စစ်အုပ်စု သည် တိုင်းပြည်ဘဏ္ဍာ ဒေါ်လာ သုံးသန်း ရင်း၍ ကမ္ဘာကြီးကို လိမ်ညာရန် ကြံစည်လိုက်ခြင်းပင် ဖြစ်သည်။
၂၀၂၁ တွင်လည်း အလားတူ လိမ်ညာရန် အစ္စရေး နိုင်ငံသား ပိုင် ကနေဒါ ကုမ္ပဏီ ကို ငှားရမ်းခဲ့ဖူးသော်လည်း အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ မှု ကြောင့် ငွေအပေးအယူ လုပ်၍ မရသဖြင့် လုပ်ငန်းရပ်ဆိုင်းသွားခဲ့သည်။
ယခုလည်း အမေရိကန် တွင် အစိုးရ အပြောင်းအလဲ ဖြစ်လာ၍ နောက်တကြိမ် ကြံစည်လာခြင်း ဖြစ်သည်။ ဇူလိုင် ၃၁ ရက်နေ့တွင် DCI နှင့် လက်မှတ်ထိုးပြီး အမေရိကန် ပြည်ပ အေးဂျင့် မှတ်ပုံတင် အက်ဥပဒေ FARA အရ တင်သွင်းသော သဘောတူညီချက်တွင် စစ်အုပ်စု သည် အာဏာလွှဲပြောင်းထားပြီ ဖြစ်သော အရပ်သား အစိုးရဟု စတင် လိမ်ညာ၍ ကြေညာလိုက်သည်။
မင်းအောင်လှိုင် ကိုယ်တိုင် ယူနီဖောင်း ဝတ်ကြီး နှင့် အရပ်သား ယာယီ သမ္မတ တက်လုပ်နေခြင်း ဖြစ်သည်။
နောက်ထပ် လိမ်လည်မှု တခုကား FARA တင်သွင်းလွှာ တွင် စစ်အုပ်စုဖက်မှ တာဝန်ခံ ပြန်ကြားရေး ဝန်ကြီး ဌာန အား ပိတ်ဆို့ ဒဏ်ခတ်ခံထားရခြင်း မရှိဟု ဖေါ်ပြထားသည်။ အစိုးရ တဖွဲ့လုံး ပိတ်ဆို့ ဒဏ်ခတ် ခံထားရချိန်တွင် လိမ်လည် ဖေါ်ပြလာခြင်းလည်း ဖြစ်သည်။ ပြန်ကြားရေး ဝန်ကြီး မောင်မောင်အုန်း ကိုယ်တိုင် ဒဏ်ခတ်ခံရသည့် စာရင်းတွင် ထိပ်ဆုံး မှ ပါဝင်နေသူ ဖြစ်သည်။
DCI သည်လည်း ၎င်းတို့ကဲ့သို့ပင် ရာဇဝတ်မှု မကင်းသော လုပ်ရပ်များ ကြောင့် ၂၀၂၄ နိုဝင်ဘာလ မှစ၍ FBI ၏ စုံစမ်း စစ်ဆေး ခံနေရသည့် ကုမ္ပဏီလည်း ဖြစ်သည်။
DCI သည် ကြေးစား ဟက်ကာ များ ငှား၍ ၎င်းတို့ အကျိုးဆောင် ပေးနေသော Exxon Mobil ရေနံ ကုမ္ပဏီ ကြီးအား ဝေဖန် ပြစ်တင်နေသူ ရာပေါင်းများစွာ၏ အတွင်းရေး ကို ပေါက်ကြားအောင် လုပ်ခဲ့သည်ဟု စွပ်စွဲခံထားရခြင်း ကြောင့် ဖြစ်သည်။
မင်းအောင်လှိုင်မှ ထရမ့် သည် ခန့်မှန်းရ ခက်သူ ဖြစ်၍ ပြေလည်ရန် စိတ်အား ထက်သန်နေသဖြင့် DCI ၏ အမှုဆောင် ပါတနာ ဂျပ်စတင် ပီတာဆန်သည် ယခင် ထရမ့် သက်တမ်း အတွင်း ထရမ့် လက်အောက် တွင် အမှုထမ်းခဲ့ဖူးသည် ဆိုသော အချက် တချက် တည်းဖြင့် ငှားရမ်းလိုက်ခြင်းလည်း ဖြစ်သည်။
ယခင် ဗိုလ်ခင်ညွန့်ကလည်း ငှားရမ်းခဲ့ဖူးပြီး သမ္မတလောင်း ဂျွန် မက်ကိန်း၏ လက်ထောက် နှစ်ဦးသည် ယခင် မြန်မာ စစ်အစိုးရ နှင့် ပတ်သက်ဆက်နွယ်ခဲ့မှု ဖြင့် အလုပ်မှ နှုတ်ထွက်သွားခဲ့ရဖူးသည်။
DCI အဖို့က ၎င်းတို့၏ ပုံရိပ်ကို တိုက်ချွတ် ဆေးကြောပေးရမည်၊ ဂျပိုးကို လိပ်ဖြစ်အောင် ပြောရမည်၊ ဆင်သေကို ဆိတ်သားရေ ဖြင့် ဖုံးပေးရမည် မဖြစ်နိုင်လှသော တာဝန်ကြီးကို ဝတ်ကျေ တန်းကျေ ထမ်းရွက်ရတော့မည် ဖြစ်သည်။ ၎င်းတို့ အပေါ် လူဆယ်ယောက် က ထောက်ခံလာလည်း တာဝန် ကျေပြီ ဖြစ်သည်။
သို့သော် ၁၉၉၆ တွင် စတင် ဖွဲ့စည်းပြီး ယခုအခါ ဝန်ထမ်း တရာ နီးပါး ရှိနေသော် DCI ကို တော့ အထင်သေး၍ မရ၊ ၎င်းတို့သည် X နှင့် ဖေ့စ်ဘုတ်များ ကို ကျွမ်းကျင်စွာ အသုံးချပြီး လူထု စိတ်ကို ဝေဝါး စေမည့် ကမ်ပိန်း မျိုး ဆင်နွဲလေ့ရှိသူများ ဖြစ်သည်။
FARA မှတ်တမ်းတင်ချက်အရ DCI Group သည် "မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေး တိုးတက်စေရန်အတွက် ကုန်သွယ်ရေး၊ သဘာဝသယံဇာတနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အဓိကထား၍ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးမည် ဖြစ်သည်။"
ယင်း နှင့် ပတ်သက်၍ DVB မှ ဆောင်းပါးရှင် ဂျိမ်းရွှေက ယခုလို ရှင်းလင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုသွားခဲ့သည်။
ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပြီး၊ တိုင်းပြည်၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အခြားသယံဇာတများမှ အကျိုးအမြတ် ရရှိစေရန် ခွင့်ပြုခြင်း။
၎င်းတို့၏ တရားမဝင်အာဏာသိမ်းမှုကို တရားဝင်အာဏာလွှဲပြောင်းမှုအဖြစ် သဘောထားပြီး ဆက်ဆံရေးကို ပုံမှန်ဖြစ်စေခြင်း။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့်ပတ်သက်၍၊ အကြပ်အတည်း ကို ဖန်တီးသူ အဖြစ် မဟုတ်ဘဲ ကယ်တင်ရှင်အဖြစ် ပုံဖော်ပေးမည့် ဇာတ်ကြောင်းကို ထုတ်လွှင့် ပေးရခြင်း တို့ ဖြစ်သည်။
ထိုကဲ့သို့ အလိမ်အညာများ ဖြင့် နိုင်ငံတကာသို့ ထိုးဖောက်ရန် ကြိုးစားလာချိန်တွင် ပြည်သူ တရပ်လုံးက NUG နောက်တွင် ပို၍ ပင် ရပ်တည် ပေးရမည် ဖြစ်သည်ဟု ဆောင်းပါးရှင်က တိုက်တွန်းထားသည်။
တရားဝင် အသိအမှတ်ပြု ခံရမှု၊ ပြည်သူများ၏ ထောက်ခံမှု ရရှိလာဖို့ကို ကုမ္ပဏီ တခု ငှား၍ လုပ်ရန် ကြံမိကြံရာ ကြံစည်နေကြခြင်းသာ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!