ဘီဂျင်း မှ အသံဗလံများ နောက်ဆက်တွဲ

by Hla Soewai - Aug 21 2025

မနေ့က ကျွန်တော် ရေးခဲ့သည့် ပို့စ် တွင် ကုလ ၏ နှစ်စဉ် အစီရင် ခံစာ အကြောင်းပါ ထည့်သွင်း ရေးသား ရန် ရှိနေ၍ အကျဉ်းချုပ်မျှသာ ထည့်သွင်း နိုင်ခဲ့သည်။ သို့သော် စာဖတ်သူများ အကြား စိတ်ဝင်တစား ရှိနေကြသည်ကို ရိပ်စားမိလာ၍ ဆောင်းပါး အကျယ်ကို ချန်လှပ်ထား၍ မဖြစ်တော့၊

 

 TNLA. တပ်မှုးကြီး ဗိုလ်ချုပ် တာဘုန်းကျော် ပြောသလိုပင် မြန်မာတို့၏ တော်လှန်ရေး အတွက် အဓိက အတားအဆီး ဖြစ်နေသည်က တရုတ်တို့ ကိုယ်ကျိုးကြည့် ဝင်ရောက်စွက်ဖက်နေခြင်းကြောင့် ဆိုသည်ကို ပြည်သူများ လက်ခံထားကြပြီး ဖြစ်သည်။

 

ထို့အတွက် တားမြစ် နန်းတော်ကြီး အတွင်း ဖြစ်လာရသည့် အာဏာလုပွဲ ဆိုသည်ကို သိချင်ကြမည် ဖြစ်၍ တရုတ် ပြည်တွင်း‌ ရေး အနီးကပ် လေ့လာစောင့်ကြည့် ရေးသား နေသည့် Vision Times News ဝက်ဆိုဒ် ကြီး ၏ ရေးသားထားသည်များကို ပြန်လည် ရေးသား တင်ပြသွားမည် ဖြစ်သည်။

 

*********

 

ပါတီ ခေါင်းဆောင်ပိုင်း လူကြီး များသည် ၎င်းတို့ ဘာလုပ်သင့်သည် ဘာလုပ်နိုင်သည်ကို ချိန်ဆလာကြသည့် အခါတိုင်း ဇာတ်‌ကြောင်းများက ဆက်တိုက် ဆိုသလို ထွက်ပေါ်လာစမြဲ ပင် ဖြစ်သည်။

 

တရုတ် ကွန်မြူနစ် ပါတီ စီစီပီ ၏ ထိတ်တန်း စစ်ဖက်အကြီး အကဲ နှင့် ဗဟို စစ်ကော်မရှင် ဒုဥက္ကဌ ဖြစ်သူ ကျန်း ယိုရှိယား သည် ပြည်သူ့လုံခြုံရေး နှင့် နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာနများကို ၎င်း၏ အုပ်ချုပ်မှု အောက်သို့ သွတ်သွင်းလာခဲ့သည်။

 

ထိုလုပ်ရပ်သည် စီစီပီ၏ ခေါင်းဆောင်ပိုင်း အကွဲအပြဲ နက်ရှိုင်းလာမှု ကို ပြဆိုနေပြီး လေ့လာသူများ အဖို့ ဇဝေဇဝါ ဖြစ်လာရသည်။ ကမ္ဘာတဝှမ်းကလည်း အာဏာချိန်ခွင်လျှာ ဘယ်ဖက် ယိမ်းမည် လဲ ဆိုသည်ကို အနီးကပ် စောင့်ကြည့်‌နေကြပြီး အားလုံး၏ စိတ်ထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာနေသည်။

 

ကျန်း ယိုရှိယားသည် အဘယ်ကြောင့် ၎င်း၏ သန့်စင်‌နေမှု များ အဘယ်ကြောင့် ဆက်လုပ်နိုင်နေသနည်း။ ဘယ်သူ့ အားကိုး ပြီး လုပ်နေတာလဲ၊ စက်တင်ဘာ ၃ ရက်နေ့ စစ်ရေးပြပွဲ မှ အဖြေ ထွက်လာနိုင်မည်လော။

 

ထို မေးခွန်း၏ အဖြေများကို မိမိတို့ ဆက်၍ သုံးသပ် ‌ဆွေးနွေးသွားမည် ဖြစ်သည်။

 

ကျန်း ၏ ပြတ်ပြတ်သားသား သန့်စင်နေမှု

 

ကျန်း သည် လက်ရှိ ဖြစ်ပွားနေသော ၎င်း နှင့် ရှီကျင့်ပင် အုပ်စု အကြား အာဏာလုပွဲမှ မည်သို့သော အန္တရာယ် မျိုး ချက်ခြင်း လက်ငင်း ဆိုသလို ကျရောက်လာနိုင်သည့် အဖြစ်ကို ကောင်းစွာ နားလည် ထားပြီး ဖြစ်သည်။ ၎င်းသာ မဟုတ် ရှီ ဆန့်ကျင်ရေး အုပ်စုဖက်တွင် ပါဝင်နေသော ပါတီ ခေါင်းဆောင်ပိုင်း လူကြီးများသည်လည်း ကိုယ့်ကိုကိုယ် ကာကွယ် နိုင်မှ ဖြစ်တော့မည် ဆိုကာ နည်း လမ်းများ ရှာကြံ လာနေရပြီ ဖြစ်သည်။

 

ပါတီလူကြီးများက စီစီပီ အတွင်း အာဏာလုပွဲ များ မည်မျှ အထိ ရက်စက်ကြမ်းကြုပ်သည် ဆိုသည်ကို သိထားခဲ့ကြသူများလည်း ဖြစ်သည်။ အကယ်၍ ရှီ သာ အပေါ်စီး ပြန်ရောက်သွားခဲ့လျင် ၎င်းတို့အားလုံး လက်စားချေ ခံရတော့မည် ဖြစ်သည်။ ထိုသို့သော အကြောက်တရား ကြောင့်သာ ချီတုံချတုံ ဖြစ်လာပြီး သတိကြီးစွာ ထားလာရခြင်း ဖြစ်သည်။

 

ရှီ သည်လည်း စီစီပီ ၏ နန်းတွင်း အာဏာလုပွဲ ဖြစ်လာက ၎င်းအဖို့ ကြုံလာရမည့် အန္တရာယ်ကို ကောင်းစွာ သိထားသူ ဖြစ်သည်။ မည်သူ မဆိုလက်ရှိ အာဏာ ကို လက်လွှတ်လိုက်ရသည် အထိ ဖြစ်လာက ချေမှုန်းခံရသည့် အဖြစ် ရောက်ခဲ့ရစမြဲ ဖြစ်သည်။ ရှီ အတွက် ငါး ဘဝ အရောက်ခံ၍ မဖြစ် ငါးစိမ်းသည် အဖြစ် ရပ်တည်သွားနိုင်မှ ဖြစ်သည်။ ငါးဘဝ အရောက်ခံရမည့် အဖြစ်မှ ရုန်းထွက်နိုင်မည့် တခုတည်းသော နည်းလမ်းသည် ၎င်း လေဖြန်းသွားပြီ ဆိုသော သတင်းများ နှင့် အတူ စ လာခဲ့သော အာဏာလုပွဲ တွင် လက်ရှိ အာဏာ ကို မဖြစ် ဖြစ်သည့် နည်း နှင့် ကာကွယ် နိုင်မှ ဖြစ်ပေတော့မည်။

 

အာဏာ ဆိုသည်က စီစီပီ အတွက် အသက်သွေးကြော ဖြစ်သည်။ ရှီ သည် အာဏာကို ၎င်း၏ အသက်ပမာ ဆုပ်ကိုင်ထားရသူ ဖြစ်သည်။ ရာထူး မှ ဆင်းပေးရန် တောင်းဆိုမှု သည် "ကျားတကောင်အား "အ‌ အေး သက်သာအောင် သူ၏ အရေခွံ ခွာ၍ အနွေးထည် ချုပ်ပေးမည်" ဟု ပြောသည်နှင့် အလားတူပင် ဖြစ်သည်။ ရှီ သည် အာဏာကို သူ့သဘောနှင့် သူ လက်လွှတ် ပေးမည့် လူစားမျိုး မဟုတ်။

 

အဘယ်ကြောင့်နည်း

 

ရှီသည် နိုင်ငံရေး အရ အသက်ဆက်နိုင်ဖို့ ကျွမ်းကျင်စွာ စီမံနိုင်သူ ဖြစ်သည်။ လက်ရှိ တိုက်ပွဲတွင် အာဏာ ကို လက်မလွှတ် နိုင်အောင် ထိန်းထားနိုင်မှသာ ၎င်း အတွက် အချိန် ရမည် လည်း ဖြစ်သည်။ ထိုသို့ မဟုတ်ပဲ လက်လွှတ်ပေးလိုက်မည် ဆိုလျင် သေချာပေါက် လက်စားချေ ခံရ‌‌ တော့မည် ဖြစ်သည်။ ၎င်းနေရာကို ဆက်ခံမည့်သူ အား ကိုယ်တိုင် ရွေးချယ် ခန့်အပ်ထားနိုင်မှ၊ လက်ရှိ အာဏာလုပွဲ မှ လွတ်လွတ်ကျွတ်ကျွတ် ထွက်လာနိုင်သူ တဦးဦး ဖြစ်ပါမှ ၎င်းအပေါ် မကျေမနပ် ဖြစ်လာနေသော တရုတ် ပြည်သူလူထု ကျေနပ်စေမည့် နည်းမျိုး ဖြင့် အနစ်နာခံ စွန့်လွှတ်သွားမည့် လူမျိုး ဖြစ်နေသည်။

 

ရှီသည် တိုင်းပြည်ကို အုပ်ချုပ်လာခဲ့သည်မှာ ဆယ့်နှစ်နှစ်ပင် ရှိလာခဲ့ပြီ ဖြစ်သည်၊ ထို ဆယ့်နှစ်နှစ် ဆိုသော ကာလအတွင်း တိုင်းပြည်အား ပျက်စီးစေမည့် လုပ်ရပ် များ သာ ဖန်တီးခဲ့သူ ဟု လက်ခံထားကြသည်။ ၎င်း၏ အရေး ပါသော ဆုံးဖြတ်ချက် မှန်သမျှသည် လူထု အကျိုးရှိရာ ရှိကြောင်းထက် အာဏာကို ကျစ်လစ်သည်ထက် ကျစ်လစ်အောင် ဆုပ်ကိုင်ထားနိုင်ဖို့သာ ရည်ရွယ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

 

လက်ရှိ တရုတ်ပြည်၏ စီးပွားရေး ကျဆင်းလာမှုသည် ၎င်း၏ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စီမံခန့်ခွဲ နေမှုမှ ထွက်ပေါ်လာသော ရလဒ် ဖြစ်သည်။ ၎င်းကိုယ်တိုင်လည်း ရာထူးမှ ဆင်းမပေးနိုင် ဖြစ်နေ၍ ထိုသို့ ဖြစ်လာနေမှု ကို တစုံတယောက်ကို အပြစ်ပုံချရတော့မည် ဖြစ်သည်။

 

မော်စီတုံးသည် "လေးဦးဂိုဏ်း" ကို တရားခံ ရှာခဲ့သည်၊ သို့သော် ရှီ သည် မော် ကဲ့သို့ နိုင်ငံကို ထူ ထောင်ခဲ့သူ အဖြစ် လေးစားခံခဲ့ရသူ မဟုတ်၊ မည်သူကမျှလည်း ၎င်းအတွက် ဓါးစာခံ ဝင်လုပ်ပေးမည့်သူ မရှိ။

 

ထို့အတွက် ရှီ သည် ထွက်ပေါက် မရှိ ဖြစ်လာသည်။ ၎င်းအဖို့က လက်ရှိ အတိုင်း စီစီပီ ကို တပါတည်း ဆွဲချ ပြီး ဖျက်ဆီးရေး လမ်းကြောင်း အတိုင်း ဆက်လျှောက်နိုင်မှ ဖြစ်ပေတော့မည်။ ရာသက်ပန် အုပ်ချုပ် နိုင်ရေး အတွက် ဖွဲ့စည်းပုံကို ၂၀၁၈ တွင် ပြင်ဆင်လာခဲ့ရသည်။ အကယ်၍ သာ ပါတီ ခေါင်းဆောင်ပိုင်း လူကြီးများသာ ထိုအချိန်က တကယ်တမ်း ဩဇာ ရှိနေခဲ့မည် ဆိုလျင် မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်း မရှိပေ။

 

တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များ နှစ်စဉ် အစည်းအဝေးလုပ်လေ့ရှိသည့် နွေရာသီ အပန်းဖြေစခန်း အဖြစ် လူသိများသော တရုတ် နိုင်ငံ မြောက်ပိုင်း ဟီဘေး ပြည်နယ် ရှိ ဘေဒိုင်ဟီ ဆွေးနွေးပွဲတွင် ရှီသည် နိုင်ငံရေး မှ ထွက်ခွာ နိုင်မည့် လမ်းကြောင်းကို ချပြလာခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအထဲတွင် ၎င်း၏ ပြိုင်ဖက် ဖြစ်သူ ကျန်း ယိုရှီယားလည်း ရာထူးမှ နှုတ်ထွက်ပေးရမည်ဟု ဆိုသည်။

 

အောက်တိုဘာလ တွင် စတုတ္ထ အကြိမ်မြောက် ပါတီ ဗဟိုကော်မီတီ မျက်နှာစုံညီ အစည်းအဝေးတွင် ထွက် ပေါ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။

 

စစ်ရေး ပြပွဲက ကော ရှီ ကော ကယ်တင်နိုင်မည်လော?

 

ဇွန်လ ၂၅ ရက်တွင် အစိုးရ အာဘော် တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာမှ ဂျပန် အပေါ် စစ်အောင်နိုင်ခဲ့မှု နှစ် ရှစ်ဆယ်မြောက် စစ်ရေးပြ အခမ်းအနားကို တီယန်မင် ရင်ပြင်ကြီးတွင် စက်တင်ဘာ ၃ ရက်‌ နေ့တွင်ကျင်းပသွားမည်ဟု သတင်းထုတ်ပြန်လာခဲ့သည်။ ထိုအခမ်းအနား တွင် ရှီသည် တပ်များကို စစ်ဆေးရန် နှင့် မူဝါဒ ရေးရာ ပိုင်း အဓိကကျသည့် မိန့်ခွန်း ပြောဖို့ ရှိနေသည်။

 

ထူးခြားသည်က ထိုအခမ်းအနားတွင် ရှီသည် တပ်များကို စစ်ဆေးမည်ဟု မပါရှိဘဲ မိန့်ခွန်း ပြောမည်ဟုသာ ဖေါ်ပြထားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအခမ်းအနား အပေါ် အယူအဆ အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်၊ ရှီ ၏ အုပ်စု မှ ထိုအခမ်းအနားကို အသုံးချ၍ ရှီ ၏ မှေးမှိန်လာနေသော အာဏာကို ဈေးဗန်း ပြန်ခင်းရန် ကြံစည်နေသည်ဟု ယုံကြည်နေကြသည်။

 

သို့သော် ၁၉၇၈ အတွင်း ဟွကိုဖုန်းသည် ရေတပ် စစ်‌ ရေးပြ အခမ်းအနားကို အသုံးချ၍ မော် ကဲ့သို့ပင် "တပ်ဖြင့် အုပ်ချုပ်သွားရေး" ဆိုသည် ပုံစံချမည့် မိန့်ခွန်း ပြောလာမည့် အရေးကို တိန့်ရှောင်ဖိန် နှင့် လော့ရွှေချင်း အဖွဲ့က ဟန့်တား ပစ်နိုင်ခဲ့သည်။ ထို့နောက်တွင် တော့ ဟွကိုဖုန်း သည် ဆက်၍ ရပ်တည်နိုင်စွမ်း မရှိတော့ပေ။

 

သို့သော် ကျန်းသည် ထိုအဖြစ်အပျက်မှ သင်ခန်းစာ ယူထားခဲ့ပြီးလည်း ဖြစ်ပုံရသည်။ ၎င်း၏ အကြံအစည် မအောင်မြင်မည့် အရေးကို ပို၍ စိုးရိမ် လာ‌နေပြီး နိုင်ငံ လုံခြုံရေး နှင့် သက်ဆိုင်သည့် ဌာနများ အားလုံးကို စစ်ဖက် ကွပ်ကဲမှု အောက်တွင် ထားရှိလိုက်ပြီး ရာထူးများမှ သန့်စင် ဖယ်ရှားပစ်နေမှုများကို အရှိန့်မြှင့် ပြီး လုပ်လာနေသည်။

 

ထိတ်ပိုင်း အကွဲအပြဲများ

 

ကျန်း အဖို့ အဓိက ထားရမည့် အုပ်စုသည် ကွန်မြူနစ် လူငယ် အဖွဲ့ချုပ် ဖြစ်လာသည်။ ထိုအုပ်စုသည် ရှီ အား ဖယ်ရှားလိုသော်လည်း သက်သက်သာသာ ဖြစ်စေချင်သည် ၊ ရှီ အား လက်ရှိ ရာထူးများ ဆက်ပေးထားပြီး လုပ်ပိုင်ခွင့် အာဏာများကို ဖယ်ရှားပစ်ဖို့၊ ၎င်းနှင့် ၎င်း၏ မိသားစု လုံခြုံရေးကို အာမခံဖို့ လိုလားနေသည်။

 

ကျန်း အဖို့က ထိုအဖွဲ့ ဖြစ်စေချင်သည်များသည် ၎င်း ဆက်၍ ရပ်တည်သွားနိုင်မှု ကို ခြိမ်းခြောက်လာနိုင်သည်ဟု ရှုမြင် လာခဲ့သည်။ ရှီ သည် ပြယုဒ် အဖြစ်သာ ရှိနေသည် ဆို‌စေ ကာမူ ၎င်းအား အန္တရာယ် ပေးလာနိုင်သည်။ ကျန်း၏ သည်းခံနိုင်မှု အတိုင်းအတာ သည် ယခုလ အတွင်း ကုန်ခမ်းလာခဲ့သည်။ လူငယ် အဖွဲ့ချုပ်မှ လှုပ်ရှားမှု တစုံတရာ ထွက်မလာခဲ့လျင် ကျန်းသည် ရှီ အား ရာထူး သုံးခု စလုံး မှ ဖယ်ရှားပြီး ၎င်း၏ လုပ်ရပ်များ အတွက် တာဝန်ခံစေခြင်း ဖြင့်သာ ၎င်း အပေါ် ကျရောက်လာမည့် အန္တရာယ်မှ ဖယ်ရှားနိုင်မည်ဟု တွက်ဆကောင်း တွက်ဆ လာနိုင်သည်။

 

ဟူ ဂျင်တောင် အပါအဝင် ပါတီ ခေါင်းဆောင်ပိုင်း လူကြီးများ က ကျန်း အား ရှီကျင့်ပင့် ပြန် ခေါင်းမထောင်နိုင်ရေး အတွက် နည်းလမ်းမျိုးစုံ သုံးနိုင်ရန် "အထူး စစ်ဆင်ရေး အဖွဲ့" ဖွဲ့စည်းရန် ညွန်ကြားထားသည်ဟု သိရသည်။ ၎င်းတို့အားလုံးက ပါတီတွင်း စည်းလုံးမှု ပြန်လည် တည်ဆောက်ပြီး ရှေ့ဆက်ရမည့် လမ်းကြောင်းသစ် ဖေါ်ဆောင်နိုင်မည် ဟု မျှော်လင့်နေကြသည်။

 

ကျန်း သည် အောင်မြင်မှု ရရှိရန် ပါတီ ထူထောင်ခဲ့သူ အကြီးအကဲ များ၏ မျိုးဆက်များ ဖြစ်သော Red Second Generation အုပ်စု ၏ အကူအညီ ကို ရယူနေသည်ဟု လည်း ဆောင်းပါးတွင် ရေးသားထားသည်။

 

ပြည်သူများ၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!