ကိုဗစ်သည် ဗုဒ္ဓဘာသာ နိုင်ငံများ အား ချမ်းသာပေးခဲ့ပုံရှိသလော

by Hla Soewai - Jul 22 2020

ကမ္ဘာအနှံ့ ဖြစ်ပွားနေသော ကပ်ရောဂါဆိုးကြီး ကူးစက်မှု အား လေ့လာနေသူများ အဖို့ အကြီးမားဆုံး ပဟေဠိကြီးပမာ ဖြစ်နေခဲ့ရသည့် နေရာမှာ အရှေတောင် အာရှပင် ဖြစ်သည်။ ကိုဗစ်-၁၉ စတင် ဖြစ်ပွားရာ တရုတ်နိုင်ငံနှင့် နီးကပ်စွာ တည်ရှိနေသည့်အပြင် လက်ရှိ အရှိန်အဟုန်နှင့် ဖြစ်ပွားနေသော အိန္ဒိယ နှင့်လည်း ထိစပ်နေသော်ငြားလည်း ဗုဒ္ဓဘာသာ တစိတ်တပိုင်း သို့မဟုတ် အဓိက နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများ တွင် နှာချေသံပင် မကြားရသလောက် တိတ်ဆိတ်နေခဲ့ပေသည်။

 

ထိုအထဲတွင် ဗီယက်နမ်သည် ကျန်နိုင်ငံများထက် ခေါင်းပြူထွက်နိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ လူဦးရေ ၉၇ သန်း ရှိသော်လည်း အသေအပျောက် တဦးတလေမျှပင် မရှိခဲ့ပေ။ လူဦးရေ သန်း ၇၀ ရှိသော ထိုင်းနိုင်ငံတွင် သေဆုံးသူ ၅၈ ဦး နှင့် ပြည်တွင်း ကူးစက်မှု သုံည ဖြစ်လာနေသည်မှာ ရက် ၄၀ ပင် ကျော်လာခဲ့ပြီ ဖြစ်သည်။ ဆင်းရဲသော မြန်မာတွင် ကူးစက်သူ ၃၁၇ ဦး နှင့် သေဆုံးခဲ့သူ ၆ ဦးသာ ရှိသည်။ ကမ္ဘောဒီယားတွင် ကူးစက် အတည်ပြု လူနာ ၁၄၁ ဦး နှင့် လာအိုတွင် ၁၉ ဦး ရှိပြီး သေဆုံးသူ မရှိ၊ ပြည်တွင်း ကူးစက်မှုတွင် ဧပြီလ မှစ၍ မရှိ ဟု ဆိုသည်။

 

အဆိုပါ နိုင်ငံများ နှင့် မလှမ်းမကမ်းတွင် ရှိသော ကျွန်းနိုင်ငံကြီးများ ဖြစ်သော အင်ဒိုနီရှားတွင် ကူးစက်သူ ၆၈,၁၀၀ နှင့် သေဆုံးသူ ၁,၄၀၀ ၊ ဖိလစ်ပိုင်တွင် ကူးစက်သူ ၅၀,၄၀၀ နှင့် သေဆုံးသူ ၁,၃၀၀ ရှိနေကြသည်။

 

ထိုဖြစ်စဉ် အပေါ် သုံးသပ်ရာတွင် ကံ ကံ၏ အကျိုး ဆိုသည်ကို ဖယ်ထားမှ ဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ဗီယက်နမ်သည် ဘာသာမဲ့ အာဏာရှင် စနစ် ကျင့်သုံးနေသောကြောင့်ပင် ဖြစ်သည်။ ဗီယက်နမ်၏ အောင်မြင်မှု သည်က ဖြေရှင်းချက် ထုတ်ရန် အလွယ်ကူဆုံးပင် ဖြစ်သည်။ ယင်းသည် အိမ်နီးချင်း ဖြစ်သော တရုတ်နိုင်ငံ အပေါ် ရာစုနှစ်ပေါင်းများစွာ ကူးလူးဆက်ဆံခဲ့ရာမှ အမြစ်တွယ်လာခဲ့သော သံသယ က ရှိနေခဲ့ပြီး ဖြစ်သည်။ နှစ်စကတည်းကပင် တရုတ်၏ အာမခံ နှစ်သိမ့်စကားများကို လက်မခံပဲ ရောဂါဖြစ်ပွားရာ လမ်းကြောင်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ ပိုမိုသိနိုင်ရန် ဆိုက်ဘာ မှ တဆင့် တိုက်ခိုက် ထုတ်နှုတ်ယူနိုင်ခဲ့သည်။ နယ်ခြား ကိုလည်း ပိတ်ပြစ်ခဲ့ပြီး အာဏာရှင်များပီပီ လူများသွားလာမှု ကို ပိတ်ဆို့ကာ ကူးစက်သူများအား ခြေရာခံပြီး သီးခြားထားရှိနိုင်ခဲ့သည်။ ဤသည်ကလည်း တရုတ် ကွန်မြူနစ် အာဏာပိုင်များ လုပ်နည်းအတိုင်း ပင် ဖြစ်သည်။

 

ကျန် နိုင်ငံအများစုတွင်တော့ တရုတ် နှင့် ဗီယက်နမ်တို့ကို အတုယူ လိုက်လုပ်ရန် အကြွင်းမဲ့အာဏာ လည်း မရှိ ထိရောက်သည့် ကျန်းမာရေး စနစ်ကလည်း ချို့တဲ့နေပြန်သည်။ သို့သော် ဗိုလ်ချုပ်ကြီးများ ဖန်တီးထားသည့် အတုအယောင် ဒီမိုကရေစီ စနစ်အောက်ရှိ ထိုင်း နိုင်ငံသည် အဆိုပါ နှစ်နိုင်ငံနှင့် အနီးစပ်ဆုံး တူအောင် လိုက်လုပ်နိုင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ထိုင်းတွင် နဂိုကတည်းကပင် အဆင်မြင့် ကျန်းမာရေး ကုသမှု များက ရှိနေပြီး ဖြစ်သဖြင့် ဒေသတွင်း လူနာများ စုပြုံရောက်ရှိခဲ့ရာ နေရာလည်း ဖြစ်သည်။ ထို့အပြင် အစိုးရ မှ ကိုဗစ်-၁၉ တိုက်ဖျက်ရေး အထူး တပ်ဖွဲ့ကို အလျှင်အမြန် ဖွဲ့စည်းပေးနိုင်ခဲ့သည်။

 

ထိုင်း နိုင်ငံ၏ အောင်မြင်မှုသည် လူအများအပြားမှာ တရုတ်နှင့် အသွားအလာမပျက် ရှိနေသည့်ကြားမှ ကူးစက်မှု ပျံ့ပွားလာခြင်း မရှိပဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံသည် တရုတ် ခရီးသွားများကို ကပ်ရောဂါ အရှိန်မြင့်လာနေသည့် မတ်လထဲရောက်သည့်တိုင် လက်ခံနေခဲ့သည်။ တရုတ် ကုန်သည်များ၊ မှောင်ခိုသမားများ နှင့် ဆောက်လုပ်ရေး သမားများ ဝင်ထွက်သွားလာနေသည့် လာအို၊ မြန်မာ၊ ကမ္ဘောဒီယား တို့အားလည်း တရုတ်က နယ်ခြားကို မပိတ်ရန် ဖိအားပေးထားခဲ့သည်။ အထူးသဖြင့် မြန်မာ နှင့် တရုတ် နယ်ခြားတွင် ယိုပေါက်များက များစွာရှိနေသည်။ သို့ဆိုက တရုတ် ခရီးသွားများ ကြောင့် အရှေ့တောင် အာရှ နိုင်ငံများတွင် အဘယ်ကြောင့် ရောဂါပိုး မပျံ့နှံ့ခဲ့ရသနည်း။

 

အများစု သံသယ ရှိနေသည်က ပျံ့နှံ့သွားစေခဲ့သည်ဟူသော သီအိုရီပင် ဖြစ်သည်။ ရောဂါ စမ်းသပ်မှုများသည် ကမ္ဘောဒီယား၊ လာအို နှင့် မြန်မာ တွင် သူ့အတိုင်းအတာ နှင့် သူ သာ လုပ်နိုင်ခဲ့သည်။ သို့သော် မြန်မာ နိုင်ငံအနှံ့ ဆေးခန်း အမြောက်အမြား ဖွင့်လှစ်ခဲ့သည့် ၊ ကုသိုလ်ဖြစ် ပရဟိတ အသင်းတခု ဖြစ်သည့်၊ Medical Action Myanmar မှ ဖရန့် စမစ်သယူစ် သည် ခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။ အကယ်၍သာ လူအမြောက်အမြား ကူးစက်ခံရပါက သူ၏အဖွဲ့ အနေဖြင့် မည်သို့မျှ မသိပဲ နေလိမ့်မည် မဟုတ်ကြောင်းနှင့် အထူးသဖြင့် မြန်မာလို ကမ္ဘာတွင် အတင်းအဖျင်း အပြောဆုံး (သူ့စကားအရ ဆိုမူ world's gossip country number one) နိုင်ငံ မျိုးတွင် မည်သို့မျှ ဖုံးဖိထား၍ မရဟု ဆိုသည်။ အလားတူပင် ကမ္ဘောဒီယား၊ ထိုင်း နှင့် ဗီယက်နမ်တို့ရှိ ကျွမ်းကျင်သူများကလည်း ရောဂါပိုး လက္ခဏာရှိသူ အမြောက်အမြား ဆေးရုံများသို့ ရောက်လာခြင်း မရှိ၍ ပြည်တွင်း တွင် အရှိန်အဟုန်နှင့် ကူးစက်ခံရသည့် အထောက်အထားများ မတွေ့ရဟု ထောက်ခံ ပြောဆို လာခဲ့ကြသည်။

 

မည်သို့ပင် ဖြစ်စေ အဆင်းရဲဆုံး နိုင်ငံများသည်ပင် ကော်ရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု ထိန်းချုပ်နိုင်သည့် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်စွမ်း ရှိကြောင်း ပြဆိုနိုင်ခဲ့သည်။ ထိုင်းနိုင်ငံမှ ပြန်သွားကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို သူတို့၏ ရွာအပြင်တွင် တဲများထိုး၍ ၁၄ ရက်ကြာ သီးခြားစောင့်ကြည့်ခဲ့ကြ သည်။ အခြားသော အကြောင်းများ ဖြစ်သည့် လူများသည် မြို့ကြီးများတွင် စုပြုံတိုးဝှေ့မနေပဲ ကျေးလက်ဒေသများတွင်သာ နေထိုင်ကြခြင်း၊ လေအေးပေးစက်ထက် ပန်ကာများ၊ လေကောင်းလေသန့်ရရန် ပြတင်းပေါက်များ ဖွင့်၍ နေရခြင်းကို အားသန်ကြခြင်း၊ လူငယ် လူရွယ် အများအပြား ရှိနေခြင်း နှင့် နှာခေါင်းစည်းများ တပ်ရန် လိုလိုလားလား ရှိခဲ့မှုများတို့ကြောင့်လည်း ဖြစ်သည်။ ဘာသာရေး ဝိသေသ တခု ဖြစ်သည့် တဦးနှင့်တဦး လက်အုပ်ချီ နှုတ်ဆက်မှုများကြောင့်လည်း လူချင်းခွာနေရန် ဆိုသည့် သတ်မှတ်ချက် ကို အကောင်အထည် ဖေါ်နိုင်ခဲ့ပြန်သည်။

 

ယခုအခါ မေးခွန်းထုတ်စရာ ဖြစ်လာနေသည်က အရှေ့တောင် အာရှ ရှိ ဗုဒ္ဓဘာသာဝင် နိုင်ငံများသည် ဒုတိယ နှင့် တတိယ လှိုင်းများကို ကျော်လွှားနိုင်မည်လား ဆိုသည်ပင် ဖြစ်သည်။ ယခုအခါ ကူးစက်မှု လမ်းကြောင်းသည် တရုတ်ပြည်မှ မဟုတ်တော့ပဲ ကမ္ဘာအနှံ့ အပြားမှ ဝင်ရောက်လာနေကြပြီ ဖြစ်သည်။ အထူးသဖြင့် ဟောင်ကောင်တွင် သိသာ ထင်ရှားနေသည်။

 

ယခုအပတ်အတွင်း အရှေ့တောင် အာရှရှိ ဘုရားကျောင်းကန်များတွင် ဝါဆိုလပြည့် အခမ်းအနားများ ကျင်းပဖို့ ရှိနေရာ ကိုဗစ်-၁၉ အပေါ် အကာအကွယ်များက အလွယ်တကူ ပြိုလဲသွားဖို့ ရှိနေပြီ ဖြစ်သည်။

 

(၂၀၂၀ ဇူလိုင် ၁၁ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ “Why has the pandemic spared the Buddhist parts of South East Asia?”)