အမေရိကန် သံ ကြီး ကချင်သို့ ခြေဆန့်ပြီ

by Hla Soewai - Aug 21 2025

ရန်ကုန် ရှိ အမေရိကန် သံရုံး ယာယီ တာဝန်ခံ ဆူစန် စတီဗင်ဆန်သည် ပြီးခဲ့သည့် အပတ် အတွင်း ကချင်ပြည်နယ်သို့ ရောက်ရှိသွားပြီး စီးပွားရေး လုပ်ငန်းရှင်များ၊ ‌ဒေသခံ လူကြီး များ နှင့် တွေ့ဆုံခဲ့သည်ဟု သံရုံး ပြောရေးဆိုခွင့် ရှိသူမှ ဧရာဝတီ သို့ ထုတ်ဖေါ် ပြောဆိုခဲ့သည် ဟု သိရသည်။

 

ပြောရေး ဆိုခွင့် ရှိသူ မှ အမေရိကန် သံတမန်၏ ခရီးစဉ်သည် ဒေသတွင်း လူမှုရေး၊ စီးပွားရေး အခြေအနေများကို အကျွမ်းတဝင် ရှိရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ ခရီးစဉ် နှင့် နီးစပ်သူ တဦးကမူ မစ္စက် စတီဗင်ဆန် ၏ မြစ်ကြီးနား ခရီးစဉ်သည် ကချင်ပြည်သူများ၏ အသံကို နားစွင့်လို၍ ဖြစ်သည်ဟု ပြောခဲ့သည်။

 

သို့သော် ခရီးစဉ်သည် ၎င်းတို့ ပြောသည်ထက် ပို၍ လေးနက်မှု ရှိနေသည်ကို အားလုံးက သဘောပေါက်ထားပြီး ဖြစ်သည်၊ အမေရိကန်သည် ယခုအခါ တရုတ် နှင့် ယှဉ်ပြိုင်နေမှု တွင် မဟာဗျူဟာ အရ လွန်စွာ အရေးပါသော မြေရှားသတ္တု များ ပြတ်လတ်သွားမည့် အရေးကို လွန်စွာ စိုးရိမ်နေသည် မှာ လျို့ဝှက်ချက် မဟုတ်တော့သည် အများသိ ကိစ္စတခု ဖြစ်လာသည်။

 

လက်ရှိ အမေရိကန် နှင့် တရုတ်တို့ ကုန်သွယ်ရေး ဆွေးနွေးပွဲများ တွင် တရုတ်ဖက်မှ မြေရှားသတ္ထု နှင့် ပတ်သက်ပြီး နိုင်ကွက် ကိုင်ထား၍ ဒေါ်နယ် ထရမ့် အဖို့ အခွန် တိုးမြှင့် စည်းကြပ်မည့် အရေးသည် ထင်တိုင်း မပေါက် ဖြစ်လာနေသည်။

 

တရုတ် အဖို့က ၎င်းတို့ နောက်ဖေးခြံဟု သတ်မှတ်ထားသော ဒေသ သို့ ယခုလို အမေရိကန်၏ ထိတ်တန်း သံတမန် တဦး ရောက်ရှိလာမည့် အရေးကို မနှစ်မြို့သည့် အပြင် ယခင်ကလည်း အကြိမ်ကြိမ် ကန့်ကွက် ပြောဆိုထားပြီး ဖြစ်သည်။

 

လက်ရှိ ယူနန်ပြည်နယ် အန်းနင် တွင် ပြုလုပ်နေသော မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲ ရောက်ရှိလာသော စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေ အား ဝမ်ယီ မှ အစည်းအဝေး ပြင်ပတွင် ခေါ်တွေပြီး မင်းအောင်လှိုင် "မဖြစ်မနေ" လုပ်မည် ဆိုသော ရွေးကောက်ပွဲ ကို ထောက်ခံကြောင်း ထပ်လောင်း ပြောဆိုသွားသည်ဟု စစ်အုပ်စု မီဒီယာများမှ သတင်း ထုတ်ပြန်လာခဲ့သည်။

 

သို့သော် တရုတ် သံရုံးမှ သောကြာနေ့ က ထုတ်ပြန်သော ကြေညာချက် တွင် တရုတ်ဖက်မှ ထောက်ခံသည်ဟု တိတိကျကျ ဖေါ်ပြခဲ့ခြင်း မရှိသည်ကို တွေ့ လာရသည်။

 

သို့သော် ဝမ်ယီက ရွေးကောက်ပွဲ မှ တဆင့် ရည်မှန်းချက် သုံးခု အကောင်အထည် ဖေါ်ဖို့ တောင်းဆိုခဲ့သည်ဟု ပါရှိသည်၊ ဝမ်ယီ တောင်းဆိုသော အချက် သုံးချက်မှာ ..

 

(၁) ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ပဋိပက္ခများ ရပ်စဲပြီး ပြည်သူ့ ဆန္ဒ အပေါ် အခြေခံသည့် အမျိုးသား အုပ်ချုပ်ရေး ဖြစ်ပေါ်လာရန်။

 

(၂) အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် အကျယ်ပြန့်ဆုံးသော စည်းလုံး ညီညွတ် မှု ဖြစ်ပေါ်စေရန်။

 

(၃) လူမှုသဟဇာတဖြစ်စေရန်၊ ငလျင်လှုပ်ပြီးနောက်ပိုင်း ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ပြည်သူလူထု၏ လူနေမှုဘဝကို တိုးတက်ကောင်းမွန်စေရန်တို့ ဖြစ်သည်။

 

သို့သော် တရုတ် အစိုးရ အဖို့ ရှက်ဖွယ်လိလိ ကမ္ဘာသိ ဖြစ်သွားရသည်က ၎င်းတို့၏ ဖေ့စ်ဘုတ်မှ ထုတ်ပြန်သော မြန်မာ ဘာသာနှင့် ကြေညာချက် အောက်တွင် မြန်မာပြည်သူများ၏ ပြစ်ပြစ် နှစ်နှစ် ဆဲဆိုသံများ ဖြင့် ပြည့်လျှံ သွားခြင်း ကြောင့်ပင် ဖြစ်သည်။

 

ယခု စာရေးနေချိန်အထိ အားလုံးက ဝိုင်းဝန်းဆဲဆို ရှုတ်ချထားကြသည့် ကွန်မန့်‌ ပေါင်း ၂၀၀ နီးပါးက မြန်မာပြည်သူများသည် တရုတ်-မြန်မာ ချစ်ကြည်ရေး၏ နွေးထွေးသော မေတ္တာကို ရရှိခံစားစေရမည် ဆိုသည့် ဝမ်ယီ၏ အပြောအား တုန့်ပြန်လိုက်ခြင်းပင် ဖြစ်သည်။ တရုတ်၏ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည် ရေး ဆိုသည်က မြောင်းထဲ ရောက်သွားပြီ ဆိုသည့် သဘောလည်း ဖြစ်သည်။

 

ဝမ်ယီ ၏ အချက်သုံးချက်သည် ပြောသင့် ပြောထိုက်သည်ကို ပြောသည် ဆိုသည့် သဘောပါဝင်နေသည်၊ မပြော၍လည်း မရတော့၊ မင်းအောင်လှိုင်သည် ၎င်းတို့ မျှော်လင့်ထားသလို ရွေးကောက်ပွဲကိုတည်တည်ငြိမ်ငြိမ် ပုံစံမျိုး နှင့် မဟုတ်ပဲ ကြောက်ကန် ကန်ပြီး ဂမူးရှူးထိုး လုပ်လာနေသည်ကို တွေ့လာရသော ကြောင့် ပင်။

 

မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ အား ဆန့်ကျင် ပြောဆိုသူ များ ကို ထောင်ချမည်၊ မဲဆွယ်ရာတွင် စစ်တပ် မကောင်းကြောင်း တလုံးတပါဒမျှ မပြောရ၊ မဲဆွယ်ပွဲ အတွက် ၎င်းတို့ထံမှ ခွင့်ပြုချက် တောင်းခံရမည် အစရှိသည့် မဆုံးနိုင်သော ဥပဒေများကို တသီကြီး ထုတ်ပြန်လာခဲ့သည်။

 

တရားမဝင် အာဏာသိမ်း ခေါင်းဆောင် က ပြန်လုပ်ပေးမည့် ရွေးကောက်ပွဲ၊ လက်ရှိ စနစ်ကြီးကို တလုံးတပါဒမျှ ဝေဖန်ခွင့် မရှိသော်လည်း လွှတ်တော်ထဲ ဝင်ထိုင်ခွင့် ရလျင် ကျေနပ်နေမည့် အောက်ဆွဲ "နိုင်ငံရေး ပါတီ" ဆိုသည့် အဖွဲ့များသာ ခွင့်ပြုထားသည့် ရွေးကောက်ပွဲ၊ မင်းအောင်လှိုင်အာဏာပြန်ရရေး ရည်ရွယ်သည့် ရွေးကောက်ပွဲ မျိုးသာ ဖြစ်သည်က တရုတ် တို့ မျက်စိမှိတ်၍ ထောက်ခံ၍ မရအောင် ဖြစ်လာသည်။

 

၎င်းတို့ ဖြစ်မလာဟု ထင်ထားသည့် အကျိူးဆက်များ ဖြစ်လာမည့် အရေးကို လည်း ပူပန်စ ပြုလာပုံရသည်။

 

အာဏာသိမ်းခဲ့သည့် ရက်ပေါင်း ၁၆၅၅ ရက် အတွင်း သတ်ဖြတ်ခံရသူ ၇,၀၆၃ ဦး ရှိလာပြီဟု နိုင်ငံရေး အကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က သတင်း ထုတ်ပြန်လာခဲ့သည်၊ ထိုစာရင်း အရ စစ်အုပ်စု လက်ချက်ကြောင့် ပျမ်းမျှ တရက် ပြည်သူ ၄ ဦး နှုန်း နေ့စဉ် သေဆုံး‌ နေရသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် ၎င်းတို့ အပေါ် ကျရောက်လာသည့် သမိုင်းပေး တာဝန်ကြီး ယခုနှစ် အတွင်း ရုပ်လုံးပေါ်လာအောင် အကြိတ်အနယ် ကြိုးပမ်းနေပြီ ဖြစ်၍ ရန်သူများ ခန့်မှန်း၍ မရအောင် ကြောက်မက်ဖွယ် ကောင်းလှစွာ တိတ်ဆိတ်နေပြီ ဖြစ်သည်။

 

 ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!