မင်းအောင်လှိုင် အဖို့ လောလောဆယ် ရတက်မအေးဖြစ်လာရသည် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ် မှ ဗိုလ်ချုပ်ကြီးလည်း ဖြစ် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌ လည်း ဖြစ်သည့် ကျန်း ယိုရှိယား နှင့် ရှီကျင့်ပင် အကြား အခြေအနေ တင်းမာလာ နေသည့် သတင်းများ ကြောင့် ပင် ဖြစ်သည်။ ကျန်း ယိုရှိယားသည် ပြည်သူ့လုံခြုံရေး နှင့် နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာနများကို ၎င်း၏ အုပ်ချုပ်မှု အောက်တွင် ထားရှိလိုက်ပြီး ရှီကျင့်ပင် လူများ အား ဆက်တိုက်ဆိုသလို သန့်စင် ပစ်နေသည်။
မည်သူ အနိုင်ရသွားမည် ဆိုသည်ကို စက်တင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ဂျပန် အပေါ် စစ်အောင်နိုင်ခဲ့မှု အနှစ် ၈၀ ပြည့် စစ်ရေးပြ အခမ်းအနား တက်ရောက်လာမှု ပုံစံ ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။
ရှီကျင့်ပင်သည် ထိုအခမ်းအနားတွင် အဓိက မူဝါဒ ရေးရာ မိန့်ခွန်း ပြောရန် ရှိနေသည်၊ ၁၉၇၈ တွင် ထိုကဲ့သို့ သော အခမ်းအနား မျိုး တွင် ဟွကိုဖုန်း မိန့်ခွန်း ပြောမည့် အရေးကို တိန့်ရှောင်ဖိန် နှင့် လော့ ရွေ့ချင်း အဖွဲ့က တားမြစ်နိုင်ခဲ့မှု နှင့် အတူ ဟွကိုဖုန်း ပြိုလဲသွားခဲ့ရသည်။
ဟူဂျင်တောင်း အပါအဝင် ပါတီ အကြီးအကဲများက ထိုသို့ အကောင်အထည် ဖေါ်နိုင် ဖို့ "အထူး စစ်ဆင်ရေး အဖွဲ့" အား ဖွဲ့စည်းရန် ကျန်း ယိုရှီယားအား မီးစီမ်း ပြလိုက်ပြီ ဖြစ်သည်ဟု အတွင်း သတင်းများ ထွက်ပေါ် လာနေသည်။
ကျန်း ယိုရှိယားသည် အနောက်အုပ်စု နှင့် ပြေလည်ရေး လိုလားသူ ဖြစ်သည်ဟု လေ့လာသူများက ယုံကြည်နေကြသည်။
အကယ်၍ ရှီကျင့်ပင် လက်ဝယ်ရှိ အာဏာ များ ရုပ်သိမ်းပြီး ချောင်ထိုး ခံရပြီဆိုက မင်းအောင်လှိုင်၏ ရပ်တည်နိုင်မှု ကို ထိခိုက်လာတော့မည် ဖြစ်သည်။ ပြည်ပ အားကိုးမှု ၏ အကျိုး များ ခံစားရပေတော့မည်။
MNDAA လားရှိုးကို မသိမ်းပိုက်မီကပင် ကြံရာမရ ဖြစ်လာသော မင်းအောင်လှိုင်သည် ပြည်ပ ကျုးကျော်စစ် ပုံစံမျိုး လုပ်ကြံ ပြောဆိုလာပြီး လူထု ၏ ထောက်ခံမှု ရရန် ကြိုးပမ်းလာခဲ့သည်။ ညီနောင်သုံးဖေါ် ဆန့်ကျင်ရေး လူထု အစည်း အဝေး ဆိုသည်ကိုပင် ရန်ကုန်၊ နေပြည်တော် တွင် သာမက ဖားအံ တွင် ပင် စီစဉ် ပြုလုပ်လာခဲ့သည်။
တရုတ် အစိုးရ၏ ရည်ရွယ်ချက်များက အောင်မြင်သွားခဲ့သည်၊ လားရှိုးကို ပြန်ရအောင် လုပ်ပေးမည်၊ မင်းအောင်လှိုင် ဖက်က စစ်အုပ်ချုပ်ရေး ရုတ်သိမ်းပြီး ရွေးကောက်ပွဲ လုပ်ပေးပါမည်ဟု ကတိပေးလိုက်ရသည်။
ဘီဂျင်း အလိုကျ ရွေးကောက်ပွဲ ကို အိန္ဒိယ လုပ် စက်များသုံး၍ မသမာသော နည်း ဖြင့် စိတ်ကြိုက် လုပ်၍ ရ နေသည့်တိုင် စစ်အာဏာသိမ်း အဖွဲ့သည် “မိုးမပြိုဘူး ပြိုခဲ့သော်” ဆိုသည့် ယုံထင်ကြောင်ထင် အတွေးများဖြင့် ဟာကွက် မရှိအောင် ဥပဒေ အမျိုးမျိုး ကို စိတ်ကူးရသမျှ ထုတ်ပြန်ကာ ပို၍ပင် ဖိနှိပ်လာနေရသည်။
အာရက္ခ တပ်တော်မှ တရုတ် မည်မျှပင် ဖိအားပေးသော်ငြား ၎င်းတို့ သိမ်းပိုက်ထားသော မြို့ရွာ တခုတလေကိုမျှ ပြန်ပေးမည် မဟုတ်၊ ရခိုင်ပြည်နယ် တခုလုံး ကို အရပြန်ယူသွားမည်ဟု ကြုံးဝါးလိုက်ပြီ ဖြစ်သည်။ အလားတူ ကရင်၊ ကချင်၊ ကရင်နီ တော်လှန်ရေး တပ်များကလည်း ၎င်းတို့ နယ်မြေများ တွင် ခွင့်မပြုဟု အသီးသီး ပြောဆို ခဲ့ကြပြီး လည်း ဖြစ်သည်။
ကေအင်ယူ ဥက္ကဌ ပဒို စောကွယ်ထူးဝင်းက လူထု၏ ပြင်းထန်လွန်းလှသည့် ဆန့်ကျင် တွန်းလှန်မှု များ ကြောင့် စစ်အာဏာရှင်များ ဇတ်သိမ်းတော့မည့် အခြေအနေကို မြင်နေရပြီဟု ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကရင် အမျိုးသား အာဇာနည်နေ့တွင် ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။
နောက်ထပ် ၎င်းတို့ လူတော တိုးနိုင်ဖို့ အရေး အား ထပ်မံ အနှောက်အယှက် ပေးလာရသည်က မြန်မာ အရေး လွတ်လပ်စွာ စုံစမ်းနိုင်ရန် ဖွဲ့စည်းခဲ့သော ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး မှုး များက စစ်တပ် မှ စစ် ကြော ရေး စခန်းများ တွင် စနစ်တကျ နှိပ်စက်ညှင်းပမ်းလျက် ရှိပြီး ကျုးလွန်နေသူ များကိုပါ အမည်နှင့် တကွ ဖော်ထုတ် နိုင်ခဲ့သည်ဟု ဂျနီဗာ တွင် အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်း ကြောင့်ပင် ဖြစ်သည်။
အကျဉ်းသားများအား ရိုက်နှက်ခြင်း၊ ကျင်စက်ဖြင့် တို့ခြင်း၊ အုပ်စုလိုက် အဓမ္မ ပြုကျင့်ခြင်း၊ အသက်ရှူ လမ်းကြောင်း ပိတ်သည်အထိ လည်မျို ညှစ်ခြင်း အစရှိသည့် နည်းလမ်းပေါင်းစုံ ကျုးလွန်ခဲ့ကြ၍ မကြာခဏ ဆိုသလို သေဆုံးသည်အထိ ဖြစ်ရသည်ဟု ပါရှိသည်။
ရှေ့နေ လည်း ဖြစ် အဖွဲ့ အကြီးအကဲ ဖြစ်သူ နီကိုလပ်စ် ကူးမဂျန် က မျက်မြင်သက်သေ ထွက်ဆိုချက်များ အပြင် လွန်စွာ အရေးပါသော သက်သေ အထောက်အထား များ ရရှိထားပြီဟု ၁၆ မျက်နှာပါ အစီရင်ခံစာ တွင် ဖေါ်ပြထားသည်။
ဖမ်းလိုသည့် မိဘများ ရှာမတွေ့က ကလေးများကိုပင် ဖမ်းဆီးနှိပ်စက်ကြသည်ဟုလည်း ဆိုသည်။
အဆိုပါ အစီရင်ခံစာ အား ဇွန် ၃၀ ရက် အထိ တနှစ်တာ ကာလ အတွက် ပြုစုထားခြင်း ဖြစ်ပြီး ၎င်းတို့ထံ မှ ရှင်းလင်းချက်ပေးရန် အကြိမ်ပေါင်း နှစ်ဒါဇင်မျှ တောင်းဆိုခဲ့သော်လည်း ရေငုံ နှုတ်ပိတ် နေသည်ဟု ဆိုသည်။
ယခုအခါ ကမ္ဘာ သတင်း မီဒီယာ တိုင်းလိုလို တွင် ပါရှိလာခဲ့သည်။
ကျူးလွန်သူများထဲတွင် တပ်ရင်းမှုး အဆင့်အထိ ပါဝင်နေပြီး စုံစမ်းဆဲ ဖြစ်သဖြင့် လက်တို့ လိုက်သလို ဖြစ်သွား မည် စိုး၍ အမည်များကို လျို့ဝှက်ထားသည်ဟုလည်း ပါရှိသည်။ အနှိပ်စက်ခံရသူ များက ၎င်းတို့ ဘယ်သူဘယ်ဝါ ဖြစ်သည် ဆိုသည်ကို သိရှိထားကြ၍လည်း ရှေ့ရှောက် ရုံးတင် တရားစွဲရာတွင် အထောက်အကူ ဖြစ်လာမည်ဟု ကူမဂျန်က ပြောပြခဲ့သည်။ ၎င်း၏ အဖွဲ့အား ၂၀၁၁ ကတည်းက ဗြိတိန် နှင့် အိုင်စီစီ၏ တရားစီရင် ပိုင်ခွင့် အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဘတ်ဂျက် ဖြတ်တောက်ခံနေရ၍ ရှေ့လျောက် အခက်အခဲ များ ရှိလာနိုင်သည်သည်ဟုလည်း ဆိုသည်။
လက်ရှိ တနိုင်ငံလုံးတွင် မင်းအောင်လှိုင် ၏ ဒုက္ခပေးခြင်း မခံရသူ ဟူ၍ ကြူကြူလှ တဦးသာ ကျန်တော့သည့် အဖြစ် ရောက်နေ၍ မည်သို့သော သတင်း မျိုး မဆို ၎င်းအတွက် က ရတက်မအေးစရာကြီး သာ ဖြစ်လာနေသည်။
၎င်းသာမက စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့၏ သားသမီးများ၊ ခရိုနီများမှ မှ အစ တနိုင်ငံလုံး လမ်းပေါ်တွင် တောင်းရမ်း စားသောက်နေသူများ ပါ မကျန် မြန်မာ့သမိုင်းတွင် မကြုံဖူးလောက်အောင် အထွေထွေ အကျပ်အတည်းကြီး နှင့် ကြုံနေရသည်။ တဖက်တွင် ၎င်းတို့ ဆက်၍ အုပ်ချုပ်နေသရွေ့ တိုင်းပြည်သည် ပြန်၍ ခေါင်းထောင် လာနိုင်စွမ်း ရှိပါတော့မည်လားဟု စိုးရိမ်ပူပန်မှုများ ကြီးထွားလာခဲ့ကြသည်။
မိမိတို့ အကြား အယူအဆမတူမှုများ၊ သံသယ ရှိနေမှု များကို ခေတ္တ ဘေးချိတ်ကာ နိုင်ငံ၏ အနာဂတ်ကို ပြောင်းလဲ ပစ်နိုင်စွမ်း ရှိသည့် အခြေအနေများ ပေါ်ပေါက်လာနေမှုကို အမိအရ အသုံးချ နိုင်ဖို့သာ လိုပေတော့သည်။ နိုင်ငံတကာအနေဖြင့် အလုပ်နှင့် သက်သေပြမှသာ ထောက်ခံမှုများ ပေးလာမည်လည်း ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!