ရွေးကောက်ပွဲ အပေါ် လူထု ၏ ရပ်တည်ရာ

by Hla Soewai - Aug 21 2025

စစ်အုပ်စုသည် ၎င်းတို့၏ ရွေးကောက်ပွဲ ဆိုသည်ကို ဒီဇင်ဘာ ၂၈ ရက်တွင် ပထမ အဆင့် အဖြစ် မရမက ပြုလုပ်ရန် ရက်သတ်မှတ်လာပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် မကွေး တွင် ရောက်ရှိနေစဉ် အတွင်း "နိုင်ငံရေး သဘောကွဲလွဲမှု များ မှ ထွက်ပေါ်လာသော ပြဿနာ များကို နိုင်ငံရေး နည်း ဖြင့်သာ ဖြေရှင်းရမည်" ဟု လွန်စွာ အံ့ဩဖွယ် ကောင်းလောက်အောင် ပြောသွားခဲ့ပြန်သည်။

 

၎င်းတို့ နှင့် သဘောကွဲလွဲ သူ တဦးတ‌လေ ကို မျှ ပါဝင်ခွင့် မရှိစေမည့် ရွေးကောက်ပွဲ မျိူး ဖြင့် နိုင်ငံရေး ပြဿနာ ကို ဖြေရှင်းရမည် ‌ဆိုသည့် စကားက အံ့ဩစရာ မဟုတ်ပေလော။

 

မင်းအောင်လှိုင်၏ ဖြေရှင်းရမည် ဆိုသည်က ခင်ရီ၊သက်သက်ခိုင်၊ ကိုကိုကြီး တို့ နှင့် ပေလော။

 

စစ်အာဏာရှင် စနစ်မှ မွေးထုတ်လိုက်သော ရွေးကောက်ပွဲ သည် လူကြားကောင်းအောင် ဒီမိုကရေစီ အရေခြုံထားခြင်းသာ ဖြစ်ပြီး တကယ်တမ်းတွင် ၎င်းင်းတို့ လိုလားသည့် ကျွန်ယုံ ကျွန်ကောင်းများ အနား ခေါ်ထား နိုင် ရေးကိုသာ လှည့်ဖြားပြီး ပြုလုပ်ခြင်းပင် ဖြစ်သည်။

 

မြန်မာ ပြည်သူများ အဖို့ ဒီမိုကရေစီ ရရှိရေး သည် လူ့အခွင့်အရေးများထက် စာလျှင် ယုံကြည်စိတ်ချရသော အစိုးရမျိုး ပေါ်ထွန်းရေး၊ ထိုမှ တဆင့် တိုင်းပြည် စီးပွား အတွက် လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသော ပညာရှင်များ၊ ၎င်းတို့ အား အကာအကွယ် ပေးမည့် တရားရုံးများ ဖြစ်ပေါ်လာမည့် အရေးကြောင့် ပို၍ လိုလားနေကြခြင်း ဖြစ်သည်။ ဒီမိုကရေစီသည်သာ မည်သူတဦးတယောက်ကိုမျှ ကြောက်ရွံ့နေစရာ မလိုပဲ ဥပဒေကြောင်းဖြင့် အကာအကွယ် ပေးထား သော လွတ်လပ်စွာ စီးပွား ရှာနိုင်ခွင့် များ ရှိနိုင်မည်ဖြစ်သည်။

 

မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ သည် ထိုသို့သော အခြေအနေများ ဖန်တီးပေးနိုင်မည်လော၊ မဖန်တီး ပေးနိုင်မည့် အပြင် လက်ရှိ စနစ်ဆိုးကြီးကို အသက်ဆက် နိုင်ရန် စီမံလာခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ် များသည် နိုင်ငံရေး၊ စီးပွားရေး နှင့် ပတ်သက်၍ ဘာစာအုပ် စာတမ်းမျှလည်း လေ့လာရ ကောင်းမှန်းမသိ၊ သေနတ် နှင့် ကျွန်ယုံ ကျွန်‌ ကောင်းများ ရှိလျင် တိုင်းပြည် အုပ်ချုပ်၍ ရပြီဟု ယူဆခဲ့ကြသူ များသာ ဖြစ်သည်။

 

အောက်‌ ခြေ စစ်သားမှသည် များပြားလှသော ဗိုလ်ချုပ်များ အထိ ၎င်းတို့အတွက် လွတ်လပ်ခွင့် ဟူသည် ချို နှင့် လားဟု ပြောရ မလောက်ပင်၊ ထို့အတွက်လည်း ရာထူးကြီးကြီး ရလာသည့် အခါတွင်တော့ စစ်ရေး ဗျူဟာများ မှ လွဲ၍ အခြား ဘာကိုမျှ ကိုယ်ပိုင် စဉ်းစား တွေးခေါ်နိုင်စွမ်း မရှိကြတော့။ မင်းအောင်လှိုင် နှင့် အဖွဲ့သည်လည်း ထိုနည်း နှင်နှင်ပင် ဖြစ်သည်။ နိုင်ငံကို နိုင်နင်းစွာ အုပ်ချုပ်ဖို့ အသိပညာ၊ အတတ်ပညာမရှိ၊ လူထု စားဝတ်နေရေး ပြေလည်ဖို့ ဆိုသည်က ဝေလာဝေး၊ ပြည်ပ တွင် သွားရောက်လုပ်ကိုင်သူ များ၏ အိပ်ကပ်ထဲမှ ချွေးနဲစာကို ပင် လူကြား မကောင်းအောင် နှိုက်ထုတ် သုံးယူနေကြရသူ များ ဖြစ်နေသည်။

 

ထိုသို့သော လူများက မိမိတို့ သားစဉ် မြေးဆက် ပုခက်တွင်းမှ သင်္ချိုင်း ရောက်သည်အထိ မငတ်ယုံတမည် အသက်ရှင် နေသွားရမည့် အရေး နဖူးတွေ့ ဒူးတွေ့ ကြုံလာရပြီ ဖြစ်၍ လူထု အနေဖြင့် မိမိတို့ ရပ်တည်ရာ ရပ်တည်ကြောင်း ကို ပြတ်သားစွာ စဉ်းစားတွေးခေါ်ကြရတော့မည် ဖြစ်သည်။

 

ယခုပင်လျင် စစ်တွေ တွင် ငတ်မွတ်မှုဒဏ် မခံနိုင်၍ ပြီးခဲ့သည့် မေလ မှ ယခုအထိ မိသားစု နှစ်စု အပါအဝင် လူ ၁၄ ဦးသည် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားကြသည်ဟု သတင်းဆိုးကြီး ထွက်ပေါ်လာခဲ့သည်၊ အများစုသည်လည်း ဝါးမြစ်များကို ရှာဖွေ စားသောက်နေကြရသည်ဟု လည်း သတင်းများက ဆိုသည်။ 

 

သို့ဖြစ်၍ ထိုသို့သော စနစ်ဆိုးကြီးကို ကံစီမံရာ ဟု ဆိုကာ မျက်စိစုံ မှိတ် ၍ မိန်းမော နေကြ တော့ မည်လော၊ မငတ်ယုံတမယ် ဘဝ မျိုး ဖြင့် အသက်ဆက် ရမည့် အရေး လက်ခံ နိုင်သည် ဆိုစေဦး မိမိတို့ ကမကထ ပြု၍ လူလောက ထဲ ခေါ်သွင်းလာသည့် ရင်သွေး များလည်း မိမိတို့ကဲ့သို့ပင် ခံကြရမည်ဟု ဆိုက မည်သို့မျှ တရားမျှတမှု ရှိမည် မဟုတ်ပေ။ ၎င်းတို့အဖို့ လူလောက၏ ကောင်းနိုးရာရာ မှန်သမျှ ဆက်ခံ ပိုင်ခွင့် မရှိဖြစ် နေသည်။

 

စားနိုင်သောက်နိုင်သည့် အဆင့်ရှိသူများကလည်း လူယဉ်ကျေးမှု၏ အသီးအပွင့်များ ဖြစ်သည့် သာယာ ပျော်ရွင်စွာ နေထိုင်နိုင်သည့်ဘဝ၊ လိုအပ်တာ ဝယ်ခြမ်း သုံးစွဲနိုင်သည့် အနေအထား၊ ဝတ်ကောင်းစားလှ ဝတ်ကာ အစားအသောက် ကောင်းများ မစားနိုင်၍ ၎င်းတို့သည်လည်း ဆင်းရဲ နေကြရပြီ ဖြစ်သည်။

 

ထိုထက် ပိုဆိုးသည်က ထိုသို့ ခံနေရယုံ ဖြင့် ပြီးမသွားဘဲ လောကကြီး အကြောင်းကို နားလည်လာကာစ သာ ရှိ‌သေးသည် မိမိတို့ ရင်သွေးငယ်များကို မင်းအောင်လှိုင် ၏ အိမ်ပေါ်မှ ဆွဲချကာ သေတွင်း ပို့ နေသည့် အဖြစ်ကိုလည်း ဒီ အတိုင်းပင် လက်ပိုက်ကြည့်နေကြရသည်။

 

ထိုလူငယ် လေးများသည် စာသင်ခန်းများ၊ စက်ရုံ အလုပ်ရုံများထဲတွင် ရှိရမည့်အစား မျက်စိပေကလပ် ပေကလပ် ဖြင့် စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့ သားသမီး များ ‌ကောင်းစားရေး အတွက် အသက်စွန့် ကြရတော့မည် ဖြစ်သည်။ အိမ်ပြန်လာဖို့လည်း လမ်းမရှိ၊ သေလျှင် မြေကြီး ရှင်လျင် ဆက်တိုက်ကြရမည့် သူ များ သာ ဖြစ်သည်။

 

၎င်းတို့ လက်ထဲမှ မိမိတို့ တိုင်းပြည်၊ မိမိတို့ ရင်သွေး များကို ပြန်လည် ရွေး နှုတ် နိုင်ဖို့ အရေးတွင် မည်သို့မျှ လုံလ ထုတ်ခြင်း မရှိပဲ မိမိတို့ ရင်သွေးများ ဘေးကင်းရာ ကင်းကြောင်း ဘုရားစင်ရှေ့ ဖင်ဘူးတောင်း ထောင်နေကြယုံ ဖြင့် ပြေလည်သွားမည်လား။ 

 

မင်း‌ အောင်လှိုင်သည် ၎င်း၏ ယတြာ ကြောင့်ကောင်းကင်မှ နတ်ဘုရားများမှ ထိုရွေးကောက်ပွဲ ဖြင့် ၎င်း၏ အခြေအနေများ ကောင်းမွန်လာအောင် ပြောင်းလဲပေးနိုင်သည်ဟု ယုံကြည်ကာ ရက် ကို အသေအချာ တွက်ချက် ထုတ်ပြန်လိုက်ခြင်းသာ ဖြစ်သည်။

 

မင်း‌အောင်လှိုင်၏ ပြဿနာကား ၎င်း၏ ဘေးတွင် သူတော်ကောင်း ပညာရှိ ဟူ၍ မရှိ၊ သခင်အားရ ကျွန်ပါးဝ ဆိုသလို အကြိုက်တွေ့မည့် စကားများဖြင့် မြှောက်ပင့် ပေးနေကြသူများသာ ဝိုင်းရံနေခြင်း ဖြစ်သည်။ သူကိုယ်တိုင်ကလည်း အသိဉာဏ်ပညာ နည်းသူပီပီ အကြိုက် တွေ့ကာ ပြောချင်ရာများကို ပြောဆိုနေပေသည်။ စစ်ရေး၊ စီးပွား‌ ရေး မည်သည့်ဖက်တွင်မှ အဖြစ်ရှိအောင် စွမ်းဆောင်နိုင်စွမ်း မရှိဘဲ ပြောချင်ရာ ပြောနေသည်များကို တယ်ဟုတ် ပါလား၊ အမြော်အမြင် ကြီးပါပေ့ မျက်နှာထားများ နှင့် လိုက်လံ သရုပ်ဆောင် ပေးနေရသည့် ပြည်သူ့ သစ္စာ ဖောက်များကိုသာ ဝဋ်ကြီးလှချည်ရဲ့ဟု သနားနေမိတော့သည်။

 

အများစုက နိုင်ငံရေး ကို စိတ်မဝင်စား၊ ကိုယ်လုပ်မှ ကိုယ်စားရသည်ဟူသော အ‌ယူအဆ ရှိကြသည်၊ ထိုလူများသည် နိုင်ငံရေး ကို စိတ်မဝင်စား ဟု ပြောခြင်းဖြင့် လက်ရှိ ဖြစ်ပေါ် နေ‌သော အခြေအနေများကို နာကန်းတလုံးမျှ မသိပါဟု ဝန်ခံလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်၊ ထိုလူများသည် မည်သည့် ဖက်က မှန်သည် မှားသည်ကို မသိပါပဲလျက် ၎င်းတို့အား စားရမဲ့ သောက်ရမဲ့ ဘဝ ဖြင့် တသက်လုံး နေကြရန် စီမံလာသည့် ရွေးကောက်ပွဲ ဆိုသည်အားလည်း သွားရောက် မဲထည့်ကြရဦးမည် ဖြစ်သည်။

 

ဤသို့ဖြင့် လက်ရှိ စနစ်ဆိုးကြီး အဓွန့်ရှည်ရန် ပံ့ပိုးပေးကြရမည့် တာဝန်ကို ယူကြသူများ အဖြစ် သမိုင်း တွင် ကျန်ရစ်ခံကြမည်လော။ 

 

တော်လှန်ရေး တပ်ဖွဲ့ဝင်များက အသက်ကို စွန့်၍ သမိုင်းပေး တာဝန်ကြီးကို ထမ်းရွက်နေကြချိန်တွင် မိမိတို့ ရပ်တည်ရာ ကို စဉ်းစားဖို့ လိုလာပြီ ဖြစ်သည်။ အထူးသဖြင့် ၎င်းတို့ လုပ်ချင်တိုင်း လုပ်၍ မရ ဆိုသည်ကို ပြသရတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!