နိုင်ငံရေး အရ စေ့ဆပ် အဖြေရှာ နိုင်ရန်သည် စစ်အာဏာသိမ်း အဖွဲ့မှ ၎င်းတို့၏ လုပ်ရပ်များ မှားယွင်းကြောင်း အသိအမှတ် ပြုလာခြင်း၊ နိုင်ငံရေး မျက်နှာစာ မှ ထွက်ခွာရန် ပြင်ဆင်လာခြင်း၊ အရပ်သားများ၏ ခိုင်မာသော ဦးဆောင်မှု အောက်တွင် ရှိမည့် လက်နက်ကိုင် တပ်ဖွဲ့ကြီး နှင့် အတူ ဖဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကြီး ဖွဲ့စည်းရန် သဘောတူခြင်း အစရှိသည့် အနေအထား ရောက်မှသာ ဖြစ်လာနိုင်ပေမည်။
မည်သို့သော နိုင်ငံရေး ဖြေရှင်းချက် မဆို စစ်တပ်အား ဆက်၍ အာဏာ ဆုပ်ကိုင်ခွင့် ပေးထားမည့် ၂၀၀၈ ဖွဲ့စည်းပုံ နှင့် ရရှိနိုင်သည် ဆိုသော အယူအဆ ဟောင်းသည် ရှေ့လျောက် အကျုံးဝင်တော့မည် မဟုတ်ဟု ဆိုသည်။
တဖက်က ရမ်းချင်းတိုင်း ရမ်းနေသော်လည်း တဖက်တွင် လူရိုသေ ရှင်ရိုသေ ဆက်၍ ရပ်တည်နိုင်ခွင့်ရရေး အတွက် ထိုစာအုပ်စိမ်းကြီး တကိုင်ကိုင် နှင့် မန်းမှုတ်နေကြရင်း ကိုယ့်ရှူး ကိုယ်ပတ် ဖြစ်လာနေသည်။
သို့သော် ပြည်သူ တရပ်လုံးက တော့ ထိုစာအုပ်ကြီးအား ပိဿချိန် နှင့် ရောင်းစားဖို့သာ စိတ်ကူးနေကြပြီ ဖြစ်သည်။
ယခုအခါ အတိတ်က မလွှဲမရှောင်သာ ဖြစ်ပေါ်လာသော လူမှုရေး နှင့် နိုင်ငံရေး အာဃာတများ၊ ပဋိပက္ခများကို သင်ပုန်းချေကာ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ကို တည် ဆောက်ရန် အားခဲနေသည့် ဗမာ နှင့် တိုင်းရင်းသား ခေါင်းဆောင်သစ်များ ထွက်ပေါ်လာနေပြီ ဖြစ်သည်။
ဤနေရာတွင် မိမိ အနေဖြင့် အလျှင်းသင့်၍ ပညာရှိ သတိဖြစ်ခဲ ဆိုသည့် သဘောဖြင့် စာရေးဆရာကြီး ဗန်းမော်တင်အောင်၏ သဘောထားကို ကူးယူ ဖေါ်ပြလိုက်ပါသည်။
“နိုင်ငံတခု အတွင်း၌ လူမျိုးစု အချင်းချင်း၊ တန်းတူညီမျှသော ဆက်ဆံရေးကို မတည်ဆောက်သေး သရွေ့ ကာလပတ်လုံး၊ လူမျိုးစုတိုင်း၏ မိမိကြမ္မာ မိမိဘာသာ ဖန်တီးစီရင်ပိုင်ခွင့် ကို လက်ခံ ကျင့်သုံးခြင်း မပြုနိုင်သေး သေရွေ့ ကာလပတ်လုံး၊ ထိုပဋိပက္ခတရားသည် ထိုနိုင်ငံ၏ ကြမ္မာ ကို ဖန်တီးမြဲ ဖန်တီး နေလိမ့်မည်သာ ဖြစ်လေသည်။”
(မြန်မာနိုင်ငံတော် သမိုင်း)
၎င်းတို့ အဖို့က ကြမ္မာစ မှောင်မိုက်နေမှုများကိုတော့ ရောင်စုံ များဖြင့် အပေါ်မှထပ်ကာ ချယ်မှုန်းနိုင်ရန် ကြိုးစားနေသည့် အဆင့်သာ ရှိ၍ ခပ်ဖျော့ဖျော့ အလင်းရောင်အောက်တွင် သာ ရှင်သန် နေကြရဆဲ ဖြစ်သည်။
တနိုင်ငံလုံးက လက်နက်ကိုင် ဆန့်ကျင် တွန်းလှန်လာနေသဖြင့် ရှေ့တန်းနယ်မြေ ဟူ၍ ခွဲခြားသတ်မှတ်နိုင်ခြင်း မရှိတော့ဘဲ နေရာအနှံ့ ဖြစ်လာနေသည်။
ထိုသို့သော အကျပ်အတည်းကြီး နှင့် ရင်ဆိုင်လာရချိန်တွင် မင်းအောင်လှိုင်၏ ဇူလိုင် ၃၁ တွင် ခင်းကျင်းလာ သော ဇာတ်ထုတ်ကို ကြည့်မည်ဆိုက သမ္မတလုပ်ရန် ပြင်ဆင် မွမ်းမံနေပြီ ဖြစ်သည်က သိသာနေသည်။ သို့သော် ၎င်းအား တပြည်လုံးက ရပ်ကွက်ထဲမှ အရက်မူးသမား လောက်ပင် လေးစားကြခြင်း မရှိဘဲ အဆဲဆို ခံရဆုံး လူ ဖြစ်လာနေသည်။
၎င်း သမ္မတ လုပ်သည် မလုပ်သည်က အရေးမကြီး၊ တိုင်းပြည် ရှေ့ရေး ကို ကြည့်၍ ငြိမ်းချမ်းစွာ အဖြေရှာရန် စိတ်ကူး ရှိမရှိ ဆိုသည်ကို သုံးသပ်ရမည် ဖြစ်သည်။ စစ်ကို လက်နက်အားကိုး ဖြင့် အနိုင်တိုက်ရန် ကြံစည်နေသူသာ ဖြစ်သည်ကို ရှင်းလင်းစွာ သိမြင် နိုင်မည် ဖြစ်သည်၊ လက်ရှိ မြို့ပေါင်း ,၆၃ မြို့ကို မာရှယ်လော ထုတ်ပြန်ထားသည်ကပင် ၎င်းအတွက် အကြွေးတင်နေသလို ယူဆထားသည်။
ဆုံးရှုံးသွားသည့် မြို့ရွာများ၊ စစ်စခန်းများ၊ တိုင်းစစ်ဌာနချုပ် များ ကို ဥပက္ခာ ပြုပြီး ယာယီ သမ္မတ ဆိုသည်ကို ထာဝရ တည်မြဲစေရန် ရွေးကောက်ပွဲ ဆိုသော မည်သိုမျှ အဓိပ္ပါယ် မရှိမည့် လုပ်ဇာတ်ကြီး ကပြ အသုံးတော် ခံနိုင်ရေး ကိုသာ အာရုံစိုက်နေသူ ဖြစ်သည်။
၎င်း အနေနှင့်က ထိုသို့ မလုပ်၍လည်း မဖြစ်၊ လက်ရှိ ပဋိပက္ခ ကို ငြိမ်းချမ်းစွာ အဖြေရှာ နိုင်ဖို့ ဆိုသည်က ၎င်း၏ အသက်၊ စည်းစိမ်ဥစ္စာ များ နှင့် လောင်းကြေး ထပ်ရမည့် အရေး ဖြစ်၍ မင်းအောင်လှိုင် အာဏာ တည်မြဲနေသရွေ့ မည်သို့ မျှ ဖြစ်လာနိုင် လိမ့် မည် လည်း မဟုတ်ပေ။
အာရက္ခ တပ်တော်မှ ၎င်းတို့ ထိန်းချုပ်နယ်မြေများ တွင် ရွေးကောက်ပွဲ လုပ်သည်ကို မည်သို့မျှ ခွင့်ပြုမည် မဟုတ်ဟု ပြောခွင့်ရ ဦးခိုင်သုခက မနေ့ကပင် ထုတ်ပြောလာခဲ့သည်၊ လူထု ထောက်ခံမှု မရပဲ လုပ်မည့် ရွေးကောက်ပွဲမျိုးသည် (၎င်းမှလွဲ၍) မည်သူ့ကိုမျှ အကျိုး ရှိမည် မဟုတ်ဘဲ အခြေအနေများ ပို၍ ရှုပ် ထွေး လာဖို့သာ ရှိသည်ဟု ဆိုသည်။
အာဆီယံ ဥက္ကဌ တာဝန်ယူထားသည့် မလေးရှား၏ နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်မှ ရွေးကောက်ပွဲ သည် ၎င်းတို့ တောင်းဆိုထားသော အချက် ငါးချက် တွင် မပါဟု ဆိုပြီး ယင်းအား အကောင်အထည် ဖေါ်ပြီးမှသာ လုပ်ရမည် ဖြစ်သည်ဟု ထပ်မံ ပြောဆိုလာခဲ့သည်။
စစ်အုပ်စု သည် မိုက်ရူးရဲ ဆန်စွာ အနိုင်ရလို ဇော ဖြင့် ၎င်းလိုမင်းထက် ဗုံးကြဲ တိုက်ခိုက် နေသည်ကိုလည်း အာဆီယံသည် ထိုသို့သော သတင်းမျိုးကို မကြားလိုပါ၊ မမြင်လိုပါ ဟု မျက်စိပိတ်၊ နားပိတ် လုပ်နေကြဆဲ ဖြစ်သည်။ ၎င်းတို့ အထင် နိုင်ငံတွင်း ထိန်းမရ သိမ်းမရ အနေအထား ဆိုက်သွားမည့် အရေး ကို ရှောင်ရှား နိုင်ဖို့သာ ဦးစားပေး နေသည်။
မကြာမီက ဧရာဝတီ သတင်းဌာနကြီး မှတဆင့် ဆောင်းပါးရှင် David Scot Mathieson သည် မင်းအောင်လှိုင် အုပ်ချုပ်ခံနေရသည့် မြန်မာပြည်သည် "Murder Republic" ဖြစ်လာနေပြီဟု ကမ္ဘာကို လက်တို့ အသိပေးလာခဲ့ပြီ ဖြစ်သည်။
ထိုအပြောကို နောက်ထပ် သက်သေပြလာသည်က HIV ဝေဒနာရှင်များ အတွက် ဖြန့်ဖြူးပေးနေသော အသက်ကယ်ဆေး ART အား ယခင်လို NGO များ မှ တဆင့် မဟုတ်တော့ဘဲ ကျန်းမာရေး ဝန်ကြီး ဌာန မှ တာဝန်ယူ ဖြန့်ဖြူး ပေးတော့မည် ဆိုသော သတင်းပင် ဖြစ်သည်။
မင်းအောင်လှိုင်သည် တိုင်းပြည် ကော စစ်တပ်ပါ ပျက်စီးသွားသည်က အရေးမကြီး စစ်တပ်သည်သာ ၎င်း အာဏာဆုပ်ကိုင် ထားနိုင်ရေး အတွက် လိုအပ်သည့် လက်ကိုင်တုတ် အဖွဲ့အစည်းဟု ခံယူထားပြီး ဖြစ်သည်ကို အကြိမ်ကြိမ် ပြသခဲ့ပြီး ဖြစ်သည်ဟု အမေရိကန်၏ Foreign Policy မဂ္ဂဇင်းက မကြာမီက ပင် ထောက်ပြသွားခဲ့ပြီး ဖြစ်သည်။
သို့သော် မြို့လေး တမြို့ နှစ်မြို့လောက်ကို ပြန်သိမ်း နိုင်ဖို့ အကျအဆုံး တောင်ပုံရာပုံ ဖြင့် မနည်းလုပ်နေရသည့် အဖြစ်ကို ကြည့်ပြီး အရာရှိ အရာခံ အကြပ်တပ်သားများ အဖို့ ရှေ့လျောက် မိမိတို့ ရပ်တည်ရာ ရပ်တည်ကြောင်းကို အလေးအနက် စဉ်းစားဖို့ လိုလာပြီ ဖြစ်သည်။
ထိုသို့သော လူမျိုး အတွက် ရှေ့လျောက် လစာ လေး တပဲတပြားဖြင့် အသက်စွန့် ရဖို့ တန်မှ တန်ပါ၏ လော။
အမျိုးသားရေး အစွန်းရောက် သံဃာ ဝီရသူ ပင် စစ်တိုင်းမှုး များ အနေဖြင့် ရှေ့လျောက် မိမိတို့ ငယ်သားများ အသက်အသေခံ၊ ဘဝ အပျက်ခံ ပြီး ခုခံ ကာကွယ် မနေကြပဲ ဗိုလ်ချုပ် မှုးကြီး မင်းအောင်လှိုင် ကောင်းမှု အလံထောင်၍ မြို့ရွာ များကို ရေစက်ချ လှုဒန်းကြဖို့ အကြံပေး ခဲ့ဖူးသည် မဟုတ်ပါလား။
ပြည်သူတို့၏ တွန်းလှန်စစ် မုချအောင်ရမည်!!!