ရွှေ - စိန် - လှိုင် တို့ တိုင်းပြည်အား စစ်တပ် ကိုလိုနီ ဇာတ်သွင်းခဲ့ကြပုံ

by Hla Soewai - Aug 21 2025

မင်းအောင်လှိုင်သည် ၂၀၁၅ ကတည်းက ချမှတ်ခဲ့သော တိုင်းပြည်အား စစ်တပ်၏ ကိုလိုနီ အဖြစ် ကျွန်ပြုရေး စီမံချက်အား မဖြစ်မနေ အကောင်အထည် ဖေါ်ရန် "ရွေးကောက်ပွဲ" ‌ဆိုသည် ထိုးဇာတ်ကို မည်သို့သော အခြေအနေတွင် ဖြစ်စေ ပြုလုပ်သွားမည် ဟု ပြောခဲ့ပြီး စစ်အုပ်စု ၏ မီဒီယာများကလည်း ‌"ရွေးကောက်ပွဲ" တွင် ဆန္ဒမဲပေးသူ မည်ရွေ့မည်မျှ ရှိမှ အထ မြောက်သည် ဆိုသော ဥပ‌ဒေ မရှိဟု ရေးသားလာကြပြီ ဖြစ်သည်။

 

ဧရာဝတီ၏ သတင်းစာမျက်နှာတွင် ဆောင်းပါးရှင် နိုင်သစ်က အာဏာသိမ်းမှုတွင် အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေ နှင့် ဗိုလ်သိန်းစိန် တို့ ပါဝင် ဆက်နွယ်နေသည်ကို “Myanmar Military Chief staged a coup. But he did not act alone” ဟူသော ခေါင်းစဉ် ဖြင့် ၂၀၂၁ အတွင်း ရေးသားခဲ့သည်ကို ပြန်လည် ကောက်နှုတ်တင်ပြလိုက်ပါသည်။

 

စစ်တပ်သည် မြန်မာနိုင်ငံရေး ဖြစ်စဉ်သမိုင်းတွင် အမြင့်ဆုံး အဖွဲ့အစည်း တခု အဖြစ် အာဏာကို မလွတ်တမ်း ဆုပ်ကိုင်ထားနိုင်ရေး ဆိုသော လမ်းစဉ်ဖြင့် အာဏာရှင် လက်ဟောင်းကြီး ဗိုလ်သန်းရွှေ နှင့် သမ္မတဟောင်း ဗိုလ်သိန်းစိန် တို့က မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြသည်မှာ သံသယ ဖြစ်ဖွယ်မရှိပေ။

 

အကယ်၍ USDP သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ၂၅% အထိ အနိုင်ရရှိခဲ့ပါက အာဏာသိမ်းဖို့ မရှိပေ။ မင်းအောင်လှိုင်၏ စစ်တပ်မှ ကိုယ်စားလှယ် ၂၅% နှင့် ပေါင်း၍ အစိုးရ ဖွဲ့နိုင်မည့် အနေအထား ရောက်ရှိလာ နိုင်သောကြောင့် ဖြစ်သည်။ (ထိုသို့ဖြစ်ရေး သေချာစေရန် စစ်ဗိုလ်ချုပ်ဟောင်းကြီးများအား ဆွဲထုတ်၍ ပါတီထောင်ခိုင်းကာ ဝန်းရံခိုင်းခဲ့ကြပြန်သည်)

 

နောက်ပိုင်း မင်းအောင်လှိုင် သမ္မတ ဖြစ်ရေး မဖြစ်ရေးသည် ၎င်း နှင့် USDP ဥက္ကဋ္ဌ အကြား အားပြိုင်ရမည့် အတွင်းရေး ကိစ္စ အဖြစ်သာ ကျန်ပေတော့မည်။ 

 

သို့သော် USDP သည် ၆.၄% သာ အနိုင်ရရှိသွားခဲ့ပြီး NLD သည် ၈၃% ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။

 

ထိုရလဒ်သည် မင်းအောင်လှိုင် အဖို့ ၎င်း သမ္မတ ဖြစ်ရေး ရည်မှန်းချက် ပျက်စီး သွားခဲ့သည့် အပြင် စစ်တပ် အတွက်ပါ မဖြစ်မနေ အာဏာသိမ်းရဖို့ ဖြစ်လာသည်။ ထိုသို့ မလုပ်ခဲ့လျှင် NLD သည် နိုင်ငံတွင်းရှိ နိုင်ငံရေး အဖွဲ့အစည်းများ၊ မြို့ပြ အဖွဲ့အစည်းများ အားလုံးနှင့် ပေါင်း၍ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပေါ် မဖြစ်မနေ တွန်းတွန်းတိုက်တိုက် လုပ်လာကြတော့မည်ကို ရိပ်စားမိနေကြပြီ ဖြစ်သည်။

 

၂၀၀၈ ဖွဲ့စည်းပုံတွင်လည်း မြန်မာသမိုင်းတွင် ပထမဆုံးအကြိမ် ပြောင်ပြောင်တင်းတင်းပင် စစ်တပ်၏ နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍကို ထည့်သွင်းထားခဲ့ပြီး ဖြစ်သည်။ ယင်းနှင့် အတူ စစ်တပ်သည် နိုင်ငံတကာ ကျင့်ဝတ် သိက္ခာနှင့် ညီသော တပ်မတော် ဖြစ်လာရေး ဆိုသည်ကို ဘေးချိတ်လာခဲ့သည်။ ဗိုလ်နေဝင်း၏ ၁၉၇၄ ဖွဲ့စည်း ပုံတွင် ထိုကဲ့သို့ တစွန်းတစပင် ထည့်သွင်း ဖေါ်ပြခဲ့ခြင်းမျိုး မရှိပေ။

 

၂၀၀၈ ဖွဲ့စည်းပုံသည် စစ်အုပ်ချုပ်ရေး ကာလကြာရှည်လာသည်နှင့် အမျှ ပြင်းထန်လာသော နိုင်ငံတကာ ဖိအား များနှင့် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခံရမှုများမှ လွတ်ရာလွတ်ကြောင်း ဖြစ်ရန် ကြံစည်လာခြင်း ဖြစ်သည်။ စုပေါင်း ရေးဆွဲခဲ့သည့် အသွင်မျိုး ဖန်တီးခဲ့သော်လည်း အဓိက ကြိုးဆွဲချယ်လှယ်ခဲ့သူသည် အာဏာရှင်ဟောင်း သန်းရွှေပင် ဖြစ်သည်။ ဤသည်ကို အကောင်အထည်ဖေါ်ဖို့ တာဝန်ကျလာသူမှာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန် ဖြစ်လာခဲ့သည်။

 

ဗိုလ်သိန်းစိန်သည် ၂၀၀၄ တွင် SPDC ၏ အတွင်းရေးမှူး-၁ ဖြစ်လာပြီး ၂၀၀၇ တွင် ဝန်ကြီးချုပ် အဖြစ် တာဝန် ယူခဲ့သည့် ကာလအတွင်း အမျိုးသား ညီလာခံကို ဖွဲ့စည်းပုံရေးဆွဲရေး အတွက် ဦးတည် ပေးလာခဲ့သည်။

 

၎င်းဝန်ကြီးချုပ် ဖြစ်ပြီး နောက်တနှစ် ၂၀၀၈ ခုနှစ်တွင် လူပေါင်း ၁၄၀,၀၀၀ အသက်ဆုံးရှုံးခဲ့ရသည့် သေမင်း တမန် နာဂစ် မုန်တိုင်းကြီး ကြားမှပင် လူထုဆန္ဒခံယူပွဲ အတင်းအကျပ် လုပ်ကာ အတည်ပြု ပြဌာန်း ခဲ့ကြသဖြင့် “နာဂစ် ဖွဲ့စည်းပုံ” အဖြစ် ခေါ်ဝေါ်သမုတ်ခြင်း ခံခဲ့ရသည်။

 

ဗိုလ်သန်းရွှေ၏ မျက်စိထဲတွင်တော့ သိန်းစိန်သည် စစ်ဗိုလ်ချုပ်တဦးထက် ကျောင်းအုပ်ဆရာကြီး တဦး နှင့် ပိုတူနေ၍ လူကြိုက်များလှသော ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်နိုင်မည့်သူ ဟု ရှုမြင်လာခဲ့သည်။

 

သိန်းစိန်၏ သမ္မတရာထူး အထိ တက်လှမ်းလာခဲ့သည့် ကာလတလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်သည် တောက်လျှောက် အကျယ်ချုပ်ဘဝဖြင့် နေလာခဲ့ရသူဖြစ်သည်။ သိန်းစိန် အတွင်းရေးမှူး -၂ အဖြစ် မခန့်အပ်မှီ လအနည်းငယ်အတွင်းမှာပင် ဒီပဲယင်း လုပ်ကြံမှုကြီး ပေါ်ပေါက်လာခဲ့သည်။

 

၂၀၁၀ တွင် ဗိုလ်သိန်းစိန်သည် ဗိုလ်ချုပ်ကြီး ယူနီဖောင်းကို ချွတ်ကာ USDP ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ထိုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ NLD အပါအဝင် ပါတီ အတော်များများက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသဖြင့် USDP သည် ပြိုင်ဖက်မရှိ သောင်ပြိုကမ်းပြို အနိုင်ရရှိလာခဲ့သည်။ ဗိုလ်သိန်းစိန် နှင့် သူ၏ နောက်လိုက်များ အောင်ပွဲခံနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ် ဘဝဖြင့် ရှိနေဆဲဖြစ်ပြီး နောက်ပိုင်း ၆ ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြသည်။

 

ထိုအချိန်မတိုင်မီ အထိ ၂၀၀၃ နောက်ပိုင်း နိုင်ငံတွင်း ဖြစ်ပေါ် ခဲ့မှုများတွင် ဗိုလ်သိန်းစိန်သည် သန်းရွှေ နှင့် မောင်အေး ပြီးလျှင် တတိယ အကြီးဆုံး ရာထူးကို ဆုပ်ကိုင်ထားသူ ဖြစ်၍ တာဝန်အရှိဆုံးလူ ဖြစ်ခဲ့သည်ကို မေ့လျော့ထား၍ မရပေ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအား အကြမ်းဖက် ဖြိုခွင်းခဲ့မှု၊ နာဂစ်မုန်တိုင်းကြီးဒဏ် ခံခဲ့ရပြီး အသက်မသေဘဲ ကျန်ရစ်သူများကို အကူအညီပေးရန် တန်းစီစောင့်ဆိုင်းနေသော နိုင်ငံတကာ အကူ အညီများကို စနစ်တကျ ပိတ်ဆို့ ဟန့်တားခဲ့မှု နှင့် နိုင်ငံရေး အရ သဘောကွဲလွဲသူ အများအပြားကို ဖမ်းဆီး နှိပ်စက်ကာ အကျဉ်းချထားခဲ့မှုများ တို့ပင် ဖြစ်သည်။

 

၂၀၁၁ တွင်တော့ စီစဉ်ထားသည့် အတိုင်း ဗိုလ်သိန်းစိန်သည် သမ္မတ ဖြစ်လာခဲ့ချေပြီ။ ထို့အတွက် ဗိုလ်သန်းရွှေ ၏ လမ်းပြမြေပုံကို တာဝန်ယူ အကောင်အထည် ဖေါ်ရဖို့ ဖြစ်လာခဲ့သည်။ စစ်တပ်သည် ၎င်းတို့ စီစဉ်ခဲ့သည့် အတိုင်း တသွေမတိမ်း အကောင်အထည် ဖေါ်နိုင်ခဲ့ကြသည်။ ဗိုလ်သန်းရွှေ စိတ်တိုင်းကျ ရွေးချယ်ခဲ့သော “အရပ်သား” သမ္မတ လည်း ရှိလာခဲ့ပြီး နိုင်ငံတကာအား ပြေရာပြေကြောင်း ဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပြန်လွှတ်ပေးနိုင်ခဲ့သည်။

 

ဤသို့ဖြင့် မြန်မာသည် “ပုံမှန်” နိုင်ငံ ဘဝ ပြန်ရောက်လာခဲ့သည်။

 

ဗိုလ်သိန်းစိန်သည် ထိုသို့ ပုံမှန် နိုင်ငံ ဘဝပြန်ရောက်လာသည့် အနေအထားတွင် ယခင်အတိုင်း အုပ်ချုပ်သွား ၍က မဖြစ်တော့ပေ။ “ပြုပြင်ပြောင်းလဲရေး” ဟု ကင်ပွန်းတပ်ခံရအောင်နှင့် စစ်တပ်အတွက် အကျိုးရှိရာ ရှိကြောင်းလည်း ဖြစ်လာရအောင် လှည့်ဖျား လုပ်ဆောင်ရမည့် တာဝန်များက ကပ်ပါလာခဲ့သည်။ နိုင်ငံကို တံခါး ဖွင့်ပေးဖို့ လိုအပ်လာသည်။ သို့သော် ပြုပြင်ပြောင်းလဲပေးရမည့် နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် စစ်တပ်၏ ဦးဆောင်မှု အခန်းကဏ္ဍ ကို ချိန်ခွင်လျှာ ညီအောင် ညှိပေးရတော့မည် ဖြစ်သည်။ ထို့အတွက် ပြုပြင်ပြောင်း လဲရေး ဆိုသည်များကို စစ်တပ်၏ ဩဇာ ဆက်လက် လွှမ်းမိုးထားနိုင်ရေး ဆိုသည့် ဘောင်အတွင်းမှ ဆောင်ရွက် ပေးလာခဲ့သည်။

 

ထို မူဘောင်အတွင်း မှ သိန်းစိန်သည် တခါမျှပင် လွတ်ထွက် မသွားအောင် လုပ်ပေးနိုင်ခဲ့သည်။ ပြည်သူအများက စစ်တပ်၏ အခန်းကဏ္ဍကို လျော့ချပေးနိုင်ရန် တခဲနက် တောင်းဆိုလာသည့် ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးကို ယောင်၍မျှပင် တို့ထိ ခဲ့ခြင်း မရှိပေ။

 

သို့သော် သူ့အား မြန်မာပြည်၏ “မီခေးလ် ဂေါဘာချော့” ဟု အမည်ရလာစေမည့် အခြားသော သိသာ ထင်ရှား စေမည့် ပြုပြင်ပြောင်းလဲရေးမျိုးများကို လုပ်လာခဲ့သည်။ အမေရိကန် သမ္မတ အိုဘာမားပင်လျှင် အမှောင်ထု ထဲက တလက်လက် ထွက်ပေါ်လာသည့် အလင်းရောင်တန်း အဖြစ် ခေါ်ဝေါ် ပြောဆိုခဲ့သည်။ သို့သော် ဆင်ခြင် တုံတရား လက်ကိုင်ထားသူ အများစုကမူ ထိုအလင်းရောင်တန်းလေးသည် ကျယ်ပြန့်သည့်ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး မီးတောက်ကြီး အသွင် ကူးပြောင်းလာသည့်အထိ ဖြစ်လာမည်ကိုမူ သံသယ ရှိခဲ့ကြသည်။

 

ဗိုလ်သိန်းစိန် သည် “ပြုပြင်ပြောင်းလဲ‌ရေး သမား” ဖြစ်လာသည်နှင့် သူ့အစိုးရအဖွဲ့ ဝန်ကြီးများလည်း အလိုလို နေရင်း “ပြုပြင်ပြောင်းလဲရေး သမား” များ ဖြစ်လာကြသည်။ နိုင်ငံတကာ ခေါင်းဆောင်များ၊ သံတမန်များ၊ ပညာရှင်များက တလေးတစား ဆက်ဆံလာခဲ့ကြသည်။ နိုင်ငံတကာ သတင်းလောက နှင့် မြန်မာ့အရေး လေ့လာ စောင့်ကြည့်သူများပင် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုလာကြသည်။

 

၎င်းတို့အားလုံးသည် ဒီမိုကရေစီ နှင့် လွတ်လပ်ခွင့်များရရှိရေး အတွက် တန်ဖိုးကြီးကြီး ပေးဆပ်ကာ တိုက်ပွဲ ဝင်ခဲ့ရသူများထက် ပို၍ လူသိများ ထင်ရှားလာခဲ့ကြသည်။

 

တကယ်တမ်းတွင် သိန်းစိန်သည် မြန်မာ နိုင်ငံရေးတွင် စစ်တပ်၏ ဦးဆောင်မှု အခန်းကို ထိခိုက်စေခြင်း မရှိသည့် အပေါ်ယံ ပြုပြင်ပြောင်းလဲမှုများကိုသာ သိမ်မွေ့စွာ ဖန်တီးသွားခဲ့သူ ဖြစ်သည် ဆိုသည့် အချက်အား အပြင်လူ များအကြား ထဲထဲဝင်ဝင် မြင်အောင် ကြည့်နိုင်ခဲ့သူ လွန်စွာ နည်းပါးခဲ့သည်။

 

သို့သော် မြန်မာပြည်သူအများစုကမူ ၎င်းတို့ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကြောင့် ဗိုလ်ချုပ်ကြီးများ ဘဝမှ အရပ်သားများ ဖြစ်လာကြသူများ အကြောင်းကို စိတ်ထဲက အလိုလို သိနေကြပြီး ဖြစ်သည်။ ထို့အတွက် ပြည်သူများမှ ၎င်းတို့ အပေါ် သဘောထားသည် သိန်းစိန် အစိုးရဖက်မှ ဖေးမပြောဆိုနေသူများ၊ ပညာရှင်ဆို သူများ၊ အကြံပေးများ နှင့် လွန်စွာကွဲပြား ခြားနားနေသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။

 

သိန်းစိန်သည် နိုင်ငံကို စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းပေါ် ဆွဲတင်ရန် မည်သည့်အခါမျှ စိတ်ဝင်စားမှု မရှိဘဲ စစ်တပ်အလိုကျ ရောသုတ် ဒီမိုကရေစီ အနေအထားမျိုးလောက်သာ ဖန်တီးပေးလိုသူ ဖြစ်သည်။ စစ်တပ် အလိုကျ ဆိုကတည်းက ပြည်သူဆန္ဒ နှင့် မည်သို့မျှ ထပ်တူမကျတော့ပေ။ ၎င်းတို့၏ အန္တိမ ရည်မှန်းချက်မှာ တိုင်းပြည်ကို စစ်တပ်နှင့် ၎င်းတို့ လက်ဝေခံ ပါတီများမှ ဆက်လက် အုပ်ချုပ်သွားနိုင်ရေးပင် ဖြစ်သည်။

 

နောက်ဆုံးတွင်တော့ သိန်းစိန်သည် ထိုရည်မှန်းချက် အောင်မြင်အောင် အကောင်အထည် ဖေါ်နိုင်ခြင်း မရှိခဲ့ပေ။

 

သိန်းစိန်၏ ဦးဆောင်မှု အောက်တွင်ပင် USDP သည် ၂၀၁၂ ကြားဖြတ် နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ခွက်ခွက် လန်အောင် ရှုံးနိမ့်သွားခဲ့ရသည်။ ဗိုလ်သန်းရွှေ မျှော်မှန်းခဲ့သလို သိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည် အပေါ် အနိုင်မယူ နိုင်ခဲ့ပေ။

 

ဤသည်က သိန်းစိန် ၏ အပြစ်ဟူ၍ ပြောလို့ မရပြန်ပေ။ မြန်မာပြည်သူ တရပ်လုံးက စစ်တပ်ထောက်ခံသည့် တဆည အပါအဝင် မည်သည့် ပါတီကိုမဆို ခါးခါးသီးသီး ရွံ့မုန်းနေကြပြီ ဖြစ်သည်။ ထို့အတွက် လွတ်လပ်၍ တရားမျှတစွာ ကျင်းပပေးသည့် မည်သည့် ရွေးကောက်ပွဲမျိုး မဆို စစ်တပ်ထောက်ခံသည့် ပါတီသည် မည်သို့မျှ အနိုင်ရစရာ အခွင့် အလမ်း မရှိပေ။

 

၂၀၁၆ တွင် NLD သည် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် အရပ်သား အစိုးရကို ဖွဲ့စည်း လာနိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းနှင့် အတူ စစ်တပ်သည် ၎င်းတို့အား ဗိုလ်ကျခွင့်ပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ခံရ မည့် အန္တရာယ်ကြီး နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လာခဲ့ကြရလေသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း USDP သည် ဥက္ကဋ္ဌ အသစ်နှင့်ပင် ထပ်မံ အရေးနိမ့်သွားခဲ့ရပြန်သည်။

 

စစ်တပ်အဖို့မှာ ရွေးကောက်ပွဲ နှစ်ခု နှင့်ပင် ၎င်းတို့ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သွားနိုင်ရေးက လမ်းဆုံး သွားပြီ ဖြစ်သည်ကို ကောင်းစွာ သဘောပေါက် သိမြင်လာကြပြီးဖြစ်သည်။ ထို့အတွက် အာဏာသိမ်းရေးဆို သည့် ပလန် ဘီ ကို ထုတ်သုံးလာကြရခြင်း ဖြစ်သည်။ ပညာရှင်များ နှင့် လေ့လာသူ အတော်များများက စစ်တပ်သည် ထိုသို့ ကျူးလွန်မည် မဟုတ်တော့ဟု တထစ်ချ ယုံကြည်ထားခဲ့ကြသည်။ ဤသည်ကပင် စစ်ဗိုလ် ချုပ်များ၏ စိတ်အခြေအနေနှင့် ခံယူထားသော နိုင်ငံရေးလမ်းစဉ် အပေါ် မှားယွင်းစွာ နားလည်ခဲ့ကြခြင်းသာ ဖြစ်သည်။

 

စစ်တပ်၏ နိုင်ငံရေး ရည်မှန်းချက်များကို ကယ်တင်ရန် မင်းအောင်လှိုင်၏ အလှည့် ကျရောက်လာခဲ့ပြီဖြစ်သည်။ 

 

အရပ်သား အစိုးရမှ ၎င်းတို့၏ အတွင်းစည်းထဲသို့ ထပ်မံ ထိုးဖေါက်လာခြင်း မရှိအောင် ဖေဖေါ်ဝါရီ ၁ ရက်နေ့ တွင် မင်းအောင်လှိုင်သည် အာဏာသိမ်းယူသည့် လုပ်ရပ်ကို ကျူးလွန်လိုက်ပေတော့သည်။ ဤသို့ဖြင့် တိုင်းပြည် ၏ အတောင်ပေါက်စ ဒီမိုက‌ရေစီ စနစ်သာမက ပြည်သူတရပ်လုံး၏ အနာဂတ်ကိုပါ တချက်တည်း နှင့် ဖျက်ဆီး ပြစ်ခဲ့ပေတော့သည်။

 

အိုဘာမား၏ “တိုးတက်မှု အလင်းတန်း” လေးသည်လည်း ဘယ်ရောက်သွားပေသနည်း၊ မင်းအောင်လှိုင်၏ ဆရာ့ ဆရာသမားများ ဖြစ်သည့် ပြုပြင်ပြောင်းလဲရေး သမား ဆိုသည်များကော ဘယ်သဝေထိုး ကုန်ကြ ပေသနည်း။

 

ပြုပြင်ပြောင်းလဲရေး သမားများဟု ခံယူထားသူများသည် အာဏာသိမ်းပြီးချိန်မှစ၍ တညီတညွတ်တည်း ပါးစပ်ပိတ် နှုတ်ဆိတ်နေလာခဲ့ကြသည် မဟုတ်ပါလား။

 

ထိုမျှသာမကသေး သိန်းစိန်လက်ထက်က ဝန်ကြီးများ ဖြစ်ကြသော ဝဏ္ကမောင်လွင်၊ ခင်ရီ၊ ဝင်းရှိန်၊ ပွင့်ဆန်း၊ အောင်သန်းဦး၊ မောင်မောင်အုန်း တို့ပင် အာဏာသိမ်း အဖွဲ့တွင် ပြန်လည် ပါဝင်လာခဲ့ကြသည်။ မောင်မောင် အုန်းမှ လွဲ၍ ကျန်လူများသည် နဂိုမူလ ဝန်ကြီးဌာနများကိုပင် ရယူနိုင်ခဲ့ကြသည်။

 

ထိုပုဂ္ဂိုလ်များသည် တခါက သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲရေး သမားများ ဟု ကြွေးကြော်ခဲ့မှုများ ဘယ်ရောက် ကုန်ကြပေသနည်း။

 

ကျန်လူများအားလုံးသည်လည်း အခြေအနေများ တည်ငြိမ်သွားပြီဟု ယူဆပါက ပြန်လည် ဝင်ရောက်လာရန် အသင့်စောင့်နေကြပြီ ဖြစ်သည်ဟု ယုံကြည်ရသော သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

 

အချို့သည် စိတ်ထဲက၊ အချို့မှာ လူသိရှင်ကြားပင် ၎င်းတို့ ပျော်ရွှင်အားရနေမှုများကို ထုတ်ဖေါ်ပြသခဲ့ကြသည်။ မင်းအောင်လှိုင်အား သူတို့ ဘဝ ၏ ကယ်တင်ရှင်၊ စစ်တပ်ကို တိုင်းပြည်၏ ဦးဆောင်မှု အခန်းသို့ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့သူ အဖြစ် ကျောသပ်ရင်သပ် ချီးမွမ်းခဲ့ကြသည်။

 

(၎င်းတို့ ဦးဆောင်ပြုလုပ်ပေးခဲ့သော ရွေးကောက်ပွဲကြောင့် မဲမသမာမှုဟု စွပ်စွဲ၍ မရတော့သည့် အတူတူ အောင့်အီး၍ အာဏာ လွှဲပေးခဲ့ရသော်လည်း ငါးနှစ်အတွင်း ‌ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ပြည်တွင်းတွင် အယုံအကြည် မဲ့လာစေရေး အတွက် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြင့် ဆူပူအောင် လုပ်ရန်၊ ပြည်တွင်း ငြိမ်းချမ်းရေး မရရှိရေး နှင့် ပြည်ပ အတွက် ရိုဟင်ဂျာ ပြဿနာကို ဖန်တီးပေးလာခဲ့သည်။ ထိုတာဝန်ကို မင်းအောင်လှိုင်က တာဝန်ယူပေးခဲ့ရလေသည်)

 

ဤသို့ဖြင့် မင်းအောင်လှိုင်သည် နောက်ဆုံးတွင် နိုင်ငံအား စစ်အာဏာရှင် လက်အောက်သို့ ပြန်လည် တွန်းပို့ခဲ့သူ အဖြစ် ထွက်ပေါ်လာခဲ့ချေပြီ။

 

ဗိုလ်ချုပ်ကြီး သုံးဦးသည် ၎င်းတို့ နှင့် လက်ဝေခံများသာ အခွင့်ထူးခံ ဘဝနှင့် တိုင်းပြည်ကို ရာသက်ပန် အုပ်ချုပ် သွားနိုင်မည့် ယန္တယားကြီး တခု တရားဝင် ပေါ်ပေါက်လာရန် ကြိုးပမ်းခဲ့ကြသူ များပင်ဖြစ်သည်။

 

အဆိုပါ ဗိုလ်ချုပ်ကြီး သုံးဦးသည် ပြည်သူတို့၏ ဆန္ဒကို လုံးဝပေယျာလကန် ပြုကာ ပြည်သူများ၏ တောက်ပ သောအနာဂတ်၊ မျှော်လင့်ချက်များ နှင့် တိုင်းပြည်၏ အနာဂတ်ကို ဖျက်ဆီးပစ်ခဲ့ကြသူများအဖြစ် သမိုင်းတွင် ကျန်ရစ်တော့မည့် လူများသာ ဖြစ်ပေတော့သည်။

 

(မှတ်ချက် - လက်သည်းဝှက်များထဲရှိ စာသားများမှာ မိမိအမြင်သာဖြစ်ပြီး ဆောင်းပါးရှင်နှင့် သက်ဆိုင်ခြင်း မရှိပေ)

 

အရေးတော်ပုံ အောင်ရမည်!!!