အာဏာရှင် စနစ်မှ ထုတ်နှုတ်ယူရမည့် သင်ခန်းစာ နှစ်ဆယ် (၁၃)

by Hla Soewai - Aug 21 2025

အမေရိကန် သမိုင်းပညာရှင် တီမိုသီ ဂျွန် စနိုက်ဒါ ရေးသည်။

 

13. PRACTICE CORPOREAL POLITICS 

 

CORPOREAL POLITICS ဆိုသည်က ခန္ဓာကိုယ်ကို နိုင်ငံရေး လက်နက် အဖြစ် အသုံးချ ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဥပမာ အားဖြင့် ဆန္ဒပြရာတွင် ခံနိုင်ရည် ရှိမှု၊ အစာငတ်ခံ နိုင်မှု တို့ ဖြစ်သည်။

 

အာဏာသည် သင့်၏ ခန္ဓာကိုယ်အား ထိုင်ခုံ ပေါ်တွင် နူးညံ့ပျော့ပြောင်းသွားသည်ကို လိုလားသည်။ သင်၏ စိတ်ခံစားမှု များအားလည်း စကရင်ပေါ်တွင် ပင် ကွယ်ပျောက်သွားစေချင်သည်။ ထို့အတွက် သင့်ခန္ဓာကိုယ်ကို အကျွမ်းတဝင် မရှိသော ‌နေရာ နှင့် တစိမ်းတရံစာများ ကြား တွင် ရှိနေအောင် ထားရမည် ဖြစ်သည်။ မိတ်ဆွေသစ်များ ဖွဲ့ပါ၊ သူတို့နှင့် အတူတူ ချီတက်ပါ။

 

မိမိတို့ တွန်းလှန်နေမှု များ အောင်မြင်ရန် အတားအဆီး နှစ်ခု ကို ကျော်ဖြတ်ရ ပေမည်။

 

လူဟူသည်က အရာရာတိုင်းကို တသဘောတည်း မရှိတတ် ကြ၍ ပထမဦးစွာ မိမိတို့ ပြုလုပ်လိုသည့် အပြောင်းအလဲများ အတွက် မတူကွဲပြားသည့်နောက်ခံ အကြောင်း ပေါင်း များစွာ ရှိနေသည့် လူများ နှင့် ထိ‌တွေ့ပြီး သ‌ဘောတူလာအောင် ပြုလုပ်ရပေမည်။

 

ဒုတိယ အချက် အနေဖြင့် မိမိတို့ကိုယ် မိမိ ကိုယ်နှင့် အကျွမ်းတဝင် မရှိသော နေရာ၊ ရင်းနှီးမှု မရှိသော လူစိမ်းများ အကြား နေနိုင်အောင် ကြိုးစားရမည် ဖြစ်သည်။

 

ဆန္ဒပြ ကန့်ကွက်မှု များကို ဆိုရှယ်မီဒီယာ မှ တဆင့် စုစည်း နိုင်သည်။ သို့သော် ထိုသို့ စည်းရုံးထားသူများ လမ်းပေါ်ရောက်မလာသရွေ့ အရာရောက်မည် မဟုတ်ပေ။ လက်တွေ့ တွင် အာဏာရှင်များ အဖို့ ၎င်းတို့ လုပ်ရပ်များ အတွက် အကျိုးဆက် တစုံတရာ မရှိဟု ယူဆနိုင်နေသရွေ့ မည်သည့် အပြောင်းအလဲမျှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

 

ကွန်မြူနစ် ဝါဒ ကို အောင်အောင်မြင်မြင် တွန်းလှန် နိုင်ခဲ့သည့် နမူနာ တခု က ပိုလန်တွင် ၁၉၈၀-၈၁ အတွင်း သွေးစည်းညီညွတ်သော အလုပ်သမား လှုပ်ရှားမှု ပင် ဖြစ်သည်။ ထိုအဖွဲ့တွင် အလုပ်သမားများ၊ အတတ်ပညာရှင်များ၊ ကက်သိုလစ် ကျောင်းတိုက်မှ အင်အားစုများ၊ ဘာသာရေး နှင့် မဆိုင်သည့် အုပ်စုများ ပါဝင်သည်။

 

အဆိုပါ ညွှန်‌ ပေါင်း အဖွဲ့ကြီး တွင် ပါဝင်လာခေါင်းဆောင်များ အားလုံးသည် ကွန်မြူနစ် ဝါဒ အောက်တွင် ကျောကော့အောင် ခံထားခဲ့ကြရပြီး သင်ခန်းစာ ကောင်းစွာ ရနေကြသူများ လည်း ဖြစ်သည်။ ၁၉၆၈ တွင် ကွန်မြူနစ် အစိုးရသည် ထိုစဉ်က ဖြစ်ပွားလာသော ကျောင်းသား ဆန္ဒပြမှု များကို ဖြိုခွင်းရန် အလုပ်သမားများကို စုစည်းလာခဲ့သည်။

 

၁၉၇၀ တွင် ဂူးဒန့်စ် သင်္ဘောကျငိး တွင် အလုပ်သမား သပိတ်ကြီး ဖြစ်ပွားလာသည့် အခါ သွေးထွက်သံယို ဖြစ်သည်အထိ နှိမ်နှင်းလာခဲ့သည်။ ထို အခါတွင်တော့ အလုပ်သမားများသည် အပယ်ခံ ဘဝ ရောက်ခဲ့ပြီး ကူမည့်သူ မရှိ ဖြစ်လာခဲ့ရသည်။

 

၁၉၇၆ တွင် တော့ ၎င်းတို့အပေါ် အစိုးရ၏ ဖိနှိပ်ချုပ်ချယ်လာမှု များကို လက်ပိုက်ကြည့်မနေနိုင်ကြတော့ဘဲ တတ်သိပညာရှင်များ၊ ပညာတတ်များက အဖွဲ့တဖွဲ့ ဖွဲ့စည်းကာ ကူညီပေးလာခဲ့ကြသည်။ ထိုအဖွဲ့တွင် လက်ယာသမားများ၊ လက်ဝဲသမားများ၊ ဘာသာရေး သမားများ၊ ဘာသာမဲ့များ အစရှိသည့် လူတန်းစား ပေါင်းစုံ ပါဝင်လာကြပြီး အလုပ်သမားများ၏ ယုံကြည်မှု ကို တည်ဆောက်နိုင်ခဲ့ကြသည်။ 

 

ဘော်လတစ် ကမ်းခြေရှိ ပိုလန် အလုပ်သမားများက ၁၉၈၀ တွင် နောက်တကြိမ် သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ကြပြန်သည်။ ထိုအခါတွင်တော့ ရှေ့နေများ၊ တတ်သိပညာရှင်များ အစရှိသည့် အလွှာပေါင်းစုံက ၎င်းတို့ဖက်မှ မားမားမတ်မတ် ရပ်ပေးလာခဲ့ကြသည်။

 

ထွက်ပေါ်လာသော ရလဒ်ကား လွတ်လပ်သော အလုပ်သမား သမဂ္ဂ ဖွဲ့စည်း ခွင့် ရလာခဲ့ခြင်းပင် ဖြစ်သည်။ အစိုးရ ဖက်မှလည်း လူ့အခွင့် အရေးများကို လေးစားလိုက်နာပါမည်ဟု အာမခံလာခဲ့သည်။၊

 

သွေးစည်း ညီညွတ်ရေး အဖွဲ့ကြီးအား လွတ်လပ်သော အလုပ်သမား သမဂ္ဂ အဖြစ် တရားဝင် ရပ်တည်ခွင့် ပေးထားခဲ့ သည့် ၁၆ လ အတွင်း အလုပ်သမား ၁၀ သန်း နီးပါး အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ဆန္ဒပြပွဲ များ၊ သပိတ်တိုက်ပွဲ များ၊ ချီတက် လမ်းလျှောက်ပွဲ များ အတူ ဆင်နွှဲကြရင်းက မိတ်ဆွေ သစ်များ တိုးပွားလာခဲ့သည်။

 

၁၉၈၁ တွင် ကွန်မြူနစ် အစိုးရသည် မာရှယ်လော‌ ထုတ်ပြီး သွေးစည်း ညီညွတ်ရေး အဖွဲ့ကြီးကို နှိမ်နှင်းလာပြန်သည်။ ရှစ်နှစ်အကြာ ၁၉၈၉ တွင်တော့ နိုင်ငံရေး အ‌ရ အဖြေရှာဖို့ ‌ဆွေးနွေးရန် လိုအပ်လာသည့် အခါတွင်တော့ အဆိုပါ အဖွဲ့ကြီးထံ ပြန်လည် ချဉ်းကပ်လာခဲ့ပြန်သည်။ 

 

ဒီတကြိမ်တွင်တော့ သွေးစည်းညီညွတ်ရေး အဖွဲ့ကြီးမှ ရွေးကောက်ပွဲ မဖြစ်မနေ လုပ်ပေးရန် တောင်းဆိုလာခဲ့၍ လိုက်လျောခဲ့ရသည်။ ရွေးကောက်ပွဲ ပြုလုပ်သည့် အခါ သွေးစည်း ညီညွတ်ရေး အဖွဲ့ကြီးပင် အနိုင် ရရှိသွားခဲ့သည်။

 

‌ဤသည်ကပင် အရှေ့ဥရောပ ရှိ ပိုလန် နှင့် ဆိုဗီယက် ပြည်ထောင်စု ၏ ကွန်မြူနစ် ဝါဒ ကျဆုံးခန်း အစပျိုးလာခြင်းပင် ဖြစ်သည်။

 

လူအများ ကြားထဲ ရှိနေဖို့ ရွေးချယ်မှု သည် မိမိတို့ ၏ ကိုယ်ပိုင်ဘဝ ကို မည်မျှအထိ ခိုင်မာအောင် ထိန်းသိမ်းနိုင်စွမ်း ရှိမှု အပေါ် မူတည်နေသည်။ မည်သည့် အချိန်တွင် ကိုယ့်ကို ကိုယ် လူအများသိအောင် ချပြ ၍ ရမည်၊ မည်သည့် အချိန်မျိုး တွင် တိတ်တိတ် ဆိတ် ဆိတ် လူအသိမခံဘဲ နေရမည်ကို ကိုယ်တိုင် သတ်မှတ် ပိုင်းခြား နိုင်စွမ်း ရှိမှသာလျင် လွတ်လပ်သော ဘဝ ကို ပိုင်ဆိုင်ကြ‌မည် ဖြစ်သည်။