ်၍ မရသော်လည်း သူ့လူများ နှင့် တနည်းမဟုတ် တနည်း အဆက်အသွယ် ရှိနေသည်။ စတုတ္ထ အချက် အဖြစ် ဗိုလ်ချုပ်ကြီးသည် ယခင် ပုံစံ အတိုင်း ပြန်ဖြစ်လာနေသည်။ အမြဲလို အကြံအစည် တခု ရှိနေသည်။ သူ့ အင်္ကျီ အိပ်ကပ် တိုင်းတွင် အစီအစဉ် တခု ရှိနေယုံမက ခြေအိပ်ထဲတွင်ပါ နောက်တခု ကို ဖွက်ထားတတ်သူ ဖြစ်သည်။
ဗိုလ်ချုပ်ကြီးသည် ပတ်ဝန်းကျင်ကို လက်ဝှေ့ရမ်းပြလိုက်က ခင်ဗျားတို့ ကျွန်တော်ကို အသေးစား စီးပွားရေး လုပ်ငန်း ရှင် တယောက်လို ထင်နေကြလား၊ ကျုပ်က အမူးသမားတွေ၊ လူမည်းတွေ၊ မက္ကဆီကန်တွေ၊ အိမ်မဲ့ယာမဲ့တွေ၊ ဆေးသမားတွေကို အရက် ရောင်းရတာ ပျော်နေမယ့် လူမျိုးလား၊ ကျုပ် ခင်ဗျား တို့ကို တခု ပြောထားမယ်၊ ကျုပ်အခု အချိန်ကောင်းကို စောင့်နေတယ် ဆိုထားပဲ၊ အခု စစ်ပွဲ က မပြီးသေးဘူး၊ အခု ကွန်မြူနစ် မိမဆုံးမ ဖမဆုံးမ ကောင်တွေက ကျုပ်တို့ကို အကြီးအကျယ် ထိခိုက် အောင် လုပ်ပြနိုင်ခဲ့တာ မှန်တယ်၊ ဒါပေမယ့် ကျုပ်က ကျုပ်လူတွေ၊ ကျုပ်စစ်သားတွေ ဘာလဲဆိုတာ သိထားတယ်၊ သူတို့ ခုထိ အလျော့မပေးကြသေးဘူး၊ အခွင့်အရေး ရမယ် ဆိုရင် သူတို့အားလုံး တိုက်ရင်းနဲ့ သေရတာကို ပဲ လိုလားနေကြတယ်၊ ကျုပ် အတွက် လိုအပ်နေတာ အဲ့သည်လိုမျိုး စိတ်ဓါတ်ပဲ ကလော့ဒ်၊ အခွင့်အရေး လေး တခု လောက် ထွက်လာဖို့ပဲ။
ဘရာဗို ပါ ဗိုလ်ချုပ်ကြီး၊ ခင်ဗျား အခုလို အကြာကြီး ငြိမ်နေမယ့် လူမျိုး မဟုတ်ဘူး ဆိုတာ ကျွန်တော် သိနေတယ်လေ။
ကျွန်တော်လည်း ဗိုလ်ချုပ်ကြီးဖက်က ရှိနေပါမယ် ဟု နောက်ဆုံးတွင် ပြောလိုက်ရသည်။
ကြိုက်ပြီ၊ ဗိုလ်မှုးကို မောင်ရင် ရွေးခဲ့တာ ဆိုတော့ မောင်ရင့် အမှားကို မောင့်ရင်ပဲ အမှန်ပြန်လုပ်ပေးရလိမ့်မယ် ဆိုတာကော သဘောတူရဲ့လား။ မောင်ရင် သဘောတူမှာပါ၊ တယောက်တည်းလည်း လုပ်စရာ မလိုပါဘူး၊ ဒီ ဗိုလ်မှုးရဲ့ ကိစ္စကို ဘွန် နဲ့လည်း ဆွေးနွေးပြီးပြီ၊ မောင်ရင် တို့ နှစ်ယောက် အတူ တွဲပြီး ဒီကိစ္စကို ရှင်းပေတော့၊ ဘယ်လို ဖြေရှင်းရမယ် ဆိုတာတော့ မောင်ရင်ရဲ့ မဆုံးနိုင်အောင် ရှိနေတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ကျွမ်းကျင်မှု ကို ပေါင်းစပ်ပြီးသာ လုပ်ပေတော့၊
မောင်ရင်က ဒီ ဗိုလ်မှုးကို ခေါ်လာဖို့ ရွေးခဲ့တာက လွဲလို့ ငါ့ကို စိတ်ပျက်သွားအောင် တခါမှ မလုပ်ခဲ့ဖူးဘူး။ အခု မောင်ရင် အမှားကို ပြန်အဖတ်ဆယ်ရမယ့် အချိန်ရောက်ပြီ၊ နားလည်တယ် မဟုတ်လား။ ကောင်းပြီ၊ ဒါဆို မောင်ရင် ပြန်တော့၊ ငါလည်း ကလော့ဒ် နဲ့ လုပ်ငန်းကိစ္စဆွေးနွေးဖို့ ရှိသေးတယ်။