အာဏာရှင် စနစ်မှ ထုတ်နှုတ်ယူရမည့် သင်ခန်းစာ နှစ်ဆယ် (၁၄)

by Hla Soewai - Aug 21 2025

အမေရိကန် သမိုင်းပညာရှင် တီမိုသီ ဂျွန် စနိုက်ဒါ ရေးသည်။

 

14. ESTABLISH PRIVATE LIFE 

 

အကျင့်ယုတ်သည့် အုပ်ချုပ်သူများသည် သင့်‌အား ဖိအားပေး ချယ်လှယ်နိုင်ရန် သင့်အကြောင်း ၎င်းတို့ သိထားသမျှ ကို အသုံးချ ကြပေလိမ့်မည်။ သင်၏ ကွန်ပြူတာ ကို အချက်အလက်တွေ ခိုးယူနိုင်အောင် ထည့်သွင်းထားသည့် malware ခေါ် ပရိုဂရမ် များ ထည့်သွင်း ခံရခြင်း ရှိမရှိ ပုံမှန်လို စစ်ဆေးရမည် ဖြစ်သည်။

 

အီးမေးလ် ဆိုသည် ကောင်းကင်တွင် ရေးသည့် စာလို လူတိုင်း မော့ကြည် ၍ ရသည်ဆိုသည်ကို သတိရပါ၊ အင်တာနက်ကို အခြား ပုံစံ တမျိုးမျိုး သုံးရန် စဉ်းစားပါ၊ သို့်မဟုတ်ကလည်း တတ်နိုင်သမျှ လျှော့သုံးပါ။ ကိုယ်တိုင် ကိုယ်ကျ တွေ့ဆုံ စကား ပြောနိုင်အောင် စီစဉ်ပါ။ 

 

ထိုသို့သော အကြောင်းများ ရှိနေ၍ ဥပ‌ဒေ နှင့် ပတ်သက်မှု များ ရှိလာက ဖြေရှင်းပါ၊ အာဏာရှင် မှန်သမျှ သည် သင့် ၏ အားနည်းချက်၊ လျို့ဝှက်ချက်၊ အမှားတခုခု ကို ၎င်းတို့ အသုံးချ နိုင်မည့် ဖိအားတခုခု ရဖို့ အမြဲလို ရှာနေတတ်သည်။

 

နိုင်ငံရေး သုခမိန် အမျိုးသမီးကြီး ဟဲနာ အဲရန့် ရေးသားသည့် Totalitarianism အကြွင်းမဲ့ အာဏာရှင် ဝါဒသည် ဘုန်းတန်ခိုး အာဏာ လျမ်းလျမ်း တောက်နေသည့် နိုင်ငံတခု ဟု မဆိုလိုဘဲ လူတဦးတယောက်၏ ကိုယ်ပိုင် ဘဝ နှင့် အများ နှင့် ဆိုင်သော ဘဝ အကြား ကွာခြားမှု ကို ပယ်ဖျက်ပေးလိုက်ခြင်းဟု ဆိုသည်။ လူတစ်ဦးချင်းစီသည် အစိုးရ၏ အလိုကျ ဆောင်ရွက်ရသည့် စက်ပစ္စည်းတစ်ခုလို ဖြစ်သွားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

 

လူများသည် ကျွနုပ်တို့ အကြောင်းကို ဘာတွေ သိထားသလဲ၊ ဘယ်လို အခြေအနေမျိုးတွင် သိလာကြသလဲ ဆိုသည်ကို ထိန်းချုပ် နိုင်စွမ်း ရှိနေသရွေ့ ကျွနုပ်တို့သည် လွတ်လပ်မှု ရှိနေမည်သာ ဖြစ်သည်။

 

၂၀၁၆ အမေရိကန် ‌သမ္မတ မဲဆွယ်ပွဲ အတွင်း အီလက်ထရောနစ် ကိုယ်ရေးကိုယ်တာ များ ချိုးဖောက်ခဲ့မှု ကို ပုံမှန် ကိစ္စ သဖွယ် လက်ခံလိုက်ခြင်းဖြင့် ကျွနုပ်တို့သည် အကြွင်းမဲ့ အာဏာရှင် ဝါဒ ဆီ ခြေတလှမ်း လှမ်းလာခဲ့ကြသည်။ ထိုကိစ္စအား ကျုးလွန်ခဲ့ကြသူများသည် အမေရိကန် သို့မဟုတ် ရုရှား ထောက်လှမ်းရေး၊ သို့တည်းမဟုတ် အခြား အဖွဲ့အစည်း တခုက ဖြစ်နေစေကာမူ ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုများကို ခိုးယူခြင်း၊ ဆွေး‌နွေးကြခြင်း၊ ပုံနှိပ်ထုတ်ဝေခဲ့ခြင်းများသည် ကျွနုပ်တို့ အခွင့်အရေး များ ဆိုင်ရာ အခြေခံ အုတ်မြစ်ကို ချိုးဖောက် ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်သည်။

 

မည်သူက ဖတ်သည်၊ ဘာကို ဖတ်သည်၊ ဘယ်အချိန်တွင် ဖတ်သည် ဆိုသည် အပေါ် ထိန်းချုပ်နိုင်ခြင်း မရှိခဲ့လျင် လက်ရှိ နှင့် အနာဂတ် အတွက် အစီအစဉ်များ ချမှတ် ဆောင်ရွက်နိုင်စွမ်း ရှိကြတော့မည် မဟုတ်ပေ။ သင်၏ ကိုယ်ရေး ကိုယ်တာ ကိစ္စများကို ထိုးဖောက်လာသူ မှန်သမျှသည် သင့်အား အရှက်တကွဲ ဖြစ်စေရန် နှင့် သင်၏ ဆက်ဆံရေးများကို စိတ်ရှိသလို ပျက်ပြားအောင် ကြံစည် နေခြင်းသာ ဖြစ်သည်။ ရန်လိုသည့် ညွှန်ကြားချက်များဖြင့် အများပြည်သူ သိအောင် ဖေါ်ထုတ်ခံရမည် ဆိုလျင် (အာဏာရှင်မှ လွဲ၍) မည်သူတဦးတယောက်၏ ပုဂ္ဂလိက ဘဝ မျှ ရှင်သန် နိုင်မည် မဟုတ်ပေ။

 

၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း အချိန်ကိုက် ဖေါက်ခွဲလိုက်သော အီးမေး ဗုံးသည် ရည်ရွယ်ချက် ရှိရှိ လိမ်လည် ဖြန့်ဝေလိုက်သည့် လွန်စွာ အားပြင်းလှသည့် သတင်းအမှားသာ ဖြစ်သည်။ အခြေအနေ တခု ‌တွင် ရေးသားထားသည့် စကားလုံးများသည် ဆက်စပ်စဉ်းစားနိုင်မှသာ အဓိပ္ပါယ် ရှိမည် ဖြစ်သည်။ သမိုင်းကြောင်းအရ ဖြစ်ပျက်ခဲ့သည့် အချိန်ကာလ တခုမှ ‌ဆွဲထုတ်ပြီး အခြား အချိန်ကာလ တခုခု ထဲ ထည့်လိုက်ခြင်းသည် လိမ်လည်လှည့်ဖြားသည့် လုပ်ရပ်ပင် ဖြစ်သည်။

 

ပို၍ ဆိုးသွားစေသည်က မီဒီယာများသည် အ‌ဆိုပါ အီးမေး ဗုံးများအား သတင်းအဖြစ် မှတ်ယူပြီး ကောက်ကောက် ပါအောင် လိုက်လာခဲ့ကြခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့၏ တာဝန်ကို သစ္စာဖေါက် ခဲ့ကြသည်။ သတင်းသမား မဆိုသလောက်သာ ထိုအချိန်က အဘယ်ကြောင့် ပြောခဲ့သည် ရေးခဲ့သည် ဆိုသည်ကို ရှင်းပြ ပေးခဲ့ကြသည်။

 

မီဒီယာ များသည် ကိုယ်ရေး ကိုယ်တာ အချက်အလက်များ ချိုးဖောက်ခံခဲ့ရမှုကို သတင်း အဖြစ် ရေးသား ထုတ်လွှင့်ခဲ့ကြ ခြင်း ဖြင့် ထိုအချိန်က အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များမှ လမ်းလွှဲ ခံခဲ့ကြရသည်။

 

ကျွနုပ်တို့၏ လျို့ဝှက်ချက် ကို သိလိုကြသည့် အာသီသ ရှိနေကြခြင်းသည် အန္တရာယ် များလှစွာ နိုင်ငံရေး နှင့် နှီးနွယ်လာနေသည်ဟု အာရန့် က ယူဆခဲ့သည်။ Totalitarianism အကြွင်းမဲ့ အာဏာရှင် ဝါဒသည် တဦးတယောက်၏ ကိုယ်ပိုင် ဘဝ နှင့် အများ နှင့် ဆိုင်သော ဘဝ အကြား ကွာခြားမှု ကို ပယ်ဖျက်ပေးလိုက်ခြင်းဖြင့် လူများသည် လွတ်လပ်မှု ဆုံးရှူံးသွားယုံသာမက လူ့အဖွဲ့အစည်း တခုလုံးအားလည်း ပုံမှန် နိုင်ငံရေး အခင်းအကျင်းမှ အရာရာ တိုင်း ကို နောက်ကွယ်မှ လျို့ဝှက်ကြံစည်နေကြသည် ဆိုသော အယူအဆ ဖက်သို့ ဆွဲခေါ်သွားခဲ့ကြသည်။

 

အချက်အလက်များ၊ အဓိပ္ပါယ် ဖွင့်‌ဆိုချက်များ အစား ဖုံးကွယ်ထားသည့် အမှန်တရားများ ရှိနေရမည်၊ အမှောင်ရိပ်မှ ပူးပေါင်းကြံစည်ထားမှု များ ရှိနေရမည် ဟု ယုံကြည်လာရန် ဖျားယောင်း သွေးဆောင်ခဲ့ကြသည်။

 

သတင်းထောက် ကောင်းများသည်လည်း ထိုအကြောင်းများကို နားလည်လာကြပြီ ဖြစ်သည်။ သို့သော် လောလောဆယ်တွင်တော့ သန်းပေါင်းများစွာသော အမေရိကန်များသည် အချက်အလက် နှင့် အမှန်တရားကို ခွဲခြားသိမြင် နိုင်စွမ်း နည်းပါးလာကြပြီး စိတ်ခံစားမှု၊ ထင်မြင်ယူဆချက်၊ ကိုယ်ပိုင်အမြင်များထဲသို့ နစ်မြော နေကြသည်။

 

အဆိုပါ အီးမေး ဗုံးများထဲမှ သိလာရသည်က ပါဝင်သည့် ‌အကြောင်းအရာများသည် စိတ်ဝင်စားဖို့ မကောင်းသည့် တိုင် အလုပ်ဖြစ်သွားသည် ဆိုသည်ကိုပင် ဖြစ်သည်။ တခါက လျို့ဝှက်ထားရမည့် အကြောင်းအရာများ ကိုယ်နှိုက်က သတင်းဖြစ်သွားသည်။

 

သတင်း မီဒီယာ သမားများသည် ဖက်ရှင် နှင့် အားကစားဖက်ဆိုင်ရာ သတင်းထောက်များထက်ပင် အပုံကြီး ‌ဆိုးဝါးနေသည်က သိသာ ထင်ရှားလာခဲ့သည်။ ဖက်ရှင် သတင်းထောက်များက မော်ဒယ် အမျိုးသမီးများ အဝတ်လဲခန်းတွင် အဝတ်အစား များ ချွတ်လဲကြသည်ကို သိကြသည်။ အားကစား သတင်းထောက်များက အားကစား သမားများ အဝတ်အစား အသုံးအဆောင်များ ထားရာနေရာတွင် ရေမိုးချိုးကြသည်ကို သိထားကြပြီး ဖြစ်သည်။ ထိုသို့ သိထားကြသော်လည်း ၎င်းတို့ ယူရမည့် သတင်းများ တွင် ထိုကဲ့သို့ သော ကိစ္စမျိုးကို ဖြည့်စွက် ဖေါ်ပြခြင်းမျိုး မလုပ်တတ်ကြ။

 

အာဏာရှင်များ၊ ကရိုနီများ၊ ထောက်လှန်းရေး သမား များက သင်၏ အာရုံကို ဖမ်းစားချင်သည့် အခါ ၎င်းတို့ ရွေးချယ်လာသည့် မလိုအပ်ဘဲနှင့် အရေးမကြီးသည့် ကိစ္စများကို စိတ်ဝင်စားလာ‌ အောင် လုပ်တတ်သည်၊ စိတ်ဝင်စားမိလျင် သင့် နိုင်ငံ၏ ဒီမိုကရေစီ စနစ်၊ နိုင်ငံရေး စနစ် တို့ကို ဖျက်ဆီးရာတွင် သင်ကိုယ်တိုင်က အကူအညီပေးသလို ဖြစ်သွား နိုင်ပေသည်။ သင်၏ စိတ်တွင် အရေးမပါလှ၊ အခြားလူများ စိတ်ဝင်စားသလို လိုက်၍ စိတ်ဝင်စားခြင်းထက် မပိုဟု ယူဆကောင်း ယူဆ နိုင်သည်။

 

ဤသည်ကလည်း အမှန်ပင် ဖြစ်သည်၊ ထို့အတွက် အဲရန့်က လူ့အဖွဲ့အစည်းတခုအား "လူစုလူဝေး" အသွင် ရောက်အောင် နှိမ့်ချ ပစ်လိုက်ခြင်း ဟု အမည်တပ်ခဲ့ခြင်း ဖြစ်သည်။

 

ထိုပြဿနာကို မိမိတို့ တဦးချင်းစီ တာဝန်ယူ၍ ဖြေရှင်း နိုင်သည်။ မိမိတို့ အသုံးပြုနေသော ကွန်ပြူတာ များ အား လုံခြုံ မှု ရှိအောင် စီမံထားခြင်းမျိုး ဖြစ်သည်။ စုပေါင်း၍ လည်း ဖြေရှင်းနိုင်သည်၊ ဥပမာ ဆိုရက လူ့အခွင့် အရေး နှင့် သက်ဆိုင်သော အဖွဲ့အစည်းများ အား ဝိုင်းဝန်း ထောက်ခံ ပေးခြင်းမျိုး ဖြစ်သည်။