ယခုတလော ဒီမောဆို ကို စစ်တပ်က ပြန်လည် ထိန်းချုပ် နိုင်ပြီ၊ မိုးကုတ် ကို ချီတက်လာနေပြီ ဆိုသော သတင်းများကြောင့် လူထု အတွင်း တော်လှန်ရေး ၏ လားရာ အပေါ် သို့လော သို့လော အတွေး များ ပေါ်လာနေကြသည်က အမှန်ပင် ဖြစ်သည်။
ပြည်သူ့ကာကွယ် ရေး တပ်များ သည် ထိုးစစ် မှ ခံစစ် အသွင်သို့ ကူးပြောင်းနေရပြီလော ဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့ရသည်။
သို့သော် ခေတ်မီ လက်နက်များ တပ်ဆင်ထားသော တပ်ရင်းကြီး ငါးရင်း မက ရှိလာနေသော မန္တလေး PDF တပ်များက တော့ ထိုသို့ ယူဆကြမည် မဟုတ်ပေ။
စစ်အုပ်စုသည် ၎င်းတို့တွင် ရှိသည့် နောက်ဆုံး အား ကို ဖျစ်ညှစ် ထုတ်နေရခြင်းသာ ဖြစ်သည်၊ ထိုသို့သော အချိန်တွင် လူထုကို စိတ်အား တက်ကြွစေမည့် မြို့သိမ်း တိုက်ပွဲ များ ထက် ရန်သူတပ်များ အမှန်တကယ် စိတ်ဓါတ်ပြိုလဲသွားစေမည့် ၎င်းတို့၏ အမာခံ စခန်းများကို တခုပြီး တခု ဖြိုဖျက်နိုင်ရန်သာ ပစ်မှတ် ထားလာကြသည်။
ရန်သူသည် ၎င်းတို့ အထက်လူကြီးများ သဘောကျ စေရန်၊ ရွေးကောက်ပွဲ လုပ်နိုင်ရန် မြို့များ ကို ပြန်လည် သိမ်းယူ နိုင်ရေး ဆိုသည့် ရည်မှန်းချက်ကို အင်အား စုပြုံသုံးကာ ထိုးစစ် ဆင်လာနေခြင်းကို ထိတ်တိုက် ခုခံ တွန်းလှန်နေမည့် အစား ၎င်းတို့၏ ပျော့ကွက်များ ကို ကောက်သင်းကောက် တိုက်ယူပြီး နောက်ဆုံး ရည်မှန်းချက်ကို အကောင်အထည် ဖေါ်နေခြင်းသာ ဖြစ်သည်။
အနီးစပ်ဆုံး ဥပမာ အဖြစ် ကရင်တော်လှန်ရေး တပ်များ၏ ဖေါ်ဆောင်လာသော တိုက်ပွဲ များကို ကြည့်မည် ဆိုက အထင်အရှား မြင်တွေ့ရမည် ဖြစ်သည်၊ မည်သည့် မြို့ရွာကိုမျှ သိမ်းယူခြင်း မရှိပါပဲလျက် ထိုင်း-မြန်မာ နယ်စပ်တလျောက်ရှိ စခန်းအားလုံး နီးပါးကို သိမ်းယူ နိုင်လိုက်သည့် အတွက် စစ်အုပ်စုသည် အထိတ်တလန့် ဖြစ်လာကာ မြဝတီ ကုန်သွယ်ရေး လမ်းကြောင်းကြီး ကို ကမန်းကတမ်း ပိတ်ပစ်လိုက်ရသည့် အထိ တုန်လှုပ်သွားခဲ့ရသည်။
ထိုင်းဖက်ကိုလည်း တစုံတရာမျှ ကြိုတင် အကြောင်းကြားထားခြင်း မရှိပဲ ပိတ်လိုက်သည့် အတွက် ထိုင်းဖက်တွင် ကုန်ကားများ တန်းစီသွားပြီး ထိုင်း ကုန်သည်ကြီးများ အသင်းပင် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ရသည် အထိ ဖြစ်လာနေသည်။
လူထု အဖို့ "ငါတို့တွင် ငါတို့ပဲရှိတယ်” ဆိုသော ထုံး နှလုံးမူကာ အဆုံးသတ်တွင် အောင်ပွဲခံနိုင်ရမည် ဆိုသည့် ယုံကြည်ချက်များ ခိုင်မာသည်ထက် ခိုင်မာလာနေပြီ ဖြစ်သည်။
ထိုယုံကြည်ချက်များကို မင်းအောင်လှိုင် အဖို့ တိုက်လေယာဉ်များ၊ လက်နက်ကြီးများ၊ ရွာမီးရှို့ခြင်းတို့ ဖြင့် မည်သို့များ ရိုက်ချိုး ချေဖျက် နိုင်ပေဦးမည်နည်း။ ထိုသို့ လုပ်လေ ၎င်းတို့ လက်အောက်မှ လွတ်မြောက်မှ ဖြစ်မည် ဆိုသော ယုံကြည်ချက် များ ပို၍ ခိုင်မာလာနေသည်မှာလည်း သဘာဝ ကျပေသည်။
ယခုအခါ စစ်ပွဲသည် ရန်သူ၏ အစွမ်းအစ အမြင့်ဆုံး culminating point ကို ရောက်ရှိလာနေပြီဟု ဆောင်းပါးရှင် ဒေးဗစ် စကော့ မေသီဆန်က မြန်မာ နောင်းတွင် ရေးသားလာခဲ့သည်။
၎င်း၏ ဆိုလိုရင်းမှာ စစ်အုပ်စုသည် နောက်ဆုံးပေါ် ဒရုန်းများ၊ တိုက်လေယာဉ် များ၊ အသေခံပေးရမည့် လူငယ်လေးများ အစွမ်းကုန် ထုတ်သုံးလာ၍ လေးနှစ် သက်တမ်း အတွင်း ပထမ ဆုံး အကြိမ် အဖြစ် အအောင်မြင်ဆုံး အနေအထားကို ရောက်ရှိလာသည်။ သို့သော် နောက်ပိုင်း အရှိန်ကျသွားသည့် အခါတွင် တော့ အင်အားချိနဲ့လာခြင်း၊ လက်နက် ခဲယမ်း များ ကုန်ခမ်းလာခြင်း၊ ထောက်ပံ့ရေး လမ်းကြောင်းများ ရှည်လျားလာပြီး တိုက်ပွဲ ဆက်ဆင်နွှဲဖို့ အခက်အခဲများ ရင်ဆိုင်လာရတော့မည် ဟူ၍ ဖြစ်သည်။
ထိုအချက်ကို ၁၈၃၂ ဂျာမန် စစ်ရေး မဟာဗျူဟာ ပညာရှင်ကြီး ကားလ် ဗွန် ကလော့ဝဇ် ၏ အဆိုအားလည်း ကိုးကား တင်ပြသွားခဲ့သည်။
စစ်ပညာရှင် Carl von Clausewitz က ထို အယူအဆကို စတင်အသုံးပြုခဲ့သည်၊ ၎င်း၏ culminating point သီအိုရီ အရ တိုက်ခိုက်နေသည့် တပ်များ အဖို့ ဘယ်အချိန်မှာ ရပ်တန့်ပြီး နောက်ပြန်ဆုတ်ရမည် (သို့) ခုခံကာကွယ်ရေးကို ပြောင်းလဲရမည် ဆိုသည်ကို ဆုံးဖြတ်ရတော့မည့် အချက်အချာနေရာတစ်ခုလည်း ဖြစ်သည်။
ဥပမာအားဖြင့်- ရန်သူ့နယ်မြေထဲသို့ အောင်ပွဲခံပြီး အဝေးကြီး ထိုးဖောက်ဝင်ရောက်သွားသည့် အခါ၊ စစ်မျက်နှာပြင်က ရှည်လျားလာပြီး ထောက်ပံ့ရေးလမ်းကြောင်းက မလိုက်နိုင် ဖြစ်လာသည်။
တပ်သားများသည် ရန်သူကို အနိုင်ရ သော်လည်းပင်ပန်းနွမ်းနယ်လာပြီး အကျအဆုံး များလာနိုင်သည်။ တိုက်ပွဲတွင် စစ်ရေးအရ အောင်မြင်မှုသည် တဖက်တွင် ရန်သူ အဖို့ နိုင်ငံရေးအရ ဆုံးရှုံး မှုဖြစ်လာနိုင်သည်။ ၎င်းတို့အဖို့ စစ်ဆင်ရေး လုပ်မည့် နေရာတိုင်းကို ဖြတ်လေးဖြတ် လုပ်လာ လေလေ လူထု ၏ မုန်းတီး ရွံရှာ ခံရလေလေ ပင် ဖြစ်သည်။
အချုပ်အားဖြင့် Culminating Point ဆိုသည်က တပ်တစ်တပ်၏ အအောင်မြင်ဆုံးအချိန်ဖြစ် သော်လည်း ၊ တစ်ချိန်တည်းမှာပင် ရှေ့ကို ဆက်တိုက်ခိုက်ဖို့အတွက် အင်အား ပြုန်းတီး ပျက်စီးသွားပြီး နောက်ပြန်ဆုတ်ရတော့မည့် အချိန်ရောက်ပြီဆိုသည့် အနေအထား ပင် ဖြစ်သည်။
နိုင်ငံတကာ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများက ၎င်းတို့၏ ရွေးကောက်ပွဲအား စောင့်ကြည့် နေကြမှန်း သိ၍ ရန်သူ သည် ဝါဒ ဖြန့်လို ဇော အားကြီးဖြင့် နောက်ဆုံးညှစ်အား အဖြစ် မီးကုန်ယမ်းကုန် တိုက်ခိုက်လာနေချိန်တွင် ၎င်းတို့ထက် အသိလိမ္မာ တရားဖက်တွင် အဆမတန် သာနေသည့် ပြည်သူ့ တော်လှန်ရေး အဖွဲ့ အနေဖြင့် ပါးပါးနပ်နပ် ဖြင့် ထို အနေအထားကို တောင့်ခံ နိုင်ဖို့သာ လိုအပ်ပေသည်။
လက်ရှိ နောင်ချို၊ သပိတ်ကျင်း၊ မိုးဗြဲ၊ ဒီမောဆိုး ကို သိမ်းပိုက်နိုင်သည့် အတွက် မင်းအောင်လှိုင် တဦးသာ အားတက်ဖွယ် ဖြစ်သော်လည်း အနီးအနား ဒေသများကို မကပ်နိုင် ဖြစ်နေ၍ မဟာဗျူဟာ အရ မည်သိုမျှ အရေးမပါလှ။ မြို့များ သိမ်းပိုက် နိုင်လာ၍ မင်းအောင်လှိုင် အဖို့ မြူများ ကင်းစင်သာယာလာပြီဟု ပြော၍ မရ။
ယင်းကို ဆီရီယား တွင် မည်မျှပင် လေကြောင်း မှ အသာစီး ရနေ စေကာ မူ အာဆတ် ထွက်ပြေးသွားရခြင်းကို ကြည့်မည် ဆိုလျင် မြေပြင် တပ်များသည်သာ အပြီးသတ်အဆုံးအဖြတ် ပေးနိုင်သည် ဆိုသည်က လွန်စွာ ထင်ရှားသော သက်သေ ပင် ဖြစ်သည်။
မင်းအောင်လှိုင်သည် လက်ရှိ ပြည်သူတို့ ဆင်နွှဲနေသော စစ်ကို မနိုင် မှန်း သိနေလျက်နှင့် နေပြည်တော်တွင် နေ နေရသရွေ့ ပေ တိုက် နေခြင်းသာ ဖြစ်သည်။ မင်းအောင်လှိုင် အဖို့က ဒရုန်းများ၊ တိုက်လေယာဉ်များကို ပြည်သူ့ ဘဏ္ဍာငွေများဖြင့် ဝယ်ယူ နိုင်သည် ဆိုစေဦး၊ သေလျင် မြေကြီး၊ ရှင်လျင် ဆက်တိုက် ဆိုသကဲ့ သို့ ဖြစ်လာနေ၍ ကျဆင်းလာနေသော တပ်သားများ၏ စိတ်ဓါတ်ကို တော့ ငွေ နှင့် အဖတ်ဆယ်၍ ရမည် မဟုတ်ပေ။
ယခု စစ်ပွဲသည် တောင့်ခံနိုင်လေ အောင်ပွဲရလေ ဆိုသည့် Only those who endure will be the last one standing. မျိုး ဖြစ်လာနေသည်။
(ပုံတွင် အတင်းအဓမ္မ ရှေ့တန်း ပို့ခံနေရသော လူငယ် ကလေးများကို တွေ့နိုင်သည်။)
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!