စစ်ခေါင်းဆောင်များသည် တရုတ်၏ အကာအကွယ် ကို ယူပြီး ဂျိုကြွ နေသည့် လူမိုက်သာသာ အဆင့်သာရှိတော့ သည့် အဖြစ်သည် ပို၍ ထင်ရှားလာသည့် အပြင် ယခုလို တရုတ်၏ ခြေရာလက်ရာ မကင်းသည့် ရွေးကောက်ပွဲ အား ပြုလုပ်ရမည့် အရေးကိုလည်း မည်သို့မျှ မမှု၊ လူထု ၏ အလို ဆန္ဒ မပါပဲ လုပ်ဖြစ် ပြီးရော ဆိုကာ လက်ပါးစေ နိုင်ငံရေး ပါတီများ နှင့် လက်ဝါးခြင်း ရိုက်လာကြခြင်း ပင် ဖြစ်သည်။
ထိုနိုင်ငံရေး ပါတီ ၃၄ ပါတီ သည် ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပမီကပင် ၎င်းတို့ အနိုင်မရက မျှတမှု မရှိခြင်းကြောင့်သာ ဖြစ်၍ စစ်တပ်မှ ကာကွယ်ပေးရန် ကာချုပ် ဖြစ်သူအား ဝိုင်းဝန်း တောင်းပန် တိုးလျိုး ခဲ့ကြသူများ ဖြစ်သည်။
ကာချုပ် ဆိုသူ မှ လည်း မိမိ မလုပ်ရဲသည်မှာ ဘာမျှ မရှိကြောင်း၊ သည်းခံနေခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေး ပါတီများလည်း စိတ်ရှည်ကြဖို့ တိုက်တွန်းခဲ့ကြောင်း အစည်းအဝေးတက်ပြီး ပြန်လာသူ ပြည်သူ့ ရှေ့ဆောင် ပါတီ ခေါင်းဆောင်ကြီး ဖြစ်သူ ဒေါ်သက်သက်ခိုင် မှ ပြောပြခဲ့သည် က အထင်အရှား သက်သေခံနေသည်။
၎င်းတို့ မရှုမလှ မဲရှုံးခဲ့ရသည့် အခါတွင်တော့ မင်းအောင်လှိုင် ကို အာဏာသိမ်းပေးပါရန် တောင်းဆိုခဲ့ကြသည်၊ လူထု တရပ်လုံး ၏ ရန်သူ ဖြစ် သော စစ်ကောင်စီ၏ ဖဲသုံးချပ် ကစားဝိုင်း ဖြစ်သည့် ရွေးကောက်ပွဲ တွင် ဝင် အော်လျင် ဝန်ကြီး တနေရာစာ လောက် ရနိုင်သည်ဆိုသည့် အတွေးများနှင့်ယစ်မူးနေကြပြီ ဖြစ်သည်။
စစ်ဗိုလ်ချုပ်များ အသက်နှင့် ထပ်၍ ကျားကုတ် ကျားခဲ ဆုပ်ကိုင်ထားသော နိုင်ငံရေး တန်ခိုး အာဏာများကို ရွေးကောက်ပွဲ ဖြင့် ၎င်းတို့ လက်ထဲ လွှဲပေးလာလိမ့်မည် ဟု မိုက်မဲစွာ ယုံကြည်နေကြဆဲဖြစ်သည်။ ကံကောင်းလျင် ၎င်းတို့ အဖို့က ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါ ဟု ပြောနိုင်ဆိုနိုင် ယုံမျှသာ ရှိပြီး အများအားဖြင့် စစ်ဗိုလ်ချုပ်များကို ကျွန်ယုံ ကျွန်ကောင်းကြီးများ သဖွယ် အလုပ်အကျွေး ပြုကြရဖို့သာ ရှိပေသည်။
ယခုအခါ နိုင်ငံ၏ လူဦး ရေ တဝက် ကျော်သည် တနေ့ဝင် ငွေ အမေရိကန် ဒေါ်လာ ၇၆ ဆင့် ဖြင့် စားရမဲ့ သောက်ရမဲ့ ဘဝမျိုး ဖြင့် အသက်တချောင်း အတွက် ပင်ပန်းကြီးစွာ ရုန်းကန်နေရချိန်တွင် ဖခင် ဖြစ်သူ အာဏာသိမ်းခဲ့သည့် အတွက် သား နှင့် သမီး များသည် တိုင်းပြည်၏ ဓနဥစွာများကို မတန်မတရား ခေါင်းပုံဖြတ်ကာ ကျိကျိတက် ချမ်းသာနေကြသည့် အဖြစ်သည်လည်း ၎င်းတို့နှင့် လား လားမျှပင် မဆိုင် ဖြစ်နေသည်။
ခေါင်းစဉ်ပါ အကြောင်းအရာ ကို ဆက်လက်တင်ပြသွားပါမည်။
မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲ မှ တဆင့် စစ်အုပ်စုအား ဝမ်ယီ မှ ညွှန်ကြားချက် သုံးရပ်ကို ထုတ်ပြန်လိုက်သည်၊ ထိုသို့ ဒေသတွင်း ဆွေးနွေးပွဲ မှပင် ထုတ်ပြန်လိုက်ခြင်းဖြင့် မြန်မာသည် တရုတ်တို့၏ ထားရာနေ စေရာသွား ဘဝဖြင့် ဆက်လက် ရပ်တည်သွားမည် ဖြစ်ပြီး ၎င်းတို့ လုပ်လာသမျှသည် မိမိတို့ ရပ်တည်ချက် အတိုင်း ဖြစ်သည်ကို ကမ္ဘာအား တရားဝင် အသိပေးလိုက်ခြင်း ဖြစ်သည်ဟု ဧရာဝတီ တွင် တရုတ်ရေးရာ သုတေသီ ဖြစ်သည့် အသီနာ အွန် နော်၏ ဆွေးနွေးချက်ကို ကောက်နှုတ် တင်ပြသွားပါမည်။
ဝမ်ယီ၏ သေချာ ကျနစွာ ရေးသား ထုတ်ပြန်လိုက် သော ညွန်ကြားချက် သုံးရပ်သည် ၎င်းတို့၏ အကျိူးစီးပွား ကို ရှေ့ဆက် ကာကွယ်သွားနိုင်မည့် လက်ဝေခံ အုပ်ချုပ်ရေး အဖွဲ့မျိုး ဆက်၍ ရှိနေစေရန် လမ်းပြ မြေပုံ သဘောမျိုး ပုံဖေါ်လာချင်းသာ ဖြစ်ပေသည်။
ဝမ်ယီ၏ ပြည်သူ့ ဆန္ဒ နှင့် အညီ အုပ်ချုပ်ရေးသည် ဒီမိုကရေစီ အသွင် ဆောင်သယောင်ရှိသော်လည်း တရုတ်အစိုးရ အဘိဓါန် တွင် မူ ပြည်သူ့ ဆန္ဒ နှင့် အညီ ဆိုသည်က ယှဉ်ပြိုင်မှုထက် ပြည်တွင်း တည်ငြိမ်ရေး ကို ဦးစားပေးရန် ဖြစ်သည်။ (၎င်းတို့သည်လည်း ပြည်သူ့ ဆန္ဒ နှင့် အုပ်ချုပ်နေခြင်း မဟုတ်ပါလား။)
အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုသည်ကလည်း အစစ်အမှန် အာဏာခွဲဝေရေး မဟုတ်ပဲ လက်ရှိ ရင်ဆိုင်နေရသော အန္တရာယ်မှ သက်သာရာ ရရာ ရကြောင်း နည်းလမ်းမျိုး ရှာဖွေရန် အတွက်ဖြစ်သည်။ (သို့မဟုတ်က အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တွေ့ဆုံဆွေးနွေးရန် မဖြစ်မနေ ကြားဝင် လာသင့်သည် မဟုတ်ပါလား၊ ၎င်းတို့ ပြောသည့် သင့် မြတ်ရေးသည် နယ်စပ်ကုန်သွယ်ရေး နှင့် ဒေါ်လာ ဘီလီယံ ပေါင်း များစွာ တန်သည့် ရင်းနှီးမြုပ်နှံမှု များကို အကာအကွယ် ပေးနိုင်မည့် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ပြေလည်စေရေး ပင် ဖြစ်သည်။)
ဝမ်ယီ၏ တတိယ ညွှန်ကြားချက် ဖြစ်သည့် လူမှုသဟဇာတဖြစ်စေရန်၊ ငလျင်လှုပ်ပြီးနောက်ပိုင်း ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ပြည်သူလူထု၏ လူနေမှုဘဝကို တိုးတက်ကောင်းမွန်စေရန်တို့ သည် ရုတ်တရက်ကြည့်လျင် လူသားချင် စာနာထောက်ထားမှု နှင့် ပြောသယောင် ထင်ရပြန်သည်။
တကယ်တမ်းတွင် ပြန်လည် တည်ဆောက်ရေးအား စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှင့် လူမှုရေး သဟဇာတ ဖြစ်ရေးနှင့် ဆက်စပ်လာခြင်းသည် ရွေးကောက်ပွဲသည် နိုင်ငံရေးအရ တရားဝင် ဖြစ်လာစေရန်သာမက စီးပွားရေး အရ အကျိုးရှိရာ ရှိကြောင်း ဖြစ်အောင် ရင်းနှီးမြုပ်နှံပေးခြင်းဖြင့် လူထု ထောက်ခံမှု ရအောင် ပြန်လည် စည်းရုံး နိုင်ကာ စစ်အုပ်စု အာဏာကို ခိုင်မာသည်ထက် ခိုင်မာအောင် အားသစ် လောင်းပေးမည် ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
(အဘယ်ကြောင့် ဆိုသော် ရွေးကောက်ပွဲ လုပ်သည်ဆိုယုံမျှ နှင့် ၎င်းတို့၏ တတိယ အချက်ကို ပြည့်ဝ အောင် စစ်အုပ်စုသည် မည်သို့မျှ အကောင်အထည် ဖေါ်နိုင်မည့် အရည်အချင်းလည်း မရှိ၊ အရင်းအမြစ်များလည်း မရှိ ဆိုသည်ကို သဘောပေါက်ထားသော ကြောင့် ဖြစ်သည်။ ထို့အတွက်လည်း ဝမ်ယီက တရုတ်၏ နွေးထွေးသော မေတ္တာကို ရရှိခံစားစေရမည် ဟု ထည့်သွင်း ပြောဆိုလာခြင်း ဖြစ်သည်၊ တရုတ် နှင့် ၎င်းတို့၏ လက်ဝေခံ စစ်အုပ်စုသည် တိုင်းတပါး၏ စွက်ဖက် ချယ်လှယ်မှု ကို အသွေးထဲ အသားထဲက မုန်းတီး ရွံရှာတတ်သည့် မြန်မာ တိုင်းရင်းသား တို့၏ ဇာတိမန်ကို လျော့ပေါ့ တွက်ဆနေခဲ့ကြခြင်းသာ ဖြစ်သည်။ ထို့အတွက်လည်း ၎င်းတို့နှင့် လွန်စွာ ထိုက်တန်လှသော ဆဲသံဆိုသံများ ရရှိသွားကြခြင်းပင် ဖြစ်ပေတော့သည်။)
၎င်းတို့၏ လမ်းစဉ် ဖြစ်သည် တည်ငြိမ်ရေးမှသည် ဖွံ့ဖြိုးတိုးတက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု မှသည် အာဏာတည်မြဲရေး ဆိုသည် ကို ချပြလိုက်ခြင်းလည်း ဖြစ်သည်။
စစ်အုပ်စု သည ရွေးကောက်ပွဲ ပြီးသွားလည်း ၎င်းတို့ အဖို့ မည်သို့မျှ မကြံတတ် မဖန်တတ် ဖြစ်နေသည့် နိုင်ငံ ဖွံ့ဖြိုးရေး ဆိုသည်ကို တရုတ်အကူအညီ နှင့် မှိန်းလုပ်သွားနိုင်ပေဦးမည် ဆိုကာ သဘောအကျကြီး ကျနေမည်သာ ဖြစ်သည်။
ဤသို့ဖြင့် တရုတ်သည် မြန်မာပြည်ရှိ အာဏာရှင်များ အတွက် မည်သို့မျှ ကန္တကောစ လုပ်၍ မရ၊ လက်လွှတ်ခံ၍ မရသည့် ဆရာသမားများ ဖြစ်လာပေတော့မည်။
တရုတ်သည် မင်းအောင်လှိုင် လုပ်ပေးမည့် ရွေးကောက်ပွဲ သည် မြန်မာ တို့ တောင့်တနေသည့် ဒီမိုကရေစီ မျိုး ထွက်ပေါ်လာဖို့ မရှိသည်ကို ကောင်းစွာ သိရှိထားပြီး၊ ၎င်းတို့ ဩဇာသက်ရောက်နိုင်မည့် စီးပွားရေး အရ အကျိုးတူ ချယ်လှယ်သွားနိုင်မည့် အဖွဲ့ အဖြစ်သာ ဆက်၍ ရပ်တည်သွားမည် ဆိုသည်ကို အသေအချာ ချိန်ဆ ပုံဖေါ်လိုက်ခြင်းလည်း ဖြစ်သည်ဟု ရေးသားထားသည်။
တရုတ်တို့၏ လုပ်ရပ်ကို မည်သို့မျှ သည်းမခံနိုင် ဖြစ်လာ၍ တအာင်း ကျောင်းသား နှင့် လူငယ် သမဂ္ဂအပါအဝင် တအောင်း အရပ်ဖက် အဖွဲ့အစည်း ၆ ဖွဲ့မှ တရုတ် အစိုးရသည် စစ်အုပ်စု၏ စစ် ရာဇဝတ်မှု များ နှင့် လူသားမျိုးနွယ်များအပေါ် ကျုးလွန်နေသော ရာဇဝတ်မှု များကို ခေတ်မီ လက်နက်နှင့် နည်းပညာများ ထောက်ပံ့ ကူညီပေးခြင်းဖြင့် ပူးပေါင်းအားပေးနေသည်ဟု ကြေညာချက်ကို ရဲရဲဝံ့ဝံ့ ထုတ်ပြန်လိုက်သည်။
တအာင်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့အားလည်း လွတ်မြောက်နယ်မြေ များကို စွန့်လွှတ်ရန် အတွက် နယ်ခြား ဂိတ်များ ပိတ်ပစ်ခြင်း အပါအဝင် နိုင်ငံရေး နှင့် စစ်ရေး အရ အကြပ်ကိုင်လာသည်ဟုလည်း ပါရှိသည်။
ထိုမတိုင်မီကလည်း TNLA ၏ စစ်ကဲကြီး ဗိုလ်ချုပ် တာဘုန်းကျော်မှ တရုတ်၏ ကိုယ်ကျိူး သက်သက်သာ ကြည့်ပြီး ဝင်ရောက်စွက်ဖက်လာမှုသည် တော်လှန်ရေး အတွက် ကြီးမားလှသည့် အခက်အခဲများ နှင့် ရင်ဆိုင်နေရသည်ဟု ဗြောင်ကျကျ ထုတ်ဖေါ် ပြောဆိုခဲ့ပြီး ဖြစ်သည်။
မင်းအောင်လှိုင်သည်လည်း ရွေးကောက်ပွဲ အကြို ထိုးစစ်ကြီးကို ရှိသမျှ ပုံအော်ကာ မီးကုန်ယမ်းကုန် ကြမ်းလာချိန် တွင် တော်လှန်ရေး တပ်ဖွဲ့များ အဖို့ နည်းဗျူဟာ ကို မဖြစ်မနေ ပြောင်းရတော့မည် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!